၂၀၁၉ ခုနှစ် မေလနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရှစ်ရာခို်င်နှုန်းအောက် ကျဆင်းခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်း
၂၀၂၀ ပြည့်နှစ် ဇွန်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၁၉ ခုနှစ် မေလနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရှစ်ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၁၂ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇွန်တွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် မေလ၏ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ဆက်လက်ကျဆင်းလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေနှင့် ဇွန်တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေး ဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇွန်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း Year on Year Inflation မှာ ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိသည်။
မြင့်တက်လာသည့် အထွေထွေကုန်ကျစရိတ်များ
တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းခန့်၊ အိမ်လခ ၂၈ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ခြောက်ရာခိုင်နှုန်းခန့်၊ ပညာရေးကုန်ကျစရိတ် သုံးရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။
၂၀၂၀ ပြည့်နှစ် ဇွန်လအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် ဇွန်လကထက် အစားအစာအုပ်စု ၁ ဒသမ ၆၈ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၅ ဒသမ ၉၅ ရာခိုင်နှုန်း၊ အဝတ်အထည် အုပ်စု ၂ ဒသမ ၉၉ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၂၈ ဒသမ ၂၇ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ၄ ဒသမ ၆၀ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၅ ဒသမ ၉၁ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၂ ဒသမ ၈၇ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်အုပ်စု ၉ ဒသမ ၄၅ ရာ ခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းအုပ်စု ၇ ဒသမ ၃၅ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သောအုပ်စု ၈ ဒသမ ၆၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် မေလနှင့် နှိုင်းယှဉ်ပါက ၂၀၂ဝပြည့် နှစ် ဇွန်လတွင် ကျဆင်းခဲ့သည့် ကဏ္ဍများမှာ သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် ဆက်သွယ်ရေးအုပ်စုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ ၄ ဒသမ ၉၄ ရာခိုင်နှုန်းနှင့် သုညဒသမ ၂၆ ရာခိုင်နှုန်းတို့ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇွန်တွင် စားသုံးသူစျေးဆနှုန်း CPI ၁၆၀ ဒသမ ၉၈ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၁၇၃ ဒသမ ၅၂ ဖြစ်ပြီး ယခင်လ မေလအခြေအနေ ၁၇၃ ဒသမ ၁၁ နှင့်နှိုင်းယှဉ်ပါက သုညဒသမ ၂၄ ရာ ခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အစားအစာမဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၄၃ ဒသမ ၃၄ ဖြစ်သဖြင့် ယခင်လ မေလအခြေအနေ ၁၄၁ ဒသမ ၈၄ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၀၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် ဇွန်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၃ ဒသမ ၅၂၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၃ ဒသမ ၃၄ နှင့် အုပ်စုအားလုံးအတွက် ၁၆၀ ဒသမ ၉၈ ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်းမြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ အရှုံးဖြစ်ပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၁၀ ခုရှိနေ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ရ သုံးခန့်မှန်းခြေငွေစာရင်းအရ အရှုံးဖြစ်ပေါ်နေသည့်နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်း ၁၀ ခုရှိပြီး ယင်းတို့၏ အရှုံးငွေမှာ ကျပ် ၆၁၁ ဘီလျံကျော်ရှိနေကြောင်း ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်သို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တင်ပြထားသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာသုံး သပ်ချက် အစီရင်ခံစာအမှတ်စဉ် (၁၂/ ၂၀၂၀) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အရှုံး/ အမြတ်နှင့် ရငွေသုံးငွေအခြေအနေများတွင် ဖော်ပြထားခြင်းဖြစ်သည်။
၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းပေါင်း (မြန်မာနိုင်ငံတော်ဗဟိုဘဏ်မပါ) ၃၀ ခုရှိပြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ဆောင်ရွက်သော အဖွဲ့အစည်း ၂၅ ဖွဲ့၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်သော အဖွဲ့အစည်းငါးဖွဲ့ဖြစ်ကြောင်းနှင့် ၎င်းတို့အနက် အမြတ်ရရှိသည့် အဖွဲ့ ၂၀၊ အရှုံးပေါ်ပေါက်သည့် အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများ၏ ဘဏ္ဍာရေးနှစ်အလိုက် အရအသုံးခန့်မှန်းခြေစာရင်း (ငွေသား)အရ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအတွင်း ဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(ခန့်မှန်းခြေ)တွင် ရငွေသည် ကျပ် ၉၀၉၇ ဒသမ ၅၉၃ ဘီ လျံ၊ သုံးငွေသည် ကျပ် ၁၀၀၉၅ ဒသမ ၉၇၄ ဘီလျံဖြစ်ပြီး လိုငွေသည် ကျပ် ၉၉၈ ဒသမ ၃၈၁ ဘီလျံဖြစ်ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေပြင်ပမှ ဆောင်ရွက်သည့်အဖွဲ့အစည်းများ၏ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် (ခန့်မှန်းခြေ)တွင် ရငွေသည် ကျပ် ၂၄၉၇ ဒသမ ၃၇ ဘီလျံ၊ သုံးငွေသည် ကျပ် ၂၄၉၃ ဒသမ ၈၁၂ ဘီလျံဖြစ်ပြီး ပိုငွေသည် ကျပ် ၃ ဒသမ ၅၅၈ ဘီလျံ ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများအနေဖြင့် ကုန်သွယ်မှုစာရင်းအရ ကျပ် ၉၁၆ ဒသမ ၆၇၃ ဘီလျံအမြတ်ရရှိခဲ့သော်လည်း ငွေသားစာရင်းအရ ကျပ် ၉၉၄ ဒသမ ၈၂၃ ဘီလျံ လိုငွေဖြစ်ပေါ်နေရာ ပြည်ထောင် စုဘတ်ဂျက်လိုငွေ ကျပ် ၆၈၀၀ ဒသမ ၄၉ ဘီလျံ၏ ၁၄ ဒသမ ၆၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း (မြန်မာနိုင်ငံတော်ဗဟိုဘဏ်မပါ) ၃၀ ခုရှိသည့်အနက် အမြတ်ရရှိသည့် အဖွဲ့အစည်း ၂၀ ခုရှိပြီး ၎င်းတို့၏ စုစုပေါင်း အမြတ်ရရှိငွေမှာ ကျပ် ၁၅၂၈ ဒသမ ၁၇၄ ဘီလျံရှိကြောင်း၊ အမြတ်ရရှိသည့် အဖွဲ့အစည်းများအနက် အဓိကမှာ သယံဇာတတူး ဖော်ထုတ်လုပ်မှု အဖွဲ့အစည်းများ၊ ဘဏ်နှင့်ငွေကြေးအဖွဲ့အစည်းများသာဖြစ်ကြောင်း တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
အရှုံးဖြစ်ပေါ်နေသည့် နိုင်ငံတော်ပိုင်အဖွဲ့အစည်းများတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွင်း ဆောင်ရွက်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၁) အကြီးစားလုပ်ငန်းသည် အရှုံးငွေ ကျပ် ၂၃ ဒသမ ၃၁၈ ဘီလျံ၊ အမှတ်(၂) အကြီးစား လုပ်ငန်းသည် အရှုံးငွေ ကျပ် ၁၈ ဒသမ ၀၂၂ ဘီလျံ၊ အမှတ်(၃) အကြီးစားလုပ်ငန်းသည် အရှုံးငွေ ကျပ် ၄၁ ဒသမ ၃၂ ဘီလျံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အရှုံးငွေ ကျပ် ၁၂ ဒသမ ၂၉၇ ဘီလျံ၊ မြန်မာ့မီးရထားသည် အရှုံးငွေ ကျပ် ၁၁၄ ဒသမ ၁၀၁ ဘီလျံ၊ ကုန်းလမ်းပို့ဆောင်ရေးသည် အရှုံးငွေ ကျပ် ၄ ဒသမ ၈၄၂ ဘီလျံ၊ မြန်မာ့စာတိုက်လုပ်ငန်းသည် အရှုံး ငွေ ကျပ် ၃ ဒသမ ၃၄၃ ဘီလျံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသည် အရှုံးငွေ ကျပ် ၃၆၄ ဒသမ ၁၇၄ ဘီလျံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းသည် အရှုံးငွေ ကျပ် ၂၅ ဒသမ ၉၁ ဘီလျံတို့ဖြစ်ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေပြင်ပမှ ဆောင်ရွက်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာအမျိုးသားလေကြောင်းသည် အရှုံးငွေ ကျပ် ၄ ဒဿမ၁၇၂ ဘီလျံ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းပါ သုံးငွေသည် GDP ၏ ၂၇ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်တွင် ဖော်ပြထားသည်။










