ပြည်တွင်းမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို High Value ပို့ကုန်အဖြစ် လေကြောင်းလိုင်းများဖြင့် ချိတ်ဆက်တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်စေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဇူလိုင် ၃၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ မြေညီထပ်တွင် ခင်းကျင်းပြသထားသည့် မြန်မာ့ပြည်ပပို့ကုန်ပြခန်းအတွင်း ပြည်တွင်းမှ ထုတ်လုပ်ထားသော တန်ဖိုးမြှင့် ပြည်ပပို့ကုန်ပစ္စည်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းအုပ်စု (၁၁) ဝင်းအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဟင်းသီးဟင်းရွက် အွန်လိုင်းစနစ်ဖြင့် လက်လီလက်ကား ရောင်းဝယ်ရေးသို့ ရောက်ရှိပြီး အသင်း၏ အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နေမှု၊ အွန်လိုင်းစနစ်ဖြင့် လက်လီလက်ကား ရောင်းချနေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်တွင်းမှထွက်ရှိသော ဟင်းသီးဟင်းရွက်များကို High Value ပို့ကုန်အဖြစ် လေကြောင်းလိုင်းများဖြင့် ချိတ်ဆက်၍ တင်ပို့နိုင်ရေးနှင့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို လိုအပ်လျက်ရှိသည့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ကြိုးစားစီစဉ်ဆောင်ရွက်စေလိုကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအပေါ်တွင် COVID-19 ၏ အကျိုးသက်ရောက်မှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရန် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP Project) အမည်ဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာသန်း ၂၀၀ အနက် ဒေါ်လာ ၃၅ သန်းနှင့် လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းကဏ္ဍသုံးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ကဏ္ဍ (၁) အနေဖြင့် သမဝါယမအသင်းများမှတစ်ဆင့် လယ်သမားများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ကဏ္ဍ (၂) အနေဖြင့် မျိုးစေ့ထုတ် သမဝါယမအသင်းများ တောင့်တင်းခိုင်မာရေးအတွက် ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကဏ္ဍ (၃) အနေဖြင့်မူ သမဝါယမ ကန်ထရိုက် လယ်ယာစနစ်ဆောင်ရွက်မည့် သမဝါယမအသင်းများကို ငွေကြေးထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကမ္ဘာ့ဘဏ်မှချေးငွေ ဒေါ်လာသန်း ၂၀၀ ဖြင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP) ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြန်မာနိုင်ငံ အောက်ပိုင်း၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသများနှင့် ကမ်းရိုးတန်းဒေသများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံအမည်စုံ ပိုမိုစိုက်ပျိုးလာနိုင်စေရန်၊ ရွေးချယ်ထားသော တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက်မှ စိုက်ပျိုးရေးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်မှုနှင့် စျေးကွက်ယှဉ်ပြိုင်မှုများ တိုးမြှင့်လာနိုင်စေရန်နှင့် အရေးပေါ် တုံ့ပြန်မှုအစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာသန်း၂၀၀ ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ စီမံကိန်းကာလငါးနှစ်ခွဲအတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။
COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုများအား တုံ့ပြန်နိုင်ရေးနှင့် နိုင်ငံတော်က ရေးဆွဲလျက်ရှိသည့် တုံ့ပြန်ရေး မဟာဗျူဟာအစီအစဉ်တွင် ပါဝင်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။










