ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပြီဖြစ်ပြီး သြဂုတ် ၂၂ ရက်တွင် တံတားခံနိုင်ဝန်အား စမ်းသပ်မည်

ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပြီဖြစ်ပြီး သြဂုတ် ၂၂ ရက်တွင် တံတားခံနိုင်ဝန်အား စမ်းသပ်မည်
Published 19 August 2020
မင်းသူဝင်းထွဋ်

အသစ်တည်ဆောက်နေသည့် ပုသိမ်တံတား အမှတ် (၂) မှာ တည်ဆောက်ရေး လုပ်ငန်းများ အားလုံးပြီးစီးသွားပြီ ဖြစ်သဖြင့် သြဂုတ်၂၂ ရက်တွင် တံတားခံနိုင်ဝန်အားကို စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပုသိမ်တံတား အမှတ်(၂)မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် စတင်တည်ဆောက်ခဲ့ကာ၊ သံမဏိသံပေါင်ခုံး တံတားဖြစ်ပြီး တန်ဖိုးမှာ ၂၈ ဒသမ ၅ ဘီလျံအထိ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တံတားပေ အရှည်မှာ ပေ ၂၃၈၀ ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိကာ လူသွားလမ်း တစ်ဖက်ငါးပေ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“အများသိတဲ့အတိုင်းပဲ တံတားအနေနဲ့ကတော့ အားလုံးက ပြီးစီးခဲ့ပြီ။ လမ်းဦးစီးဌာန အနေနဲ့လည်း တံတားအပေါ်မှာ AC လောင်းတဲ့ လုပ်ငန်းတွေလည်း ပြီးစီးခဲ့ပြီ။ လုပ်ငန်းစုံသွားပြီဖြစ်တဲ့ အတွက်ကြောင့်မို့ တံတားကြီးရဲ့ Loading Test ပေါ့ ခံနိုင်တဲ့အားကို စမ်းသပ်ဖို့အတွက် Load Test သြဂုတ်၂၂ ရက်မှာ လုပ်ဖို့ ဆောင်ရွက်ထားပါတယ်၊ တံတားကြီးရဲ့ Loading Test ကိုစမ်းတဲ့အခါမှာ ကျွန်တော်တို့က သုံးမျိုးစမ်းပါမယ်၊ တံတားရဲ့ ခံနိုင်ဝန်စမ်းမယ် နောက်ပြီးတော့ တံတားကြိုးတွေရဲ့ ခံနိုင်ရည်ကို စမ်းမယ်၊ ပြီးတော့ ကျွန်တော်တို့ သံပေါင်အား ကြိုးတွေရဲ့ တင်အားကို စမ်းမယ်၊ ချိတ်ဆက်ထားတဲ့ ခံနိုင်ရည်စွမ်းရည်တွေကို စမ်းမယ် သုံးမျိုးစမ်းမှာပါ၊ တံတားကြီးရဲ့ ခံနိုင်ရည်အားကို စမ်းတဲ့အခါမှာ ကျွန်တော်တို့က စုစုပေါင်း ၁၀ ဘီးကား ၂၀ တန်ရှိတဲ့ ၁၀ ဘီးကား ၁၂ စီးနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ Load Test ကိုဆောင်ရွက်တဲ့အခါမှာ ၉၅ မီတာခန့်နဲ့ မီတာ ၁၄၀ ခန့်ကို ဆောင်ရွက်မှာပါ၊ ၉၅ မီတာခန့်မှာ ဆိုရင်တော့ ၂၀ တန်ကား ခုနစ်စီးနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီးတော့ မီတာ ၁၄၀ မှာတော့ ၂၀ တန်ကား ၁၂ စီးနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တံတားကြီးအနေနဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးပြီလို့ ကျွန်တော်တို့ ပြောထားပါတယ်။ တကယ်တော့ ၁၀၀ ရာနှုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဒီ Load Test ကို ဆောင်ရွက်ပြီးတဲ့ အခါမှာတော့ ၁၀၀ ရာနှုန်းလို့ ပြောချင်လို့ ၉၉ ဒသမ ၅ ရာခိုင်နှုန်းလို့ ပြောထားတာပါ၊ Load Test ပြီးသွားရင်တော့ ၁၀၀ ရာနှုန်းပါပဲရှင့်၊ တံတားကြီး Load Test ကို စမ်းပြီးသွားတာနဲ့ပေါ့နော်။ ဘယ်လိုပေးဖြတ်မယ် ဘယ်လိုသတ်မှတ်မယ် ဆိုတာကတော့ ကျွန်တော့်ရဲ့ ဆရာတွေက ကျွန်တော်တို့ကို ညွှန်ကြားပါလိမ့်မယ်” ဟု တံတား အထူးအဖွဲ့ ၁၆ မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သစ်သစ်အောင်က ပြောကြားသည်။

ပုသိမ်တံတား အမှတ် (၂) တည်ဆောက် ပြီးစီးပါက ပုသိမ်မြို့ ကမ်းနားလမ်းရှိ လမ်းပိုင်းအချို့အား ယာဉ်ကြောစနစ်များကို ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent