ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၌ လမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး ကဏ္ဍသုံးခုကို အဓိကဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူများ၊ Developer များအား အဓိကဦးစားပေးရှာဖွေနေ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၌ လမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး ကဏ္ဍသုံးခုကို အဓိကဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူများ၊ Developer များအား အဓိကဦးစားပေးရှာဖွေနေ
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဇင်)
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဇင်)
Published 4 August 2020
နီလာ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် လမ်း၊ လျှပ်စစ်မီးနှင့် နိုင်ငံတကာနှင့် ဆက်သွယ်ကူးသန်းနိုင်ရန် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး စသည့် ကဏ္ဍသုံးခုကို အဓိကဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှှံသူများ၊ Developer များကို အဓိက ဦးစားပေး ရှာဖွေနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ ဒီကာလအတောအတွင်းမှာ အဓိကထားပြီး ဆောင်ရွက်နေတာက အဓိကသုံးခုပေါ့နော်။ လမ်း၊ လမ်းဆိုတာမှာ ကျွန်တော်တို့ ဇုန်နဲ့ ထိုင်းနိုင်ငံနဲ့ကို ချိတ်ဆက်ဖော်ဆောင်မယ့် နှစ်လမ်းသွားလမ်း တည်ဆောက်ပေးနိုင်ဖို့ ၊ ဒုတိယကတော့ ဒီမှာ မီးပေါ့၊ လျှပ်စစ်မီးမရှိဘဲ ဘယ်လိုစက်မှုလုပ်ငန်းမျိုးမှ မလုပ်နိုင်ဘူး။ အဲတော့ လျှပ်စစ်မီးပေးပို့နိုင်ဖို့၊ တတိယအနေနဲ့က နိုင်ငံတကာနဲ့ ဆက်သွယ်ကူးသန်းနိုင်ဖို့အတွက် ဆိပ်ကမ်းတည်ဆောက်နိုင်ဖို့ဆိုတဲ့ Priority သုံးခုကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒေါက်တာတင်ထူးနိုင်က ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနယ်စပ်အထိ ဖောက်လုပ်မည့်လမ်းစီမံကိန်းအတွက် ထိုင်းနိုင်ငံမှ ချေးငွေရယူကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ၂၀၂၃ ခုနှစ်ခန့်တွင် မီးပေးနိုင်ရေး Plan A ၊ Plan B ၊ Plan C ခွဲ၍ ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“ လိုအပ်နေတာက ဆိပ်ကမ်းကို အဓိကဦးစားပေးပြီး ရင်းနှီးမြှုပ်နှံသူတွေ Developer တို့ ရှာနေတဲ့ သဘောမျိုးပေါ့နော်” ဟု ဒေါက်တာတင်ထူးနိုင်က ဆိုသည်။

ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သည့်လေ့လာမှုများ ဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်းများအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး COVID-19 ကာလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်းများတွင်  ရင်းနှီးမြှုပ်နှံသူလိုသူများမှာ လူကိုယ်တိုင် လာရောက်ဆွေးနွေးမှုများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

“ ဒီဇုန်ကြီးက တကယ်ကအရမ်းကျယ်တယ်။ ဒါကြောင့်မို့ အကုန်လုံးကိုတပြိုင်နက်တော့ တစ်ယောက်ထဲ သို့မဟုတ် ကုမ္ပဏီတစ်ခုတည်း၊ နှစ်ခုတည်းနဲ့လုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ နိုင်ငံအသီးသီးက ကဏ္ဍအသီးသီးက ရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီးမြှုပ်နှံတည်ဆောက်မယ့်သူတွေနဲ့ ဖိတ်ခေါ်ဖို့ရှိပါတယ်” ဟု ဒေါက်တာတင်ထူးနိုင်က ဆိုသည်။

“ High Tech၊ Capital Intensive နဲ့ Heavy Industry တွေအတွက် စိတ်ဝင်စားတယ်။ ဥပမာဆိုရင် ဂျပန်နိုင်ငံက ရေနက်ဆိပ်ကမ်းအတွက် လိုအပ်တဲ့လေ့လာမှုတွေ ဆောင်ရွက်ဖို့ ဆွေးနွေးထားတာ ရှိပါတယ်”  ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးအဆင့် အကောင်အထည်ဖော်ရန် ကြိုတင်လိုအပ်ချက် (Condition Precedents) များ ဖြည့်ဆည်းပေးပြီးဖြစ်၍ အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် မြေငှားစာချုပ်ချုပ်၍ ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် နောင်တွင်မြေငှားရမ်းကာ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများကြောင့် ထိခိုက်နစ်နာသည့်ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

Most Read

Most Recent