ကိုးလခွဲကျော်တွင် သစ်တောထွက်ပစ္စည်းတင်ပို့မှု ဒေါ်လာသန်း ၁၂၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၇ သန်းကျော် လျော့ကျ

ကိုးလခွဲကျော်တွင် သစ်တောထွက်ပစ္စည်းတင်ပို့မှု ဒေါ်လာသန်း ၁၂၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၇ သန်းကျော် လျော့ကျ
Published 4 August 2020

လက်ရှိဘဏ္ဍာနှစ် ကိုးလခွဲကျော်တွင် သစ်တောထွက်ပစ္စည်းတင်ပို့မှု ဒေါ်လာ သန်း ၁၂၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၇ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ကိုးလခွဲကျော်တွင် ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၁၂၀ ဒသမ ၁၁၇ သန်း ရှိသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၁၃၇ ဒသမ ၃၄၁ သန်းအထိ ရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလခွဲကျော်တွင် ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၇ ဒသမ ၂၂၄ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားကုန်ပစ္စည်းများ အဓိကတင်ပို့နေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိကကုန်စည် ခုနစ်မျိုးခန့်ကို စနစ်တကျတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက ယင်းကုန်စည်တစ်ခုမှ ဝင်ငွေဒေါ်လာ တစ်ဘီလျံခန့်အထိ တိုးတက်ရရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလခွဲကျော်တွင် စုစုပေါင်း ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၄ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၅၉၀ နီးပါး ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ပြည်ပသို့ စုစုပေါင်း ပို့ုကုန်တင်ပို့မှု ဒေါ်လာ ၁၄ ဒသမ ၀၄၃ ဘီလျံ ရရှိသည်။ ယခင်နှစ်ကာလတူ၌ ဒေါ်လာ ၁၃ ဒသမ ၄၄၄ ဘီလျံသာ ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌ ပြုလုပ်သည့် “Myanmar Entrepreneurship Summit 2019” တွင် မီဒီယာများ၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ ဒီနှစ်အတွက် သိပ်မများပါဘူး။ ကုန်သွယ်မှုက ဒေါ်လာ ၃၄ ဘီလျံလောက် မှန်းထားတယ်။ ပို့ကုန်ပိုင်းကတော့ ဒေါ်လာ ၁၈ ဘီလျံလောက် မှန်းထားတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent