ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များက မည်သည့်ဒေသတွင် နေထိုင်စေကာမူ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပါဝင်ကူညီကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များက မည်သည့်ဒေသတွင် နေထိုင်စေကာမူ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပါဝင်ကူညီကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာကော်မတီဝင်လူငယ်များအား Video Conferencing စနစ်ဖြင့် ဆွေးနွေးစဉ်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာကော်မတီဝင်လူငယ်များအား Video Conferencing စနစ်ဖြင့် ဆွေးနွေးစဉ်
Published 25 August 2020

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကူးစက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များက မည်သည့်ဒေသတွင် နေထိုင်စေကာမူ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပါဝင်ကူညီကြရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ လူငယ်ရေးရာ ကော်မတီဝင်လူငယ်များအား အသိပေး ရှင်းလင်းဆွေးနွေးခြင်းကို Video Conferencing စနစ်ဖြင့် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးက လူငယ်များအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံး တညီတညွတ်တည်း မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) ကို ဦးစားပေးကဏ္ဍများ ဖော်ထုတ်ပြီး ဒေသအလိုက် နည်းဗျူဟာလုပ်ငန်းစဉ်များ ဖော်ဆောင်ကာ သစ်လွင်ဆန်းသစ်သော စိတ်ကူးစိတ်သန်း၊ တွေးခေါ်ဖန်တီးမှုများ၊ အပြုသဘောဆောင်သော သုံးသပ်အကြံပြုခြင်း၊ အချင်းချင်း အတွေ့အကြုံအသိအမြင်များ ဖလှယ်ခြင်းများဖြင့်  အားလုံးလက်တွဲ ပူးပေါင်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းကြောင်း၊ လတ်တလောအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး အစိုးရ၏လုပ်ငန်းစဉ်များတွင် လူငယ်များက မည်သည့်ဒေသတွင် နေထိုင်စေကာမူ တစ်ခုတည်းသော ပြည်ထောင်စုစိတ်ဖြင့် ပါဝင်ကူညီကြရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် စေတနာ့ဝန်ထမ်းလူငယ်များ အလှည့်ကျ တစ်လခန့်ကြာလုပ်အားပေး တာဝန်ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း၊ COVID-19 ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့ဒေသအလိုက် ပါဝင်ခဲ့ကြသော စေတနာ့ဝန်ထမ်း လူငယ်များအနေဖြင့် မိမိတို့ဆန္ဒအလျောက် ပါဝင်ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။

ထို့ပြင် မိမိတို့နိုင်ငံသည် မလွဲမသွေ ပြည်ထောင်စုနိုင်ငံဖြစ်ရမည်ဖြစ်ကြောင်း၊ လူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုနိုင်ငံတွင် လူမျိုးတိုင်း၏ မျိုးချစ်စိတ်များကို ညီညွတ်စွာဖြင့် တစ်စုတစ်စည်းဖြစ်သော ပြည်ထောင်စုစိတ်အဖြစ် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြုပြီး လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံဖြင့် စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စုကို နိုင်ငံသားအားလုံး စုပေါင်းပုံဖော်ရန် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ လူငယ်များသည် ၎င်းတာဝန်များကို လက်ဆင့်ကမ်းအမွေယူ၍ မိမိတို့တာဝန်ယူရမည့် ကဏ္ဍအသီးသီးတွင် တာဝန်ကျေနိုင်ကြရန် စွမ်းဆောင်ရည်များကို မြှင့်တင်ထားနိုင်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent