ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမအကြိမ် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ရာတွင် ရခိုင်တိုင်းရင်းသားဦးရေမှာ နှစ်သောင်းကျော်သာရှိနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်သားလူမျိုး မဲဆန္ဒနယ်တစ်ခုအဖြစ် သတ်မှတ်ရန်ပါ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။
တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ စတင်ကာ ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ဟူ၍ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နှစ်ခု သတ်မှတ်ပေးထားခဲ့ကြောင်း၊ မှတ်တမ်းများအရ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ရခိုင်တိုင်းရင်းသားလူမျိုးမှာ ခုနစ်သောင်းကျော် ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်မူ ရခိုင်တိုင်းရင်းသားလူမျိုးမှာ ၈၇၀၀၀ ကျော်ရှိလာခဲ့ကြောင်း မဲပေးပိုင်ခွင့်ရှိသူမှာ ၆၄၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များပြုစုရန်အတွက် လူဦးရေနှင့် မဲပေးပိုင်ခွင့်ရှိသူစာရင်း ကောက်ခံရာတွင်မူ ရခိုင်တိုင်းရင်းသားဦးရေမှာ ၂၃၆၆၈ ဦးသာ ရှိတော့ကြောင်း လွှတ်တော်တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မှတ်တမ်းများအရ သိရသည်။
“တိုင်းရင်းသားတွေအနေနဲ့ ကရင်တိုင်းရင်းသားတွေအနေနဲ့ ကိုးသိန်းကျော် ၁၀ သိန်းနီးပါး ရှိတယ်။ ရခိုင်တိုင်းရင်းသားက နည်းပါတယ်။ ၂၆၀၀၀ ကျော်ပဲရှိတယ်။ ရခိုင်တိုင်းရင်းသားက နည်းနည်းလေး နည်းသွားတယ်ဗျ။ စာရင်းလုပ်တဲ့အခါမှာ သူတို့က ဗမာတွေပေါ့ဗျာ၊ ရခိုင်ဗမာတွေ ဖြစ်ကုန်တယ်ထင်တယ်။ ကြားတာတော့ အဲဒီလိုပဲ။ ရခိုင်တိုင်းရင်းသားကတော့ ၂၆၀၀၀ ကျော်ရှိတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။
၂၀၀၈ အခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေး၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်းတွင် ပုဒ်မ ၁၆၁ (ခ) တွင် တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီးရရှိပြီး သို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေစုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
တိုင်းရင်းသားမဲဆန္ဒနယ်များ သတ်မှတ်နိုင်ရေးအတွက် မဲစာရင်းများတွင် လူမျိုးစုအမည်များ လွဲမှားနေခြင်းနှင့်ပတ်သက်၍ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသော်ဇင်ဝင်းက “လူဦးရေစာရင်းကတော့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ အဲဒီဆွေးနွေးပွဲက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးပါမယ်။ အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီးတွေဖြစ်ကြတဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ နောက်လဝကတာဝန်ရှိသူတွေ၊ နောက်ပညာရေး တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ကျွန်တော်တို့ ကော်မတီနဲ့တွေ့ဆုံပွဲမှာ ဆွေးနွေးပြီးတော့ ရရှိခဲ့တဲ့စာရင်းစာဇယားပါ။ ဒါပေမဲ့ အဲဒီမှာ ပြောစရာလေးတစ်ခုရှိတာက ရခိုင်တိုင်းရင်းသား အရေအတွက်ပေါ့။ ရခိုင်တိုင်းရင်းသား အရေအတွက်က ကျွန်တော်တို့ ဆွေးနွေးစဉ်အခါက ဒီအစည်းအဝေးမှာ တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ တင်ပြချက်အရက လူဦးရေ ၂၆၀၀၀ လို့ ကျွန်တော်တို့ကို တင်ပြပါတယ်။ တင်ပြပြီးတော့ အစီရင်ခံစာရေးသားမှုအပေါ်မှာတော့ ကွန်ပျူတာစာလုံးလွဲချော်မှုအရ ၂၆၀၀၀၀ ဖြစ်သွားပါတယ်ခင်ဗျ။ ကျွန်တော်တို့ သိရှိရတဲ့ စာရင်းအစဉ်အဆက်အရ ၂၀၁၀ ရွေးကောက်ပွဲမှာရရှိခဲ့တဲ့ စာရင်းအရ ခုနစ်သောင်းကျော်လို့ သိရှိထားတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှစ်သောင်းခွဲဝန်းကျင်ဆိုတာကို စာရင်းဇယားရရှိထားပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲပေးမယ့်အရေအတွက်ဟာ ၂၆၀၀၀ နှုန်းလောက်ပဲ ပြသထားတာကို ကျွန်တော်တို့ အံ့သြဖွယ်ရာ တွေ့ရှိထားရတာ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဒီအစီရင်ခံစာဟာ ကျွန်တော်တို့ လွှတ်တော်ရဲ့ အလုပ်နိုင်ဆုံးသော လုပ်ပိုင်ခွင့်ပေါ့နော်။ ဒါနဲ့ အစိုးရကို တိုက်တွန်းခဲ့တဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ လူဦးရေလွဲချော်မှုပဲဖြစ်တယ် ပြောပါစို့။ ဒီလွဲချော်မှုကို ပြန်လည်ပြီးတော့ နောက်တစ်ကြိမ် ထုတ်ပြန်လာမယ့် ရွေးကောက်ပွဲမဲစာရင်းမှာ တိတိကျကျနဲ့ မှန်မှန်ကန်ကန် ထုတ်ပြန်လာနိုင်ဖို့ကိုလည်း အများကြီးမျှော်လင့်တယ်။ အစဉ်ဆက်မပြတ် ရွေးကောက်ပွဲကော်မရှင်ကိုရော သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေကိုရော ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်လျက်တော့ ရှိပါတယ်။ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်အတွက် NGO တွေ ရွေးကောက်ပွဲ စောင့်ကြည့်ရေးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လိုတဲ့ NGO တွေ နောက်တစ်ခုက တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီက မြို့ခံအဖွဲ့တွေကိုလည်း ဒီမှာပိုပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်လာဖို့အတွက် ကျွန်တော်တို့ လှုံ့ဆော်တိုက်တွန်းလျက်ရှိပါတယ်” ဟု ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များအတွက် ကရင်တိုင်းရင်းသား မဲရုံ ၃၄၆၂ ရုံ၊ ရခိုင်တိုင်းရင်းသား မဲရုံ ၆၄၆ရုံ သတ်မှတ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီက လွှတ်တော်သို့တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။















