ယူရိုပါလိဂ်ဖလားကို (၆)ကြိမ်မြောက် ရယူခဲ့တဲ့ ဆီဗီလာ

ယူရိုပါလိဂ်ဖလားကို (၆)ကြိမ်မြောက် ရယူခဲ့တဲ့ ဆီဗီလာ
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 22 August 2020

■ ဆီဗီလာ ၃-၂ အင်တာမီလန်

ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့မှာ ကစားခဲ့တဲ့ ဆီဗီလာနဲ့ အင်တာမီလန်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ဆီဗီလာအသင်း (၃-၂)ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ဖလားကို (၆)ကြိမ်မြောက် စံချိန်တင် ရယူနိုင်ခဲ့ပါတယ်။ 

အင်တာမီလန်အသင်းဟာ ရှက်တာဒိုးနက်က အနိုင်ရတဲ့ပွဲက လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး ဆီဗီလာကတာ့ မန်ယူကို အနိုင်ရတဲ့ လူစာရင်းမှာ တိုက်စစ်မှူး အန်နက်ဆီရီအစား လုခ်ဒီယွန်းကို ပွဲထုတ်ခဲ့တာကလွဲလို့ ပြောင်းလဲခြင်းမရှိပါဘူး။ 

နှစ်သင်းစလုံးဟာ ပွဲစကတည်းက ဖွင့်ကစားခဲ့ကြပြီး ဆီဗီလာအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့သလို၊ ဂိုးသွင်းခွင့်တွေလည်း အင်တာမီလန်ထက် ပိုရခဲ့တာပါ။ 

ဒါပေမဲ့ ပွဲအစ (၅)မိနစ်မှာ အင်တာတိုက်စစ်မှူး လူကာကူကို ဆီဗီလာနောက်ခံလူ ဒီယေဂိုကားလို့စ် ဂိုးဧရိယာထဲမှာ ဆွဲလှဲခဲ့လို့ အင်တာတို့ ပယ်နယ်တီ ရခဲ့ပါတယ်။ ဒီပယ်နယ်တီကို လူကာကူက အမှားအယွင်းမရှိ ကန်သွင်းပြီး အင်တာအတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ 

ဒီဂိုးဟာ လူကာကူအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၃၄)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ရော်နယ်လ်ဒို(ဘရာဇီးလ်)ရဲ့ အင်တာမီလန်အသင်းအတွက် တစ်ရာသီသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီခဲ့သလို၊ ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်တွေမှာ (၆)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ အင်တာရဲ့ ဦးဆောင်ဂိုးဟာ (၇)မိနစ်ပဲ ခံပြီး ပွဲချိန် (၁၂) မိနစ်မှာ နာဗက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ လုခ်ဒီယွန်းက ဒိုင်ဗင်ထိုးခေါင်းတိုက်ပြီး ဆီဗီလာအတွက် ချေပဂိုး လှလှပပသွင်းယူပေးခဲ့တာပါ။ 

ချေပဂိုးရပြီးနောက် ဆီဗီလာဟာ အင်တာမီလန်ကို ပိုဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် (၃၃)မိနစ်မှာ ဘာနီဂါရဲ့ ပေးပို့မှုကနေ လုခ်ဒီယွန်းကပဲ ခေါင်းတိုက်ပြီး ဆီဗီလာအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ဆီဗီလာရဲ့ ဦးဆောင်ဂိုးဟာ (၂)မိနစ်သာ ခံပြီး ပွဲချိန် (၃၅)မိနစ်မှာ အင်တာနောက်ခံလူ ဂိုဒင်က ဘရိုဇိုဗစ်ရဲ့ ပေးပို့မှုကနေ ခေါင်းတိုက်ကာ အင်တာအတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။ 

ပထမပိုင်းပြီးခါနီးမှာ အိုကမ်ပို့စ်ရဲ့ ခေါင်းတိုက်ချက် ဂိုးပေါက်တည့်ခဲ့ပေမယ့် ဟန်ဒါနိုဗစ်ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာတော့ (၂-၂)ဂိုး ဖြစ်နေခဲ့တာပါ။ 

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးအပြန်အလှန်ကစားခဲ့ကြပေမယ့် ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ကြပါတယ်။ 

အင်တာမီလန်တိုက်စစ်မှူး လူကာကူ ဂိုးရနိုင်တဲ့အခွင့်အရေး ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။ 

Set-piece တွေ၊ ဖြတ်တင်ဘောတွေကနေ ဂိုးတွေရခဲ့တဲ့ ဆီဗီလာဟာ (၇၄)မိနစ်မှာလည်း Set-piece ကနေ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီယေဂိုကားလို့စ်ရဲ့ Over Head Kick ကို လူကာကူ တားဆီးဖို့ကြိုးစားရာမှာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ 

ပွဲချိန် (၇၈)မိနစ်မှာတော့ ကွန်တီဟာ မိုးဆက်၊ ဆန်းချက်ဇ်၊ အဲရစ်ဆင်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက်မှာ အင်တာတိုက်စစ် ပိုအလုပ်ဖြစ်လာခဲ့ပြီး ဆန်းချက်ဇ်ရဲ့ ဂိုးကန်သွင်းမှုတစ်ကြိမ်ကို ခွန်ဒဲလ် ဂိုးစည်းနားကနေ ရှင်းထုတ်ခဲ့ရပါတယ်။ 

ကျန်ပွဲချိန်တွေ အင်တာမီလန်တို့ ချေပဂိုးရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဆီဗီလာနောက်တန်းနဲ့ ဂိုးသမားကို မကျော်နိုင်ဘဲ ပွဲအပြီးမှာ ဆီဗီလာအသင်းကို (၂-၃)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ 

ဆီဗီလာကတော့ ယူရိုပါလိဂ်(ယခင် UEFA Cup)ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်တိုင်း အနိုင်ရတဲ့ စံချိန်ကို ရာနှုန်းပြည့်ဆက်ထိန်းခဲ့ပြီး ယူရိုပါလိဂ်ဖလားကို (၆)ကြိမ်မြောက် ရယူသွားခဲ့ပါတယ်။ 

Most Read

Most Recent