လာမည့်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ လုပ်ဆောင်ချက်များတွင် ကလေးသူငယ်များ၏ အရေးကိစ္စအပေါ် ထည့်သွင်းစဉ်းစားထားခြင်းမရှိကြောင်း Equality Myanmar ၏ Executive Director ဦးအောင်မျိုးမင်းက ပြောကြားသည်။
“မကြာမီကပဲ ကျွန်တော်တို့ အရပ်ဘက် CSO တွေကို ပါတီကြီးတစ်ခုက ခေါ်ပြီးတော့ မိတ်ဆက်ပါတယ်။ သူတို့ထုတ်တဲ့ လက်ကမ်းစာစောင်တွေကို ဖတ်တယ်။ သူတို့နဲ့ နေပြည်တော်ကနေ အွန်လိုင်းကနေ စကားပြောတယ်။ ပြောတော့ ထုတ်ထားတဲ့စာရွက်ကို ကြည့်လိုက်တော့အကုန်စုံတယ်။ သဘာဝပတ်ဝန်းကျင်၊ ဘဏ္ဍာရေး အကုန်လုံးပါတယ်။ အမျိုးသမီးအရေးလည်းပါတယ်။ သဘာဝဘေးဒဏ်တောင် ပါလိုက်သေးတယ်။ ခေတ်နဲ့မီတယ်ပေါ့။ ကလေးနဲ့ပတ်သက်လို့ ပေါ်လစီမချထားဘူး။ အဲဒီတော့ ကျန်တဲ့နေရာမှာ တော်ကောင်းတော်လိမ့်မယ်။ ကလေးတွေနဲ့ပတ်သက်ပြီး မူဝါဒတွေ ဘာမှမရှိတဲ့အတွက် ဒီပါတီက ကလေးများအရာကို ထည့်ပြီးစဉ်းစားရဲ့လား၊ ကလေးများအကျိုး အကောင်အထည်ဖော်နိုင်မလား။ သူတို့ဆီကလာတဲ့ ကိုယ်စားလှယ်ကရော ဒါကို အစောကတည်းကမသိတဲ့အတွက် လွှတ်တော်ထဲရောက်သွားရင်ရော ကလေးများအရေး ဦးစားပေးမလား မေးခွန်းဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးများအရေး ဦးစားပေးခြင်းက အနာဂတ်ကို ပိုမိုအားကောင်းအောင် ဖန်တီးလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံက လူငယ်များဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ သူတို့အကြောင်း မစဉ်းစားဘူးဆိုရင် ဘယ်လောက်ထိ တိုင်းပြည်ကို အနာဂတ်ကောင်းအောင် လုပ်နိုင်မှာလဲ။ အဲဒီမှာ တိုင်းပြည်ရဲ့နောက်ထပ်သက်တမ်းတစ်ခုမှာ ဆက်ပြီးတော့တာဝန်ယူမယ့် နိုင်ငံရေးပါတီက ဒါနဲ့ပတ်သက်ပြီး ရပ်တည်မှုမရှိရင်ရော ဘယ်လောက်ထိ အားကိုးရမှာလဲ စဉ်းစားစရာ ဖြစ်လာတယ်” ဟု ၎င်းက ပြောကြားသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအရ ကလေးဆိုသည်မှာ အသက် ၁၈ နှစ်အောက် လူပုဂ္ဂိုလ်များဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ကလေးသူငယ်များဖြစ်ကြပြီး အစိုးရ၏ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့သော အခြေခံဝန်ဆောင်မှုများကို အဓိကသုံးစွဲသူများဖြစ်ကြောင်း သိရသည်။
“ကလေးတွေရဲ့ ဆန္ဒနဲ့၊ ကလေးတွေရဲ့အမြင်ကို လေးစားဖို့ ဘယ်အချိန်လဲဆိုတော့ ကျွန်တော်တို့ အခုသက်တမ်းအရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲကာလဟာ ကလေးတွေရဲ့ အသံနားထောင်ပြီးတော့ ကလေးတွေရဲ့ ဆန္ဒတွေ နားထောင်ဖို့ အခွင့်အချိန်ခါဖြစ်ပါတယ်။ အစိုးရအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကတော့ သူရဲ့လွှတ်တော်ကိုယ်စားလှယ်နယ်မြေအတွင်းမှာ လိုက်ပြီးတွေ့ဆုံတာရှိမယ်။ ဆွေးနွေးတာရှိမယ်။ တစ်ခါတလေ ကျွန်တော်တို့ ကလေးတွေကိုမဆွေးနွေးမိဘူး။ ဒါပေမဲ့ နောက်ထပ်လာ မယ့်တိုင်းပြည်ကို ဆက်လက်ပြီးတော့ စီမံအုပ်ချုပ်မယ့် အစိုးရကိုရွေးချယ်တဲ့ကာလက မကြာခင် လာတော့မှာပါ။ ကလေးတွေရဲ့ အသံနားထောင်စေချင်တယ်။ နိုင်ငံရေးပါတီ၊ တချို့ကတော့ တစ်သီးပုဂ္ဂလပါဝင်ပြီး ဝင်ရောက်ရွေးချယ်ခံဖို့ရှိတယ်။ သူတို့တွေက ကလေးတွေအရေး ဘယ်လောက် ထည့်သွင်းစဉ်းစားပြီးတော့ ကလေးတွေရဲ့အသံကို ဘယ်လောက်ထိလက်ခံနိုင်လဲ အဲဒါက အဓိကအချက်ပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က နောက်ထပ်တိုင်းပြည်ကို စီမံအုပ်ချုပ်မယ့် အစိုးရကိုရွေးကြမယ်။ ရွေးကြတဲ့အခါမှာ နိုင်ငံရေးပါတီတွေက ကလေးနဲ့ပတ်သက်လို့ မဆွေးနွေးထားဘူး။ မတင်ပြမထားဘူးဆိုရင် ကျွန်တော်တို့က ကလေးတွေအတွက် မစဉ်းစားတဲ့ပါတီလို့ ပြောရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့လည်း ဒါနဲ့ပတ်သက်ပြီးတော့ ကလေးအကြောင်း နားမလည်သော ကိုယ်စားလှယ်တွေ ဖြစ်မှာစိုးရိမ်တယ်” ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည်က လေးသူငယ်များဖြစ်သည်ဟု ထင်မြင်ယူဆကြသော်လည်း ကလေးသူငယ်များသည် နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရှိသေးသူများဖြစ်သည့်အတွက် ကလေးသူငယ်များသည် ယင်းကဲ့သို့သော အထွေထွေရွေးကောက်ပွဲကာလများတွင် အထူးသဖြင့် ဘေးဖယ်ချန်လှပ်ခြင်း ခံထားရသူများဖြစ်ပြီး ၎င်းတို့ကြိုက်နှစ်သက်သော နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပိုင်ခွင့်မရှိကြောင်း၊ သို့သော်လည်း လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ်ချက်များသည် ယင်းတို့၏ဘဝများအပေါ် ကောင်းကျိုးသို့မဟုတ် ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်း NCRWG (NGO Child Rights Working Group) မှ သိရသည်။
မြန်မာနိုင်ငံရှိကလေးငယ်များသည် အလုပ်လုပ်ရခြင်း၊ ကျောင်းမနေနိုင်ခြင်း၊ ရောဂါကြိုတင်မကာကွယ်နိုင်ခြင်း၊ အကြမ်းဖက်ခံရခြင်း၊ မတော်တဆမှုကြောင့် သေဆုံးခြင်း၊ အာဟာရချို့တဲ့ခြင်းစသည့် ပြဿနာများကြောင့် ကလေးအရွယ်ဘဝ အခွင့်အရေးများနစ်နာ ဆုံးရှုံးနေရကြောင်း Save the Children ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းတွင် ကလေးလုပ်သားပေါင်း ၁ ဒသမ ၁၃ သန်းရှိပြီး ၎င်းတို့အနက် ခြောက်သိန်းကျော်သည် အန္တရာယ်ရှိသော အလုပ်ပတ်ဝန်းကျင်၌ အလုပ်လုပ်ကိုင်နေရကြောင်း သိရသည်။