တက္ကသိုလ်တွေရဲ့ မရေရာ မသေချာသေးတဲ့ အွန်လိုင်းသင်ကြားရေးစနစ်

တက္ကသိုလ်တွေရဲ့ မရေရာ မသေချာသေးတဲ့ အွန်လိုင်းသင်ကြားရေးစနစ်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများအား COVID-19 မတိုင်မီကာလက တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများအား COVID-19 မတိုင်မီကာလက တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)
Published 16 August 2020
လွင်မျိုးသူ

ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုကြီးနေဆဲဖြစ်တဲ့ COVID-19 ကြောင့် မြန်မာနိုင်ငံမှာလည်း ခံစားနေရဆဲဖြစ်ပါတယ်။ လူမှုရေး၊ ကျန်းမာရေးစတဲ့ကဏ္ဍအသီးသီးမှာသာမက ပညာရေးကဏ္ဍမှာလည်း မတူကွဲပြားတဲ့ သင်ကြားမှုစနစ်တွေနဲ့ လုပ်ကိုင်နေရပြီဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက်မှာတော့ အခြေခံပညာအထက်တန်းအဆင့်က ကျောင်းသားကျောင်းသူတွေကို ကျန်းမာရေးသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီးတော့ ကျောင်းတက်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အခြေခံပညာအလယ်တန်းနဲ့ မူလတန်းအဆင့် ကျောင်းသားကျောင်းသူတွေမှာတော့ ကျောင်းတက်ခွင့် အလှမ်းဝေးနေဆဲပါ။

ထို့အတူ တက္ကသိုလ်တွေပြန်ဖွင့်ဆိုတာကလည်း မရေရာမသေချာသေးပါဘူး။ ကိုဗစ်ရောဂါကူးစက်မှု မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားတဲ့အချိန်မှာ တက္ကသိုလ်ကျောင်းအချို့က စာမေးပွဲဖြေနေတဲ့အချိန်တွေနဲ့ သွားတိုက်နေတဲ့အတွက်ကြောင့် ညတွင်းချင်း ကြေညာချက်တွေ ထုတ်ပြန်ပြီး တက္ကသိုလ်စာမေးပွဲ ဖြေကြားခွင့်တွေ ပိတ်လိုက်ရပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းက တက္ကသိုလ်တွေ ပိတ်ထားတာ လေးလဝန်းကျင်ရှိပါပြီ။ ပုံမှန်ဆို ဇွန်လဆန်းဟာ တက္ကသိုလ်တွေရဲ့ ဒုတိယနှစ်ဝက် ပညာသင်နှစ် စတင်ဖွင့် လှစ်တဲ့ကာလပါ။

ဒါပေမဲ့ ဒုတိယနှစ်ဝက်စာ သင်နှစ်ကာလ နှစ်လကျော်ကုန်ဆုံး လာပေမဲ့လည်း ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေဟာ တက္ကသိုလ်တွေရဲ့ စာသင်ခန်းထဲ မရောက်နိုင်သေးပါဘူး။

အဓိကအကြောင်းကလည်း COVID-19 ကပ်ရောဂါကြောင့် တက္ကသိုလ်တွေကနေ ပျံ့နှံ့မှုမရှိစေရန်အတွက် ပြန်ဖွင့်လှစ်ခြင်းမရှိ သေးတာပါ။

မြန်မာနိုင်ငံမှာ  သြဂုတ် ၁၅ ရက်အထိ ကိုဗစ်ရောဂါကူးစက်ခံရ သူ ၃၆၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိ သူ ၃၂၁ ဦးရှိပါပြီ။

မတ် ၂၃ ရက်က မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ပထမဆုံးအနေနဲ့ စတင်တွေ့ရှိပြီးနောက်မှာ ဖြေဆိုနေတဲ့ တက္ကသိုလ်ပထမနှစ်ဝက် စာမေးပွဲတွေကို ရပ်နားခဲ့ကြပါတယ်။

သြဂုတ် ၁၆ ရက်ကစပြီး လူ ၁၅ ဦးထက်ပိုမစုရဆိုတဲ့ ကန့်သတ်ချက်အစား လူ ၃၀ ထက်ပို၍ စုဝေးခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးနှင့် အားကစားဝန်ကြီးဌာနက ပြောင်းလဲကြေညာခဲ့ပါတယ်။

ဒီလိုကျန်းမာရေးဝန်ကြီးဌာနက ဖြေလျှော့မှုတွေ လုပ်လာပေမဲ့လည်း တက္ကသိုလ်တွေ ပြန်ဖွင့်မယ့် သတင်းကတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

တက္ကသိုလ်တွေ ဘယ်တော့ပြန်ဖွင့်နိုင်မလဲ

အခြေခံပညာအထက်တန်းကျောင်းတွေကိုလည်း ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဒီလိုအထက်တန်းကျောင်းတွေ ဖွင့်လှစ်ရာမှာ ကျောင်းတွေကို ကိုဗစ်တားဆီး၊ ကာကွယ်၊ ထိန်းချုပ် နိုင်ရန်အတွက် အချက် ၈၀ ပါတဲ့ Check List ဖြင့် စစ်ဆေးခဲ့ပါတယ်။

Check List အချက် ၈၀ နဲ့ စစ်ဆေးပြီး ကျောင်းတွေကို A, B နဲ့ C ဆိုပြီး သတ်မှတ်ကာ A အဆင့်ရရှိတဲ့ ကျောင်းတွေကိုသာ ဖွင့်လှစ်ခွင့်ပေးပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာအထက်တန်းကျောင်း ၇၁၇၃ ကျောင်းရှိရာ ၇၁၁၁ ကျောင်းကို စစ်ဆေးပြီးခဲ့ပြီး A အဆင့်ရတဲ့ ၄၁၅၆ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။

အလယ်တန်းနဲ့ မူလတန်းတွေကိုလည်း အထက်တန်းကျောင်းတွေ ဖွင့်ပြီး တစ်လကျော်ကြာမှာ ပြန်လည်ဖွင့်လှစ်မယ်လို့ အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်။

ဒီအခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ သတင်းတွေပြန့်နေပေမဲ့လည်း တက္ကသိုလ်ကျောင်းသားတွေအတွက်ကတော့ တိတ်ဆိတ်နေဆဲပါ။

“ဒီ COVID-19 အကြောင်းကို လူတွေက အပြည့်အစုံ ဘယ်သူမှမသိသေးပါဘူး။ WHO ကလည်း မသိသေး။ ပညာရှင်တွေကလည်း မသိသေးဘူး။ ကျွန်တော်တို့ကလည်း မသိသေးဘူး။ သိအောင်လုပ်နေတုန်းပဲ ရှိသေးတော့ ဒါကို ဘယ်တော့လောက် တက္ကသိုလ်တွေ ပြန်ဖွင့်မယ်ဆိုတာ အတိအကျမသိသေးဘူး။ ကမ္ဘာမှာလည်း တက္ကသိုလ်တွေကို အရင်တုန်းကလို ပုံစံမျိုးနဲ့ ဖွင့်ဖို့ ဘယ်သူမှမပြောနိုင်သေးဘူး။ အချိန်တစ်ခုလိုဦးမယ်” လို့ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဇူလိုင်လအတွင်းက ဒေါက်တာဇော်ဝေစိုးနဲ့ Eleven Media Group တွေ့ဆုံမေးမြန်းစဉ်မှာ ပြောကြားခဲ့တာပါ။

တက္ကသိုလ်တွေ ပြန်ဖွင့်နိုင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေပညာကို သင်ကြားနေတဲ့ နောက်ဆုံးနှစ်ကျောင်းသူ မမြတ်မွန်က “ကျောင်းက ပြန်ဖွင့်မှာလား မဖွင့်ဘူးလား။ မဖွင့်ဘူးဆိုရင်လည်း အလုပ်လုပ်လို့ရအောင်ပေါ့။ ဖွင့်မယ်ဆိုလည်း ဖွင့်တဲ့ရက်ကို စောင့်ရအောင်။ အခုကတော့ အလုပ်ပဲဝင်ရမလိုလို၊ နောက်လပဲ ကျောင်းတွေဖွင့်မလိုလိုနဲ့ အိမ်မှာထိုင်စားနေပြီး လမ်းတွေပျောက်နေတယ်” လို့ ဆိုပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများအား COVID-19 မတိုင်မီကာလက တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)

တကယ်လို့ ကျောင်းတွေ ပြန်မဖွင့်နိုင်ကြသေးရင် လုပ်ငန်းခွင်ဝင်ရောက်ရန် တာစူနေကြပါတယ်။ ဒါပေမဲ့ တိကျတဲ့ကြေညာချက် မထုတ်ပြန်သေးတဲ့အတွက် ဖွင့်မယ့်ရက်ကို စောင့်ဆိုင်းပြီး အိမ်မှာပဲ အချိန်ကုန်ဆုံးနေကြပါတယ်။

ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက တက္ကသိုလ်တွေ ပြန်ဖွင့်နိုင်ဖို့အတွက် အခက်အခဲကတော့ အဆောင်ကိစ္စတွေကြောင့် ပြန်မဖွင့်နိုင်တာလို့ဆိုပါတယ်။ နယ်ဝေးမှလာတက်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာ အဆောင်တွေကိုပဲ အားကိုးနေရတာပါ။ တက္ကသိုလ်ဝင်းထဲက အဆောင်တွေကလည်း အဆောင်နေကျောင်းသားဦးရေရဲ့ ၁၀  ရာခိုင်နှုန်းသာ နေနိုင်ကြပြီး အများစုက အပြင်အဆောင်တွေမှာ နေကြရတာပါ။

“စာသင်တာက Social Distancing လုပ်လို့ရတယ်။ အဆောင်တွေက လုပ်လို့မရဘူး။ လုပ်လို့ရလည်း ကျောင်းတွေက အဆောင်တွေလောက်ပဲ ထိန်းချုပ်လို့ရမယ်။ အပြင်ကအဆောင်တွေကို ထိန်းချုပ်လို့မရသေးဘူး” လို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။

COVID-19 ဗဟိုကော်မတီက အဆောင်တွေကို ဖွင့်လှစ်ခွင့်မပြု ထားသေးပါဘူး။

တက္ကသိုလ်တွေရဲ့ ဒုတိယနှစ်ဝက် ပညာသင်နှစ်က နှစ်လကျော်ကြာ ကုန်ဆုံးနေပါပြီ။

ဒုတိယနှစ်ဝက် ပညာသင်နှစ် အချိန်ဆိုပေမဲ့ ပထမနှစ်ဝက်စာမေးပွဲတုန်းက ဘာသာရပ်နှစ်ခုပင် ဖြေဆိုမပြီးသေးပါဘူး။

ကျောင်းသားကျောင်းသူတွေအနေနဲ့ မှုန်ဝါးနေတဲ့ ကျောင်းပြန်ဖွင့်မယ့်ရက်ကို တမ်းတနေကြဆဲပါ။

တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် တိကျတဲ့ အဖြေတစ်ခုကို လိုအပ်နေပါပြီ။ တက္ကသိုလ်တွေ ဘယ်တော့ ပြန်ဖွင့်နိုင်မလဲဆိုတာ မေးခွန်းထုတ်နေ ကြပါပြီ။

တက္ကသိုလ်တွေကို ဘယ်လိုပုံစံတွေနဲ့ ပြန်ဖွင့်မလဲ

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်နဲ့ ပါမောက္ခချုပ်များ ကော်မတီတို့ကတော့ တက္ကသိုလ်တွေ ပြန်ဖွင့်နိုင်ဖို့အရေးကိစ္စအတွက် မူဝါဒတွေ အကြံပြုချက်တွေ ရေးဆွဲပြီး ပညာရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနကို တင်ပြထားတဲ့ အကြံပြုချက်ထဲမှာတော့ တက္ကသိုလ်တွေကို Online Learning လုပ်မယ့် လုပ်ငန်းစဉ်တွေရယ် Blended Learning လုပ်ငန်းစဉ်တွေရယ် တင်ပြထားတယ်လို့ သိရပါတယ်။

“အင်တာနက်မရှိတဲ့ မြို့နယ်က ကလေးတွေက Community Centre လို့ခေါ်တဲ့နေရာမှာ လာစုမယ်။ အင်တာနက်ရှိတဲ့ ကလေးတွေကတော့ ကိုယ့်အိမ်ကနေ Mobile Phone လေးနဲ့ လုပ်မယ်ပေါ့။ နောက်ပြီး Blended Learning ပေါ့။ အဲဒါက ဘယ်လိုလဲဆိုတော့ အခုအထက် တန်းတွေလိုပါပဲ။ ကျောင်းသားတစ်ဝက်က တစ်ပတ်မှာ တစ်ရက်ကျောင်း လာမယ် Face to Face တက်မယ်။ ကျန်တဲ့လေးရက် ကိုယ့်အိမ်ကနေပဲ လုပ်မယ်။ အဲဒီလိုတွေလုပ်မလားဆိုပြီး ဝန်ကြီးဌာနကို အကြံပြုထားတာရှိတယ်” လို့ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးကြွယ်က Eleven Media Group ကို ပြောပါတယ်။

ဇူလိုင်လအတွင်းကတော့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ Internet Capacity နဲ့ Connectivity လုပ်ငန်းတွေကို ဆောင်ရွက်ထားဖို့ ပါမောက္ခချုပ်များ ကော်မတီက နှိုးဆော်ခဲ့ပါတယ်။

အလားတူ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေအကြား အလွယ်တကူ ချိတ်ဆက်နိုင်မယ့် Email တွေစုထားဖို့၊ အတန်းလိုက်၊ ဘာသာရပ်တွေအလိုက် Facebook မှာ Group တွေ ဖွဲ့စည်းထားဖို့၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့၊ သင်တန်းရေးရာဌာနနဲ့ သင်ကြားရေးဌာနတွေမှာ Network တွေ ချိတ်ဆက်ထားဖို့တွေ စတင်ညွှန်ကြားခဲ့ပါတယ်။

အဲဒီပါမောက္ခချုပ်များကော်မတီက ကြေညာထားတဲ့ ညွှန်ကြားစာထဲမှာတော့ COVID-19 ကာလအတွင်းမှာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ပညာသင်ယူမှု အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့အတွက် ရည်ရွယ်ပြီး Online Teaching and Learning စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

ဒီလို Online Teaching and Learning စနစ် အကောင်အထည်ဖော်တဲ့စနစ်နဲ့ပတ်သက်ပြီး ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂ ၂၁ ဖွဲ့ ပူးပေါင်းပြီး ဇူလိုင် ၂၂ရက်မှာ ကြေညာချက်တစ်ခု ထုတ်ခဲ့ကြပါတယ်။

အဲဒီကြေညာချက်ထဲမှာတော့ အွန်လိုင်းသင်ကြားသင်ယူနည်း စနစ်ကို အကောင်အထည်ဖော်မယ် ဆိုပါက (၁) လူတိုင်းအကျုံးဝင်ပညာရေး(All Inclusive Education)၊(၂) လူနည်းစုအခွင့်အရေး(Minority Rights)၊ (၃) ရည်တူညီမျှပညာရေး (Education Equity)၊ (၄) လူ့အခွင့်အရေး အခြေခံပညာရေး (Right to Education) နဲ့ (၅) လုံလောက်သော ပညာသင်ယူနိုင်ခွင့် အထောက်အပံ့ (Access to Learning Internet, Electricity, Device..) စတဲ့ အချက်တွေ ပြည့်စုံမှုရှိမှ အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားကြပါတယ်။

“အားလုံးပါဝင်နိုင်တဲ့စနစ်မျိုးကို သွားမှသာ ကျွန်တော်တို့ လက်ခံနိုင်မယ်ပေါ့။ အဲဒီလိုမှမဟုတ်ရင် တချို့ဒေသတွေမှာ အင်တာနက်က မရသေးဘူး။ ရတဲ့နေရာတွေမှာလည်း လိုင်းတွေက မကောင်းဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဖော်ဆောင်မယ်ဆိုရင်တော့ ကျောင်းသားအားလုံး မပါဝင်နိုင်ဘူး။ ကျွန်တော်တို့ သဘောထားကတော့ All Inclusive မဖြစ်ရင် လက်မခံနိုင်ဘူး” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ဆိုတယ်။

ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးကတော့ “Online ကြီးပဲဆိုရင် Equity ဘယ်ရှိတော့မလဲ။ အင်တာနက်မရှိ တဲ့နေရာမှာ မီးလာလာမလာလာ အချိန်မရွေးပြန်ဖတ်လို့ရအောင် လုပ်ရမှာပေါ့။ ဒါမှ ညီတူညီမျှရှိမှာ” လို့ ပြောပါတယ်။

အခုဖော်ဆောင်နေကြတဲ့ သင်ကြားနည်းစနစ်ကတော့ အင်တာနက်ရရှိတဲ့ ဒေသတွေမှာ အွန်လိုင်းက သင်ကြားပို့ချမှဖြစ်ပြီးတော့ အင်တာနက်မရရှိတဲ့ ဒေသအတွက် သင်ရိုးတွေကို Stick ထဲထည့်ပြီး ပို့ချမယ်လို့ သိရပါတယ်။

“အင်တာနက် မရှိတဲ့နေရာတွေအတွက် လုပ်လို့ရတာက Digital Learning တွေလုပ်လို့ရတယ်။ အဲဒီထဲမှာ Stick နဲ့ Box နဲ့ Program ထည့်ပြီး ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျောင်းသားတိုင်း မိုဘိုင်းကနေ သင်လို့ရအောင်လည်း ဒေတာ Cost တွေအတွက်လည်း စဉ်းစားပါတယ်။ အခုစဉ်းစားတာ Zero Data အတွက်ပေါ့။ အခုရှိနေတဲ့ မိုဘိုင်းကုမ္ပဏီတွေက Post COVID Relief အတွက် ကျောင်းသား ဘယ်နှသိန်းစာ ဆရာဘယ်နှသိန်းစာအတွက်ဆိုပြီး သုံးခွင့်ပေးထားတာတွေရှိတယ်။ ဆွေးနွေးနေတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။

ဒီလို ဒီဂျစ်တယ်သင်ကြားနည်းအတွက် တက္ကသိုလ်ဆရာဆရာမတွေကို သြဂုတ်လဆန်းပိုင်းက ဒီဂျစ်တယ်သင်ရိုးသင်ကြားနည်းပုံစံ သင်တန်းတွေ ပို့ချခဲ့ကြပါတယ်။

တက္ကသိုလ်တွေမှာလည်း ဘာသာရပ်အလိုက် Online Teaching and Learning Curriculum Content တွေအတွက် သင်ကြားမယ့် သင်ရိုးညွှန်းတမ်းတွေကို ဒီဂျစ်တယ်ပြောင်းဖို့အတွက် စတင်လုပ်ဆောင်နေကြပြီလို့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောတယ်။

“သင်ရိုးညွှန်းတမ်းတွေအခု လုပ်နေပြီ။ သင်ရိုးညွှန်းတမ်းတွေ အဆင်ပြေရင် စလို့ရပြီ။ အရင်ဆုံး ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်တွေမှာ စတင်လုပ်နေပြီ။ ကျန်တဲ့ ၀ိဇ္ဇာသိပ္ပံကျောင်းတွေကတော့ ကျောင်းအလိုက်၊ ဘာသာရပ်အလိုက်ကို ဆွေးနွေးနေကြပြီ” လို့ ဆိိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂမှ ရန်ပုံငွေ ယူရို ၅ ဒသမ ၇၁ သန်းရရှိပါက တက္ကသိုလ် ဆရာဆရာမတွေကို Laptop တစ်လုံးစီ အငှားချထားပေးမယ်လို့ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ တက္ကသိုလ် ဆရာ၊ ဆရာမ နှစ်သောင်းလေးထောင်ရှိပါတယ်။

“Approve တော့ ဖြစ်ပြီ။ ကျွန်တော်တို့ဆီ ဘတ်ဂျက်တော့ မရောက်သေးဘူး။ ဘတ်ဂျက်ရရင် Laptop တွေဝယ်ပြီး ဆရာ၊ ဆရာမတွေ ငှားမယ်။ အပိုင်တော့ မပေးဘူး။ သူတို့ အလုပ်လုပ်နေတုန်းကာလမှာ သုံးစွဲခွင့်ပေးတာ။ တခြားကျောင်းပြောင်းသွားရင်လည်းကောင်း အလုပ်ကနေထွက်ရင်လည်းကောင်း ပြန်အပ်ရမှာ” လို့ ဒေါက်တာသိန်းဝင်းက Eleven Media Group ကို ပြောပါတယ်။

ရန်ကုန်အဝေးသင် ဆရာ၊ ဆရာမများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူကတော့ အွန်လိုင်းကနေ သင်ကြားနည်းစနစ်သည် ရေတိုကာလအတွက်သာဖြစ်ပြီး ရေရှည်အတွက်အစီအစဉ်တွေ ပညာရေးဝန်ကြီးဌာနအနေနဲ့ ရေးဆွဲသင့်တယ်လို့ အကြံပြုပြောပါတယ်။

“တက္ကသိုလ်ဆိုတာ စာလေ့လာတာမျိုးမဟုတ်ဘဲ လူမှုပတ်ဝန်းကျင်ဆက်ဆံတဲ့အရာတွေက တက္ကသိုလ်တွေကနေပြီး သင်ယူသွားရတာလေ။ အွန်လိုင်းက ဘာပေးလဲဆိုရင် စာနဲ့ရေးဖြေလောက်ပဲ ပေးတာ။ အွန်လိုင်းသည် Learning Tool တစ်ခုပဲ ဖြစ်တယ်။ အသုံးချရမယ့် ကိရိယာတန်ဆာပလာပဲ ဖြစ်တာလေ။ ဘဝတစ်ခုမဟုတ်ဘူး။ တက္ကသိုလ်ကျတော့ Campus အလိုက် ဘဝတစ်ခုစာဖြစ်တယ်” လို့ ပြောပါတယ်။

တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပျောက်ဆုံးနေသလိုဖြစ်နေတဲ့ ဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ တက္ကသိုလ်တွေ မည်သို့မည်ပုံဖွင့်မယ်။ ဘယ်နည်းဘယ်စနစ်ဖြင့် သင်ကြားမယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။

ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က “ဒီအပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင်တော့ ပညာရေးဝန်ကြီးဌာနကို ဝေဖန်ရလိမ့်မယ်။ Online Learning ကို ဘယ်လိုသွားပါမယ်။ ဘယ်လိုပုံစံမျိုးနဲ့သွားပါမယ် စတာတွေကို အသေးစိတ်ချပြတာတွေ မရှိသေးဘဲနဲ့ ကျောင်းသားတွေကို အွန်လိုင်း Learning နဲ့ သွားပါမယ်ဆိုတာ ကျောင်းသားတွေက ဘယ်လိုပုံစံဆိုတာ မသိသေးဘူး။ နောက်တစ်ချက်ကလည်း Online Learning သွားမယ်ဆိုရင်တော့ ဝန်ကြီးဌာနအနေနဲ့ ပြည့်ပြည့်ဝ၀ ချပြစေချင်တယ်။ အဲဒါမှ ကျောင်းသားတွေက သူတို့သဘောထားနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ သိလာရမှာပေါ့” လို့ ဆိုပါတယ်။

အခုချိန်အထိတော့ တက္ကသိုလ် Online Learning အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ မည်သည့် ကြေညာချက်မှ ထုတ်ပြန်တာမျိုးမရှိသေးသလို ကျောင်းသားကျောင်းသူနဲ့ ဆရာ၊ ဆရာမတွေအကြားမှာလည်း ပညာရေးဝန်ကြီး ပျောက်နေတယ်ဆိုတဲ့ အသံတွေက ထွက်ပေါ်နေပါတယ်။

ဒီဂျစ်တယ်သင်ကြားသင်ယူ နည်းစနစ် လုပ်ဆောင်မယ်ဆိုတာကလည်း ပညာရေး ဝန်ကြီးဌာနက မဟုတ်ဘဲ ပါမောက္ခချုပ်များ ကော်မတီကပဲ ထုတ်ပြန်ချက်တွေ ထုတ်၊ အစည်းအဝေးတွေ လုပ်နေတာပါ။ တကယ်ဦးဆောင်ရမယ့် ပညာရေးဝန်ကြီးဌာနအနေနဲ့က အသံမထွက်ပါဘူး။

“Rector ကော်မတီကို ကျွန်တော်တို့ နားလည်ထားတာက ပေါင်းစပ်ညှိနှိုင်းဖို့အတွက် ဖွင့်ထားတာလို့ ကျွန်တော်တို့မြင်တယ်။ ပညာရေးဝန်ကြီးဌာနကဲ့သို့ Authority နဲ့ သူ့မှာခိုင်းပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာ ပညာရေးဝန်ကြီးဌာနကဘက်က ဘာမှမလုပ်ဘဲ Rector ကော်မတီကပဲ Online Learning နဲ့ပတ်သက်ပြီး ကျောင်းတွေကို ညွှန်ကြားနေတယ်။ အဲဒီအပေါ်ကို ကျွန်တော်တို့က မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ပညာရေး ဝန်ကြီးဌာနက ဘာလို့မလုပ်တာလဲ။ ဒါကို ပညာရေးဝန်ကြီးဌာနကပဲ လုပ်သင့်တယ်။ ညွှန်ကြားသင့်တယ်” လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။

ဦးဆောင်လုပ်ကိုင်ရမယ့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေအတွက် သေချာရေရာ တိကျတဲ့ လမ်းကြောင်းတစ်ခုကို ချမပြနိုင်သေးတာကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့အပိုင်းကို မေးခွန်းထုတ်ရမှာပဲ ဖြစ်ပါတယ်။

အခုချိန်အထိ တက္ကသိုလ်ပညာရေးအတွက် တိကျတဲ့ပေါ်လ စီမူဝါဒထွက်ပေါ်လာခြင်းမရှိသေး သလို ပထမနှစ်ဝက်စာမေးပွဲ ကဖြေဆိုဖို့ ကျန်တဲ့ဘာသာရပ်နှစ်ခုအတွက်ကလည်း ဘာအသံမှမထွက် ကြသေးပါဘူး။

“အခုအခြေအနေက စာမေးပွဲစစ်ဖို့ မလွယ်သေးတဲ့အခြေအနေပေါ့။ ဒါက ကျွန်တော့်အတွေးပေါ့နော်။ ဆုံးဖြတ်ချက်ကတော့ ကျောင်းသားတွေ ဆရာတွေနဲ့ပေါင်းပြီး လုပ်ရမယ့်ကိစ္စပေါ့။ ဖြေဖို့ကျန်သေးတဲ့ ပထမနှစ်ဝက်စာမေးပွဲကို မစစ်သေးဘဲ ဒုတိယနှစ်ဝက်ကို စာစသင်ဖို့ စဉ်းစားတာပေါ့။ လုပ်သင့်တယ် မလုပ်သင့်တယ်ဆိုတာကတော့ အများနဲ့ ညှိနှိုင်းရမှာပေါ့” လို့ ဒေါက်တာဇော်ဝေစိုးက ဆိုတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ နေ့သင်တန်းတက် ကျောင်းသူကျောင်းသားလေးသိန်းနဲ့ အဝေးသင်တက်ကျောင်းသူ ကျောင်းသား ခြောက်သိန်းရှိပါတယ်။

COVID-19 ကပ်ရောဂါကို ဘယ်အချိန် ဘယ်ကာလမှာ ထိန်းချုပ်နိုင်မယ်ဆိုတာ WHO အပါအဝင် ဘယ်သူမှ တပ်အပ်မပြောနိုင်သေးတဲ့ အနေအထားပါ။

ဒီလို COVID-19 ကပ်ရောဂါပြီးမှ တက္ကသိုလ်တွေ ပြန်ဖွင့်မယ်ဆိုရင်လည်း ဘယ်တော့ကပ်ရောဂါပြီး မလဲဆိုတာ မသိကြသေးတဲ့အတွက် ကိုဗစ်ကို စောင့်လို့မရတဲ့ အနေအထားပါ။

ဒါကြောင့် ကိုဗစ်ကာလအတွင်းမှာပင် The New Normal ပုံစံနဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်ရတော့မှာပါ။

တက္ကသိုလ်တွေ ဘယ်တော့ပြန်ဖွင့်နိုင်မယ်ဆိုတာကို အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ်ကိုယ်တိုင် တိတိကျကျ ပြောထားခြင်းမရှိသေးပါဘူး။

တက္ကသိုလ်ကျောင်းသားတွေရဲ့ သင်ကြားသင်ယူမှု အခွင့်အရေးမဆုံးရှုံးဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ တိကျတဲ့မူဝါဒနည်းစဉ်တွေကို ကျောင်းသူကျောင်းသား၊ ဆရာမဆရာတွေကို ထုတ်ပြန်ဖို့ လိုအပ်လာပါပြီ။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ပညာရေးစနစ်ဆိုရင် အဝေးသင်နဲ့ နေ့တက်ဆိုပြီး နှစ်မျိုးရှိတဲ့အထဲကမှ နေ့တက်ကျောင်းသားတွေကိုတော့ အွန်လိုင်းစနစ်နဲ့ သွားမယ်ဆိုပေမဲ့ အဝေးသင် ကျောင်းသားတွေအတွက်ကတော့ ဘာမှမထွက်လာသေးပါဘူး။ နေ့တက် ကျောင်းသားတွေအတွက်ကိုလည်း အွန်လိုင်းပညာရေးစနစ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ တိကျတဲ့ မူဝါဒ မထွက်လာသေးပါဘူး။ ကျောင်းသား ကျောင်းသူတိုင်းမှာ ကွန်ပျူတာက ကိုယ်စီမရှိသလို လက်ပ်တော့လည်း မရှိကြပါဘူး။ ဒါတွေအတွက်ကရော ပညာရေးဝန် ကြီးဌာနအနေနဲ့ ဘယ်လိုပုံစံ အကောင်အထည်ဖော်မလဲဆိုတာတွေက မေးစရာတွေဖြစ်နေပါတယ်။

လက်ရှိအချိန်မှာတော့ တက္ကသိုလ်တွေရဲ့ အွန်လိုင်းသင်ကြားရေး စနစ်အတွက် ပီပီပြင်ပြင်လုပ်ဆောင် နိုင်မှုမရှိသေးဘူးလို့ ယူဆစရာရှိပါတယ်။ အဲဒီအတွက်ကြောင့် ဘယ်လိုတွေ လုပ်ဆောင်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ချပြဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။

 

Most Read

Most Recent