၂၁ ရာစုပင်လုံညီလာခံသည် အားလုံးအတွက် အရေးကြီးသောညီလာခံဖြစ်ပြီး ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် NCA-S EAO က အစွမ်းကုန် ကြိုးစားပူးပေါင်းဆောင်ရွက်မည်ဟု PPST ဥက္ကဋ္ဌ ပြောကြား

၂၁ ရာစုပင်လုံညီလာခံသည် အားလုံးအတွက် အရေးကြီးသောညီလာခံဖြစ်ပြီး ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် NCA-S EAO က အစွမ်းကုန် ကြိုးစားပူးပေါင်းဆောင်ရွက်မည်ဟု PPST ဥက္ကဋ္ဌ ပြောကြား
နေပြည်တော်တွင် သြဂုတ် ၁၈ ရက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပစဉ်
နေပြည်တော်တွင် သြဂုတ် ၁၈ ရက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပစဉ်
Published 18 August 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးသည် အားလုံးအတွက် အရေးကြီးသော ညီလာခံဖြစ်ပြီး အဆိုပါ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် NCA-S EAO အနေဖြင့် အစွမ်းကုန် ကြိုးစားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-S EAO) ၁၀ ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို နေပြည်တော်တွင် သြဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားရာ၌ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“ လာမယ့် စတုတ္ထအကြိမ်မြောက် ညီလာခံဟာ အားလုံးအတွက် အရေးကြီးတဲ့ညီလာခံဖြစ်လို့ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ဖို့ မိမိတို့ NCA-S EAO တွေအနေနဲ့ အစွမ်းကုန် ကြိုးပမ်းပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ခမ်းနားစွာ ကျင်းပတော့မည်ဖြစ်သည့်အတွက် ညီလာခံ ကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ယခု PPST အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအလွန်တွင် ဆောင်ရွက်ရန်ရှိသော ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်နှင့် မပြီးပြတ်သေးသော စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးအစည်းအဝေး ဒုတိယပိုင်း ဆက်လက်ကျင်းပရေးဆိုင်ရာ ကိစ္စများကို ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအတွက် လိုအပ်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ရရှိနိုင်ရန် ရှစ်လနီးပါးကြာအောင် ညှိနှိုင်းဆွေးနွေးခဲ့ကြသော NCA-S EAO ညှိနှိုင်းရေးအဖွဲ့ကို အထူးကျေးဇူးတင်ရှိကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါညီလာခံသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်မည်ဖြစ်သည်။

 

Most Read

Most Recent