၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်တွင် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၃၃ ဘီလျံပြည့်မီရန် ဒေါ်လာ နှစ်ဘီလျံကျော်သာလိုအပ်ပြီး လက်ရှိဘဏ္ဍာနှစ် လျာထားချက်ပြည့်မီနိုင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်တွင် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၃၃ ဘီလျံပြည့်မီရန် ဒေါ်လာ နှစ်ဘီလျံကျော်သာလိုအပ်ပြီး လက်ရှိဘဏ္ဍာနှစ် လျာထားချက်ပြည့်မီနိုင်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 8 August 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်တွင် ပြည်ပကုန်သွယ်မှု လျာထားချက် ဒေါ်လာ ၃၃ ဘီလျံရန် ပြည့်မီရန်အတွက် ဒေါ်လာ နှစ်ဘီလျံကျော်သာ လိုအပ်ပြီး လက်ရှိဘဏ္ဍာနှစ် လျာထားချက်  ပြည့်မီနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၃ ဘီလျံအထိ ခန့်မှန်းလျာထားသည်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ၁၀ လတွင် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၀ ဒသမ ၉၂၃ ဘီလျံ ရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာ ကျန်ရှိချိန်တွင် ပြည်ပကုန်သွယ်မှု လျာထားချက် ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၀၇၇ ဘီလျံရရှိရန် ဆောင်ရွက်သွားရမည်ဖြစ်သည်။

COVID-19 ကြောင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ်၏ ကုန်သွယ်ရေး လျာထားချက်ဒေါ်လာ ၃၃ ဘီလျံထက် ကျော်လွန်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ ဒီနှစ်မှာ ကုန်သွယ်ရေးလျာထားချက်ထက် ကျော်တောင်ကျော်သွားနိုင်တယ်။ အခုလက်ရှိကို ကာလတူနဲ့ယှဉ်ရင် နှစ်ဘီလျံလောက် ကျော်နေပြီ။ သတ်မှတ်ချက်ထက် ကျော်ဖို့အနေအထားရှိတယ်။ COVID-19 ကြောင့်တော့ ထိခိုက်မှုရှိတယ်။ ဥပမာ- CMP လိုဟာမျိုးတွေ ထိခိုက်မှုရှိတယ်။ သတ်မှတ်ချက်က ဒေါ်လာ ၃၃ ဘီလျံပေါ့။ လက်ရှိမှာတော့ သတ်မှတ်ချက်ကို ၇၅ ရာခိုင်နှုန်းလောက် ဆောင်ရွက်ပြီးသွားပြီ။ ကာလတူနဲ့နှိုင်းယှဉ်ရင် နှစ်ဘီလျံလောက်ပိုနေပြီ” ဟု ဦး ခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှု လျာထားချက်ကို ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံလျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀ အထိ ပို့ကုန်တင်ပို့မှု ၁၄ ဒသမ ၆ ဘီလျံကျော် ရရှိထားသဖြင့် ကျန်ရှိနေသည့်ဘဏ္ဍာနှစ် နှစ်လတွင် ပို့ကုန်လျာထားချက်ပြည့်မီရန် ဒေါ်လာတစ်ဘီလျံခန့်သာ လိုအပ်သည်။

ထို့အတူ သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၆ ဒသမ ၃၁၂ ဘီလျံရရှိထားသဖြင့် သွင်းကုန် လျာထားချက်ပြည့်မီရန် ဒေါ်လာ တစ်ဘီလျံကျော်သာ လိုအပ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားကုန်ပစ္စည်းများကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကကုန်စည် ခုနစ်မျိုးခန့်ကို စနစ်တကျတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက ယင်းကုန်စည်တစ်ခုစီမှ ဝင်ငွေဒေါ်လာ တစ်ဘီလျံခန့်အထိ တိုးတက်ရရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိက တင်သွင်းနေဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင်လကုန်အထိ ၁၀ လတွင် ပြည်ပကုန်သွယ်မှု ၃၁ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ရရှိထားသည်။

ယင်းအနက် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၂၂ ဘီလျံနီးပါးရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံနီးပါးနှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၉ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၄၀ နီးပါး ပိုမိုဆောင်ရွက်ထားခြင်း ဖြစ်သည်။

Most Read

Most Recent