House of Orchid ပိုင်ရှင် ဦးဌေးအောင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးခံရ

House of Orchid ပိုင်ရှင် ဦးဌေးအောင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးခံရ
သြဂုတ် ၁၅ ရက်က ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ၎င်း၏ ကန့်ကွက်လွှာကို ပယ်ချခဲ့သည့်အပေါ်ရှင်းလင်းနေသည့် ဦးဌေးအောင်အား တွေ့ရစဉ်
သြဂုတ် ၁၅ ရက်က ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ၎င်း၏ ကန့်ကွက်လွှာကို ပယ်ချခဲ့သည့်အပေါ်ရှင်းလင်းနေသည့် ဦးဌေးအောင်အား တွေ့ရစဉ်
Published 21 August 2020
စည်သူ

ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း House of Orchid ပိုင်ရှင် (ယခင် Orchid ဟိုတယ်) ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ယနေ့ (သြဂုတ် ၂၁ ရက်) ညနေပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က တရားလိုပြုလုပ်၍ အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရာဇာသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဟုတ်ပါတယ် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နဲ့ပါ။ ကျွန်တော်ကတော့ ဦးတိုက်လျှောက်ခဲ့ပြီး ကျန်တာတော့ ဝရမ်းနဲ့ ဘာနဲ့ကတော့ တရားရုံးနဲ့ ရဲတပ်ဖွဲ့အပိုင်းဖြစ်သွားပြီ။  လျှောက်တာကတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာပါ။ ဒီနေ့ပဲလျှောက်လိုက်တာ” ဟု  ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က ပြောကြားသည်။

တရားရုံးသို့ ဦးတိုက်လျှောက်ပြီး တရားစွဲဆိုရခြင်းသည် Facebook ပေါ်တွင် Live လွှင့်၍ ပြောဆိုချက်များကြောင့်ဖြစ်ကြောင်း ၎င်းကပြောကြားသည်

ဦးဌေးအောင်အား သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ခေါ်ဆောင်သွားပြီးနောက် ညနေ ၆ နာရီခန့်တွင် ဦးဌေးအောင်ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဖုန်းကိုင်ဆောင်ခဲ့သော်လည်း ပြန်ဆက်သွယ်ပေးမည်ဟုသာပြောကြားပြီး ဖုန်းချသွားသည်။

ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများကို ဦးဌေးအောင်က ၎င်း၏ House of Orchid  (ယခင် Orchid ဟိုတယ်) တွင် သြဂုတ် ၈ ရက်က တွေ့ဆုံကာ နိုင်ငံတကာ အထောက်အပံ့ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည့်အပြင် အဆိုပါရှင်းလင်းမှုကိုလည်း ၎င်း၏ Facebook Page မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ နာမည်ကျော် အမေရိကန်သူဌေး ဂျော့ဆိုးရောစ့်နှင့် ပြည်ပအဖွဲ့အစည်းအချို့ထံမှ ငွေကြေးအပါအဝင် အခြားအထောက်အပံ့များ ရယူထားသည့်သဘော ပြောဆိုချက်များအပါအဝင် အစိုးရနှင့်သက်ဆိုင်သည့် ကိစ္စရပ်ကိုလည်း ဦးဌေးအောင်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဦးဌေးအောင်က ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် NLD ပါတီဥက္က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) ကို NLD ပါတီက ပြည်ပအထောက်အပံ့ယူသည်ဟုဆိုကာ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခဲ့ပြီး ၎င်း၏ကန့်ကွက်မှုသည် အချက်အလက်မခိုင်လုံဟုဆိုကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သြဂုတ် ၁၅ ရက်တွင် ကန့်ကွက်လွှာကို ပယ်ချခဲ့သည်။

ပြည်ပအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် အထောက်အပံ့အကူအညီများရယူကြောင်း NLD ပါတီအပေါ် House of Orchid ဦးဌေးအောင်၏ စွပ်စွဲချက်များအား ဥပဒေကြောင်းအရ စိစစ်သုံးသပ်လျက်ရှိသည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က သြဂုတ် ၁၀ ရက်တွင် ပြောကြားသည်။

ရာဇာသတ်ကြီး ပုဒ်မ ၁၂၄(က)တွင်  မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို အမုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန်အားထုတ်လျှင် ထိုသူကိုငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းအောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

Most Read

Most Recent