မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး JICA ကဲ့သို့သော ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်ရန်ဆွေးနွေးလျက်ရှိ

မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး JICA ကဲ့သို့သော ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်ရန်ဆွေးနွေးလျက်ရှိ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - စီးပွား/ ကူးသန်း)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - စီးပွား/ ကူးသန်း)
Published 7 August 2020
      နီလာ

မြန်မာနိုင်ငံ၏ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA ကဲ့သို့သော ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်နိုင်ရေးကို ဆွေးနွေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်ထူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သြဂုတ် ၅ ရက်က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရည်အသွေးပြည့်မီသည့် မြန်မာ့ရော်ဘာများ တင်ပို့နိုင်ရေးအတွက် နည်းပညာဆိုင်ရာ အထောက်အကူများကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်ဆည်းပြီးဖြစ်ကြောင်း၊ ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက်  အခြားလိုအပ်ချက်များဖြစ်သော ဓာတ်ခွဲခန်းဝန်ထမ်း ထပ်မံဖြည့်တင်းရေး၊ ဓာတ်ခွဲခန်းအဆောက်အအုံ တိုးချဲ့ရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူအားလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရော်ဘာစိုက်ပျိုးသူ၊ ထုတ်လုပ်သူနှင့် TSR စက်ရုံများ၏ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရေးအတွက် ထုတ်လုပ်မှုမြှင့်တင်ရေး၊ စျေးနှုန်းရရှိရေး၊ အရည်အသွေးမြှင့်တင်ရေးအတွက် လိုအပ်သော ထိန်းကျောင်းမှုများ ဆောင်ရွက်နိုင်ရန် နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အကြား နားလည်မှုစာချွန်လွှာ MoU ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုး၍ မြန်မာ့သဘာဝ ရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း MNROTL ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) တွင် တည်ထောင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် မလေးရှားရော်ဘာဘုတ်အဖွဲ့မှဓာတ်ခွဲခန်းကို Audit လာရောက်စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသင်းဝင်ဓာတ်ခွဲခန်းများ၏ သဘာဝရော်ဘာအရည်အသွေး စမ်းသပ်ခြင်း အရည်အချင်း စစ်ဆေးမှုအစီအစဉ်များ ပါဝင်ဖြေဆိုခဲ့ရာ PT Series လေးကြိမ်ဆက်တိုက် အောင်မြင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း International Rubber Association – IRA အသိအမှတ်ပြု လက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၁၄၀၀၀ ကျော် လျော့ကျခဲ့သည့်အတွက် ဝင်ငွေဒေါ်လာ ၂၉ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနှစ် ရော်ဘာတင်ပို့မှုက မနှစ်ကထက် တန်ချိန်ရော တန်ဖိုးရောပါ လျော့ကျတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင်၂၄ ရက်အထိ ၁၀ လခန့်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၁၆၈၅၂၂ တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၀၄ သန်း ရရှိခဲ့သည်။

ယခင်နှစ်ကာလတူတွင် ရော်ဘာတန်ချိန် ၁၈၃၀၄၇ အထိ တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာ ၂၃၃ သန်း ရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ရော်ဘာတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် ၁၄၅၂၅ လျော့ကျခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၂၉ သန်းအထိ လျော့ကျခဲ့သည်။ 

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်း ဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် အများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့၌လည်း စိုက်ပျိုးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းနီးပါးရှိပြီး ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမှုမှာ ၁၆ သိန်းခန့်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန် စုစုပေါင်းနှစ်သိန်းခန့်ထွက်ရှိပြီး  ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်သာ ပြည်တွင်း၌ အသုံးပြုလျက်ရှိပြီး အဓိကတင်ပို့နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်သူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်နိုင်ငံအပြင် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံများသို့  တင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

                                

Most Read

Most Recent