ကုမ္ပဏီများ၏ မတည်ငွေရင်း၊ အစုရှယ်ယာထည့်ဝင်ခြင်း၊ မတည်ငွေရင်း တိုးမြှင့်ခြင်းတို့အတွက် ထည့်ဝင်ငွေအပေါ် ဝင်ငွေရလမ်း စိစစ်မည်ဖြစ်ပြီး ဝင်ငွေရလမ်း မတင်ပြနိုင်ပါက အခွန်ကောက်ခံမည်

ကုမ္ပဏီများ၏ မတည်ငွေရင်း၊ အစုရှယ်ယာထည့်ဝင်ခြင်း၊ မတည်ငွေရင်း တိုးမြှင့်ခြင်းတို့အတွက် ထည့်ဝင်ငွေအပေါ် ဝင်ငွေရလမ်း စိစစ်မည်ဖြစ်ပြီး ဝင်ငွေရလမ်း မတင်ပြနိုင်ပါက အခွန်ကောက်ခံမည်
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံး အဆောက်အအုံကို တွေ့ရစဉ်
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံး အဆောက်အအုံကို တွေ့ရစဉ်
Published 17 August 2020
စည်သူအောင်

ကုမ္ပဏီများတွင် အစုရှယ်ယာ ထည့်ဝင်ခြင်းအတွက် အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်း စိစစ်မည်ဖြစ်ပြီး ဝင်ငွေရလမ်း မတင်ပြနိုင်ပါက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်ကောက်ခံမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝ ကောက်ခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရာ၌ အခွန်ထမ်း ပြည်သူများမှ လိုလားစွာဖြင့် အခွန်ပေးဆောင်လာစေရေးအတွက် အခွန်ထမ်းပြည်သူများ၏ အခက်အခဲများအား အလေးထား  ဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကုမ္ပဏီများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစုရှယ်ယာ ထည့်ဝင်သူများ၏ အစုရှယ်ယာထည့် ဝင်ငွေများအပေါ် ဝင်ငွေရလမ်းစိစစ်သည့်လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကုမ္ပဏီများတွင် အစုရှယ်ယာထည့်ဝင်ခြင်းအတွက် အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်း တင်ပြသည့် ကိစ္စရပ်များအား စိစစ်ခြင်း/အခွန်စည်းကြပ်ခြင်းဆိုင်ရာ စီမံချက်အဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

စီမံချက်ကာလအဖြစ် ၂၀၂၀ ပြည့်နှစ် သြဂုတ်၁၇ ရက်မှ စက်တင်ဘာ ၃၀ ရက်အ ထိ သတ်မှတ်ထားပြီး စီမံချက်ရုံးခန်းကို အ မှတ် (၁၆၃/၂၆၇)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် သည်။

စီမံချက်အဖွဲ့အနေဖြင့် ဝင်ငွေရလမ်း တင်ပြသည့်ကိစ္စရပ်များအား စိစစ်ခြင်း/အ ခွန်စည်းကြပ်ခြင်းတို့ကို သတ်မှတ်ရက်များ အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါ သတ်မှတ်ရက်များမှာ အခွန်ထမ်းက ဝင်ငွေ ရလမ်းတင်ပြသည့်ကိစ္စများအတွက် လိုအပ် သော စာရွက်စာတမ်း၊ အထောက်အထား ပြည့်စုံပါက အလုပ်လုပ်ရက် ငါးရက်အတွင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) အရ သတ်မှတ် ခွင့်ပြုထားသော အခွန်နှုန်းဖြင့် စည်းကြပ်မှု ဆောင်ရွက်သည့် ကိစ္စများအတွက် လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထား ပြည့်စုံပါက ရုံးချိန်အတွင်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ အဓိကက ကုမ္ပဏီရှယ်ယာတွေ ကိစ္စပေါ့။ တချို့က ကုမ္ပဏီမတည်ငွေရင်း တိုးချင်ကြတယ်၊ အဲဒီတိုးတဲ့အခါမှာ မြို့နယ်ရုံးတွေကို ပတ်ပြီး သွားစရာမလိုဘဲ တစ်နေရာထဲမှာ One Stop နဲ့၊ ဥပမာ ကျွန်တော်က A ကုမ္ပဏီပေါ့။ အဲဒီမှာ ကျွန်တော်ရဲ့ မတည်ငွေကို ဒါမှမဟုတ် ရှယ်ယာကို ကျပ်သိန်း ၁၀၀၀ တိုးချင်တယ်၊ ဝင်ငွေရလမ်းလည်း မရှိဘူးဆိုရင် ကျပ်သိန်း ၃၀ အခွန်ဆောင်လိုက်ရင် ပြီးသွား ပြီ။ ကျပ်သိန်း ၂၀၀၀ ထည့်ချင်တယ်ဆို ပထမ ကျပ်သိန်း ၁၀၀၀ ကို ကျပ်သိန်း ၃၀၊ နောက်ကျပ်သိန်း ၁၀၀၀ ကို ကျပ်သိန်း ၅၀ ထည့်လိုက်၊ ဒါဆိုပြီးပြီ။ ဒါမှမဟုတ် ကျွန်တော်က ဝင်ငွေရလမ်း ရှိတယ်၊ ဘယ်ကုမ္ပဏီက အခွန်ဆောင်ပြီး ငွေဘယ်လောက် ရထားတယ်ဆိုပြီး ပြောလိုက်တာနဲ့ အခွန်ရုံးက စစ်လိုက်တာနဲ့ တစ်နေရာထဲ ပြီးသွားပြီပေါ့။ အရင်က ဟိုဘက်ရုံး၊ ဒီဘက်ရုံး အဲဒီလိုတွေ လျှောက်သွားရတာကို တစ်နေရာထဲ လုပ်ပေးလိုက်တာပါ။ ကားကကျပ်၊ အချိန်ကကုန်၊ အလုပ်ကရှုပ်လို့ မြန်သွားအောင် One Stop Service ပေးတာပါ။ ဟိုအရင်ကတည်းက ကုမ္ပဏီထောင်ခဲ့ပြီး အခုအချိန်အထိ ဝင်ငွေစိစစ်မှု မခံရသေးတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ အဲဒီကုမ္ပဏီတွေလည်း လာပြီး စိစစ်မှုခံယူရပါမယ်။ တချို့က အရင်ကတည်းက ဝင်ငွေရလမ်း စိစစ်ခံပြီး ကုမ္ပဏီထောင်ထားတာ၊ ထည့်ဝင်မတည်ငွေရင်း တိုးတာလည်း သူ့ဟာသူ တိုးထားတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဝင်ငွေရလမ်း မစိစစ်ရသေးရင် သူလည်း စိစစ်မှုခံယူရပါမယ်။ ကုမ္ပဏီမတည်ငွေရင်းရော၊ ထပ်တိုးမတည်ငွေရော အကုန်အကျုံးဝင်ပါတယ်၊ စိစစ်မှုမခံယူရ သေးရင် လာပြီး စိစစ်ရပါမယ်။ ပုဂ္ဂလိကကုမ္ပ ဏီတွေရော၊ အများပိုင်ကုမ္ပဏီတွေပါ အကျုံးဝင်ပါတယ်။ အများပိုင်ကုမ္ပဏီ ရှယ်ယာဝယ်တဲ့သူတွေလည်း ဝင်ငွေရလမ်းစိစစ်မှု ခံယူရပါမယ်။ အဓိက ကတော့ ဒီ One Stop Service လုပ်တာ မြန်အောင်လုပ်ပေးတာပါ။ အချိန် စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်တာကလည်း အခုအခွန်လျှော့ချထားချိန်က အဲဒီအချိန်အထိပဲ။ အခွန်နှုန်းပြောင်းရင် ပြောင်းတဲ့အတိုင်း ဆက်လုပ်ပေးသွားမှာပါ”ဟု ပြောကြားသည်။

ဤကြေညာချက်နှင့်စပ်လျဉ်း၍ မေးမြန်းစုံစမ်းလိုပါက အခွန်ထမ်းဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး၊ အမှတ် ၅၉/၆၁ (မြေညီထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းနံပါတ် ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး၊ နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇- ၃၄၃၀၅၂၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁ (ပထမထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းနံပါတ် ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း ၂၂x၂၃ လမ်းကြား၊ ဖုန်းနံပါတ် ၀၂- ၄၀၃၀၁၉၂ သို့ မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။   

Most Read

Most Recent