နိုင်ငံခြားသားများက ရာခိုင်နှုန်း ၄၀ အထိ ဝယ်ယူခွင့်ရရှိပြီး အခန်းပေါင်း ၃၀၀၀ တည်ဆောက်မည့် ကွန်ဒိုမီနီယံစီမံကိန်း ၁၂ ခုကို မူအားဖြင့် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထား

နိုင်ငံခြားသားများက ရာခိုင်နှုန်း ၄၀ အထိ ဝယ်ယူခွင့်ရရှိပြီး အခန်းပေါင်း ၃၀၀၀ တည်ဆောက်မည့် ကွန်ဒိုမီနီယံစီမံကိန်း ၁၂ ခုကို မူအားဖြင့် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထား
စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အိမ်ရာအဆောကက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ- နီလာ)
စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အိမ်ရာအဆောကက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ- နီလာ)
Published 11 August 2020

နိုင်ငံခြားသားများက ရာခိုင်နှုန်း ၄၀ အထိ ဝယ်ယူခွင့်ရရှိပြီး အခန်းပေါင်း ၃၀၀၀ ပါဝင်မည့် ကွန်ဒိုမီနီယံစီမံကိန်း ၁၂ ခုကို မူအားဖြင့် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထားကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွင် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ အိမ်ခန်းများ မှတ်ပုံတင်ခြင်းနှင့် စုပေါင်းပိုင် အဆောက်အအုံအသင်း ဖွဲ့စည်းခြင်းဟူ၍ လုပ်ငန်းစဉ်လေးရပ်ရှိရာ ပထမအဆင့် လုပ်ငန်းစဉ်ဖြစ်သည့် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ထုတ်ပေးလျက်ရှိရာ လက်ရှိအချိန်အထိ စုစုပေါင်းလုပ်ငန်းလိုင်စင် ၄၀ ခုကို ထုတ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ စီမံကိန်း ၁၂ ခုကို စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးရန် မူအားဖြင့် ခွင့်ပြုပြီးဖြစ်သည်။

၎င်းတို့မှာ နေကမ္ဘာမြန်မာဆောက်လုပ်ရေးကုမ္ပဏီ- Royal Maung Bamar Residences ၊ တကောင်ဘွားကုမ္ပဏီ- Grand Myakanthar Condominium ၊ Grand Style Co.,LTd- စွယ်တော်စီးတီး၊ Naing Group-Perfect Condominium ၊ ရွှေဇဗ္ဗူဒိပ်ဆောက်လုပ်ရေးကုမ္ပဏီ- ပန်းစွယ်တော်၊ Manadalya Golden Wings- Diamond Inya Palace ၊ Rose Hill Soilbuild- Rose Hill Residences ၊ I Green- မဟာဆွေ၊ Naing Group- Red Hill Tower ၊ Shwe Taung Development Co.,Ltd- Crystal Tower and Residences ၊ Capital Development Co.,Ltd- GEMS Garden Condominium ၊ Global Green Property Co., Ltd- The Leaf Residences & Office Tower တို့ဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ဆောက်လုပ်ရာတွင် အထပ်အရေအတွက်အနေဖြင့် စုပေါင်းပိုင်အဆောက်အအုံတစ်ခုဖြစ်ရန် အထပ်အရေအတွက် ခြောက်ထပ်နှင့် အထက်ပါရှိရမည်၊ အိမ်ခန်းအရေအတွက်အနေဖြင့် အနည်းဆုံးခြောက်ခန်းပါးရှိရမည်၊ စုပေါင်းပိုင်ပစ္စည်းအနေဖြင့် စုပေါင်းပိုင်အဆောက်အအုံတွင် စုပေါင်းပိုင်သူများအသုံးပြုရန် ယာဉ်ရပ်နားရန်နေရာ၊ အမှိုက်ပစ်ရန်နေရာ၊ အမှုဆောင်အဖွဲ့ အသုံးပြုရန်ရုံးခန်း၊ ဓာတ်လှေကား၊ စာတိုက်ပုံးနှင့် အများပြည်သူဆိုင်ရာနေရာတို့ ပါရှိရမည်ဖြစ်သည်။ နည်းပညာအဆင့်အတန်းအနေဖြင့် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်ဟုသိရသည်။

“ နိုင်ငံခြားသားက ရာခိုင်နှုန်း ၄၀ အထိ ဝယ်ယူခွင့်ရှိတယ်ဆိုတာက ကွန်ဒိုတစ်ခုမှာ အခန်းပေါင်း ၁၀ ရှိတယ်ဆိုရင် နိုင်ငံခြားသားက လေးခန်းအထိ ဝယ်လို့ရတယ်၊ ကျန်တဲ့ခြောက်ခန်းကို နိုင်ငံသားက ဝယ်လို့ရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ ၁၅ အရ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူသည် (က) စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ ၁၄ အရ ထုတ်ပေးထားသော ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားပြီးသော စုပေါင်းပိုင်မြေ၌ စုပေါင်းပိုင်အဆောက်အအုံကို သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ရမည်။ (ခ) စုပေါင်းအဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုသောအိမ်ခန်းများကို နိုင်ငံခြားသားများအား အဆိုပါဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

Most Read

Most Recent