၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလနှင့် အခြားပါတီမှဝင်ရောက်ယှဉ်ပြိုင်သူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း NLD ပါတီ ကြေညာ

၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလနှင့် အခြားပါတီမှဝင်ရောက်ယှဉ်ပြိုင်သူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း NLD ပါတီ ကြေညာ
 နေပြည်တော် MICC-2 တွင် သြဂုတ် ၂၃ ရက်က NLD ပါတီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပစဉ်
နေပြည်တော် MICC-2 တွင် သြဂုတ် ၂၃ ရက်က NLD ပါတီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပစဉ်
Published 26 August 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလနှင့် အခြားပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီဝင်များကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

သြဂုတ် ၂၆ ရက်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းသို့ ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လူက ကျွန်တော်တို့ပါတီကို Against (ဆန့်ကျင်) ပြန်လုပ်တာကို လက်မခံနိုင်ဘူး။ အဲဒီလိုဟာကို လက်မခံဘူးဆိုတာကို ထုတ်ပြန်တဲ့သဘောပါ” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီ အဖွဲ့ဝင်အချို့သည် လာမည့်အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်နှင့် အခြားပါတီတို့၏ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အဖွဲ့ဝင်ဦးရေမည်မျှ ယင်းသို့ ဆောင်ရွက်လျက်ရှိသည်ကို ဦးဉာဏ်ဝင်းက ဖြေကြားခြင်းမရှိပေ။

“ကျွန်တော်တို့ ရက်ပိုင်းအတွင်း အဲဒါကြေညာပေးမယ်။ စာရင်းပြုစုနေလို့။ ခန့်မှန်းအနေအထား ကျွန်တော် မပြောနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းနှင့် ပြည်နယ်တစ်ဝန်းရှိ မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို NLD ပါတီက ဇူလိုင် ၂၃ ရက်တွင် ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့သည့် ကိုယ်စားလှယ်လောင်းများအနက်မှ အချို့ကို မြို့နယ်ပါတီဝင်များနှင့် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ကိုယ်စားလှယ်လောင်း ၁၄ ဦးကို ပါတီဗဟိုက ပြန်လည်လဲလှယ်ခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြန်လည်ပယ်ဖျက်ခံရသည့် ပါတီဝင်များအပါအဝင် မူလကတည်းက ကိုယ်စားလှယ်လောင်းစာရင်းတွင် ရွေးချယ်မခံရသည့် ပါတီဝင်အချို့အနေဖြင့် လာမည့်ရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများရှိနေသည်။

NLD ၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေနှင့် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးလှထွေးတို့သည် ပါတီမှ နုတ်ထွက်ကာ လာမည့်ရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၎င်းတို့မှာ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ဦးစားပေးအဖြစ် ပါဝင်ခဲ့သော်လည်း တိုင်းနှင့် ပြည်နယ်အဆင့် ရွေးချယ်မှုများတွင် ရွေးချယ်မခံရသောကြောင့် ပါတီသို့ နုတ်ထွက်စာတင်ပြီး တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ အချို့သောတစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းများမှာ ပါတီဗဟိုမှ ပြန်လည်လဲလှယ်ခဲ့သည့် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။

NLD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။