၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီဝင် ပဲခူးတိုင်းဒေသကြီး စည်ပင်ဝန်ကြီးဟောင်း ဦးမောင်မောင်လွင်မှာ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီ မဲဆန္ဒနယ်အမှတ် (၂) တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ဦးမောင်မောင်လွင်အနေဖြင့် မြို့နယ်အဆင့်ရွေးချယ်မှု၌ သာယာဝတီမဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် ဦးစားပေးအဆင့် (၁) ရွေးချယ်ခြင်း ခံရသော်လည်း ဗဟိုအဆင့်တွင်မူ ချန်လှပ်ခြင်း ခံခဲ့ရသည်။
ထိုသို့ ချန်လှပ်ခြင်းခံခဲ့ရသော်လည်း ဒေသခံပြည်သူများ၏ လိုအပ်ချက်အရဟုဆိုကာ ၎င်းအနေဖြင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ စာရင်းပေးသွင်းခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်လွင်က ပြောကြားသည်။
“ အဓိကတော့ ပြည်သူတွေ နှစ်သက်လို့ ပြည်သူ့ဆန္ဒကြောင့် တင်လိုက်တာပါ။ ကျွန်တော် မြို့နယ်အဆင့်မှာ ဦးစားပေး (၁) အဖြစ် ရွေးချယ်ခြင်းခံရတယ်။ ဗဟိုက ရွေးချယ်တော့ ပါမလာဘူး။ ဒါကြောင့် ကျွန်တော့်ကို ၂၀၁၅ မှာ မဲပေးခဲ့တဲ့ ပြည်သူတွေက တစ်သီးပုဂ္ဂလဝင်ပြိုင်ပေးပါလို့ တောင်းဆိုလို့ပါ။ ပြည်သူ့ဆန္ဒကြောင့်ပါ။ ကျွန်တော်တို့က ပါတီအကျိုးနဲ့ ပြည်သူအကျိုး ယှဉ်လာရင် ပြည်သူ့အကျိုးပဲ ဦးစားပေးရမှာကိုး။ ဒါကြောင့် တင်လိုက်ရတာပါ” ဟု ဦးမောင်မောင်လွင်က ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းတန်က “ အမှန်က တစ်သီးပုဂ္ဂလဝင်ပြိုင်မယ်ဆို ပါတီက နုတ်ထွက်စာတင်ရမှာ အခုက နုတ်ထွက်စာ မတင်ရသေးတော့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ စာတင်ပြလာတယ်။ ဒါကို ကျွန်တော်ကလည်း ဗဟိုကို တင်ပြထားတယ်။ လက်ရှိသူက ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေဆဲဆိုတော့ ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်။ ရွေးကောက်ပွဲကော်မရှင်အတွက် ရှုပ်ထွေးမှုတွေမရှိအောင် ကျွန်တော်တို့ပါတီနဲ့ မသက်ဆိုင်တော့တဲ့ အရေးယူဆောင်ရွက်မှုမျိုးတွေတော့ လုပ်ရတာပေါ” ဟု ပြောကြားသည်။
“ နေရာမရလို့ ဘက်ပြောင်းတယ်ဆိုတာတော့ ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုတွေလည်း ရှိနေကြတာပဲ။ သဘောတရားအရ ပြောရရင်တော့ ဒါတွေက သိပ်မထူးတော့ဘူး။ သိပ်မထူးဘူးဆိုပေမဲ့ ပြည်သူအတွက် ပါတီအတွက်ကတော့ ကောင်းတဲ့အလားလာမဟုတ်ဘူး။ အင်မတန် အန္တရာယ်ကြီးတယ်။ ဒီလိုလုပ်ရပ်တွေက နောက်နောင် ဒီလိုဖြစ်လာရင် ပြည်သူနဲ့ ပါတီအတွက် ကောင်းမလာနိုင်ဘူး။ ပြည်သူ့မျက်နှာ တကယ်ကြည့်ရင်တော့ နေရာမရလို့ ဘက်ပြောင်းတာ မကောင်းပါဘူး” ဟု NLD ပါတီဝင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။
NLD ပါတီဝင် စည်ပင်ဝန်ကြီးဟောင်း ဦးမောင်မောင်လွင်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သာယာဝတီ မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံနှင့် စည်ပင်ဝန်ကြီး ဦးမောင်မောင်လွင်တို့အနေဖြင့် နုတ်ထွက်စာတင်ခဲ့ပြီး သမ္မတရုံးက နုတ်ထွက်ခွင့်ပြုခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း ဒေသကြီးအတွင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီဝင်နှစ်ဦးရှိပြီး လက်ရှိတွင် သာယာဝတီ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်နှင့် ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်တို့ဖြစ်ကြောင်း သိရသည်။