နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေးနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ COVID-19 ကပ်ရောဂါ ကာကွယ်၊ တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆက်လက်ကူညီပံ့ပိုးသွားမည့် အခြေအနေ၊ COVID-19 ကာလအတွင်း နှစ်နိုင်ငံနိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်များ ဆက်လက်ပျံသန်းပြေးဆွဲပေးရေးနှင့် အပြန်အလှန်သွားလာမှုများ တစ်ဆင့်ချင်း ပြန်လည်ဖွင့်လှစ်သွားရေး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ နိုဝင်ဘာအတွင်း ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံမှ အကူအညီပေးအပ်ရေးနှင့် လေ့လာသူအဖွဲ့ စေလွှတ်သွားရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဂျပန်အစိုးရက ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားမည့်ကိစ္စ၊ COVID-19 အလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးချဲ့သွားရေးဆိုင်ရာကိစ္စရပ်များအား ဆွေေးနွးခဲ့ကြောင်း လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့နောက် သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ဂျပနိုင်ငံတို့သည် ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) ၏ ညွှန်ကြားချက်များနှင့်အညီ အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ယခုလအစောပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်မှုနှုန်း များပြားလာသည့်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့က ၀ိုင်းဝန်းဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးအရ ရိုက်ခတ်မှုများစွာရှိခဲ့ပြီး အခြားလိုအပ်ချက်များစွာ ရှိသော်လည်း စား ရေးသည် နေ့စဉ်လိုအပ်ချက်ဖြစ်သည့်အတွက် စားနပ်ရိက္ခာဖူလုံရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် အခြေအနေများ၊ ဂျပန်နိုင်ငံအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကာကွယ်ရေးစိတ်ဓာတ်ကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည့် အခြေအနေများလည်း ဆွေးနွေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးကောက်ပွဲ ကျင်းပနေမှုများကို ဂျပန်နိုင်ငံမှ လေ့လာရေးအဖွဲ့ဖြင့် လာရောက်လေ့လာမည့် အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။















