လောင်းကစားကုမ္ပဏီ၊ ဂိမ်းကုမ္ပဏီနှင့် အချက်အလက်ကုမ္ပဏီများကို ပေါင်သန်းရာချီလျော်ကြေးရလိုမှုဖြင့် ဗြိတိန်မှ ဘောလုံးသမား(၄၀၀)ကျော် တရားစွဲမည်

လောင်းကစားကုမ္ပဏီ၊ ဂိမ်းကုမ္ပဏီနှင့် အချက်အလက်ကုမ္ပဏီများကို ပေါင်သန်းရာချီလျော်ကြေးရလိုမှုဖြင့် ဗြိတိန်မှ ဘောလုံးသမား(၄၀၀)ကျော် တရားစွဲမည်
Photos : Genuis Sports, Sporting Life, ChatSports
Photos : Genuis Sports, Sporting Life, ChatSports
Published 28 July 2020

ပရီးမီးယားလိဂ်၊ EFL၊ National League နှင့် စကော့တစ်ရှ်ပရီးမီးယားလိဂ်တို့တွင် ကစားလျက်ရှိသော ဘောလုံးသမား (၄၀၀)ကျော် ပါဝင်နေသည့် ကစားသမားအစုအဖွဲ့ကြီးတစ်ခုသည် လောင်းကစားကုမ္ပဏီ၊ ဂိမ်းကုမ္ပဏီ၊ အချက်အလက်ကုမ္ပဏီများထံမှ ပေါင်သန်းရာချီ လျော်ကြေးရယူလိုမှုဖြင့် တရားစွဲဆိုရန်စီစဉ်နေသည်ဟု သိရှိရသည်။    

ယင်းကုမ္ပဏီများသည် ဘောလုံးသမားများ၏ စွမ်းဆောင်ရည်အချက်အလက်များကို ခွင့်ပြုချက်မယူဘဲ အသုံးပြုနေပြီး ငွေကြေးရှာဖွေနေကြသည့် လုပ်ငန်းများအဖြစ် လည်ပတ်နေကြပြီး ယင်းအပေါ် ဘောလုံးသမား (၄၀၀)ကျော်က လျော်ကြေးငွေအဖြစ် ပြန်လည်တောင်းဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းတရားစွဲဆိုမှုများသည် ယခင်က မရှိခဲ့ဖူးဘဲ ယင်းကုမ္ပဏီများသည်လည်း စွမ်း ဆောင်ရည်ပြ ဒေတာအချက်အလက်များကို နှစ်ပေါင်းများစွာ အခမဲ့အသုံးပြုလာကြပြီး ဝင်ငွေမြောက်မြားစွာ ရရှိလျက်ရှိသည်။

ယင်းအတွက်ကြောင့် မိမိတို့ခွင့်ပြုချက်မပါဘဲ မိမိတို့၏ စွမ်းဆောင်အချက်အလက်များကို အခမဲ့ရယူကာ ဘောလုံးကလပ်အသင်းများနှင့် မီဒီယာများကို ရောင်းချနေခြင်း၊ ဂိမ်းခွေများတွင်ထည့်သွင်းခြင်း၊ လောင်း ကစားအချက်အလက်များအတွက် အသုံးပြုခြင်းတို့အတွက် ပထမဆုံးအကြိမ် တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်ပြီး အောင်မြင်မှုရရှိခဲ့ပါက ပေါင်သန်းရာချီပမာဏအထိ လျော်ကြေးငွေရရှိနိုင်သည်ဟု သိရှိရသည်။

ယင်းအစီအစဉ်ကို ပါဝင်ရန်အတွက် ကစားသမား (၄၀၀)ကျော် လက်မှတ်ထိုးထားကြရာတွင် အချို့ကစား သမားများသည် လျော်ကြေးငွေ ပေါင်သောင်းချီရရှိမည်ဖြစ်ပြီး အချို့ကစားသမားများမှာမူ နည်းပါးလိမ့်မည်ဖြစ်သည်။

အဓိကအားဖြင့် ကစားသမားတစ်ဦးချင်းစီ၏ လက်ရှိကစားနေသည့် လိဂ်အဆင့်အတန်းအပေါ်မူတည်ကာ လျော်ကြေးငွေ လက်ခံရရှိမှု ကွာခြားသွားလိမ့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိဘောလုံးလောကတွင် ကစားသမားများ၏ ရုပ်ပုံအသုံးပြုခများအတွက် သတ်မှတ်ထားသည့် တန်ကြေးများရှိသော်လည်း ကစားသမားများ၏ အရည်အသွေးအပေါ်မူတည်ပြီး ထွက်ပေါ်လာသည့် စွမ်းဆောင်ရည်နှင့်ပတ်သက်သည့် အချက်အလက်များအတွက်မူ အခကြေးငွေ ရရှိခြင်းမရှိချေ။ ယင်းအတွက်ကြောင့် Image Right ကဲ့သို့ပင် ယင်းမှာလည်း ရရှိသင့်သည့် ငွေကြေးအဖြစ် ကစားသမားအချို့က ရှုမြင်လာကြပြီး ယခုတရားစွဲဆိုမှုကိုလည်း အောင်မြင်မှုရရှိလိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။

ယင်းကစားသမားများ၏ တရားစွဲဆိုမှုသာ အောင်မြင်ခဲ့ပါက နောက်ထပ်ကစားသမားများပါ ပါဝင်လာနိုင်သည့်အခြေအနေကို လောင်းကစားကုမ္ပဏီများ၊ ဂိမ်းကုမ္ပဏီများနှင့် အချက်အလက်ကုမ္ပဏီများသည် ထပ်မံရင်ဆိုင်ရဖွယ်ရှိနေသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ကာဒစ်ဖ် စီးတီး နည်းပြဟောင်း စလိဒ်က ''ဘောလုံးသမားဘဝရဲ့ သက်တမ်းက တော်တော်လေးတိုပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စတင်နိုင်သူတွေရှိပေမယ့် ပျမ်းမျှဆိုရင် (၈)နှစ်လောက်ပဲရှိပြီး အများစုက ဝင်ငွေနည်းပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်က မှန်ကန်ပါတယ်''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent