သြဂုတ် ၅ ရက်အထိ COVID-19 ချေးငွေ လျှောက်လွှာတင်သူ ၃၇၀ ကျော်ရှိနေပြီး ချေးငွေများကို ဦးရာလူထုတ်ပေးခြင်းမဟုတ်

သြဂုတ် ၅ ရက်အထိ COVID-19 ချေးငွေ လျှောက်လွှာတင်သူ ၃၇၀ ကျော်ရှိနေပြီး ချေးငွေများကို ဦးရာလူထုတ်ပေးခြင်းမဟုတ်
COVID-19 ချေးငွေ လျှောက်လွှာလာရောက်တင်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေ လျှောက်လွှာလာရောက်တင်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 7 August 2020
နီလာ

COVID-19 ချေးငွေလျှောက်လွှာ စတင်လက်ခံသည့်နေ့မှ သြဂုတ် ၅ ရက်အထိ လျှောက်လွှာတင်သူ ၃၇၀ ကျော်ရှိနေပြီး ချေးငွေများကို ဦးရာလူထုတ်ပေးခြင်းမဟုတ်ဘဲ စာရွက်စာတမ်းပြည့်စုံမှု၊ ချေးငွေပြန်ဆပ်နိုင်မှုတို့အပေါ် မူတည်၍ ခွင့်ပြုခြင်းဖြစ်သဖြင့် လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှသာ လျှောက်ထားသင့်ကြောင့် ကုန်သည်စက်မှုအသင်းချုပ်မှ အသိပေးချက်ထုတ် ပြန်ထားသည်။

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်မြောက် COVID-19 ချေးငွေကို ကုန်သည်စက်မှုအသင်းချုပ်ရုံးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းများတွင် စတင်လျှောက်ထားနိုင်ကြောင်း၊ လျှောက်လွှာစတင်လက်ခံသည့်နေ့မှစ၍ သြဂုတ် ၅ ရက်အထိ ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် ကိုယ်တိုင်လာရောက်လျှောက်လွှာတင်ခဲ့သူ ၃၁၂ ဦး၊ အွန်လိုင်းမှလျှောက်ထားသူ ၆၅ ဦးဖြင့် စုစုပေါင်း ၃၇၇ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေလျှောက်လွှာများကို ဇူလိုင် ၂၉ ရက်နံနက် ၉နာရီ ၃၀ မိနစ်မှစတင် လက်ခံ၍ သြဂုတ် ၁၀ ရက်ညနေ ၄ နာရီ ၃၀ မိနစ်အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။

ချေးငွေလျှောက်ထားသူများအနေဖြင့် လျှောက်ထားရာတွင် ဦးစားပေးလုပ်ငန်းကဏ္ဍတွင် အကျုံးဝင်သောလုပ်ငန်းများသာ လျှောက်ထားနိုင်သည်။

ချေးငွေခွင့်ပြုရာတွင် ဦးရာလူထုတ်ပေးခြင်းမဟုတ်ဘဲ စာရွက်စာတမ်းပြည့်စုံမှု၊ ချေးငွေပြန်ဆပ်နိုင်မှုတို့အပေါ်မူတည်၍ ခွင့်ပြုပေးခြင်းဖြစ်သဖြင့် အလျင်စလို လာရောက်လျှောက်ထားခြင်းထက် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံအောင်ဖြည့်ဆည်းပြီးမှသာ လျှောက်ထားသင့်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က အသိပေးထားသည်။

ချေးငွေများကို အတိုးနှုန်းတစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးမည်ဖြစ်သည်။

လျှောက်လွှာများကို ကုန်သည်စက်မှုအသင်းချုပ်၊ ရန်ကုန်မြို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ရယူနိုင်ကြောင်းနှင့် အွန်လိုင်းမှ လျှောက်ထားလိုသူများအနေဖြင့်လည်း https.//umfccicovid19loan.mitcloud.com သို့ ဝင်ရောက်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဒုတိယအကြိမ်ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် Suppy Chain တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသို့ ထုတ်ပေးရေးဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့်လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။