တောင်သမာန်သစ္စာ စီမံကိန်းနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများ ဟုတ်မှန်ခြင်းမရှိဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ငြင်းဆို

တောင်သမာန်သစ္စာ စီမံကိန်းနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများ ဟုတ်မှန်ခြင်းမရှိဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ငြင်းဆို
Published 22 July 2020
နေရိုင်း၊ ဇေယျာထွန်း

တောင်သမန်သစ္စာ စီမံကိန်းနှင့်ပတ်သက်၍  လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ပြောဆိုမှုများမှာ ဟုတ်မှန်ခြင်းမရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

နေပြည်တော်ရှိ NLD ပါတီယာယီဌာနချုပ် (ရုံးခွဲ) တွင် ဇူလိုင် ၂၁ ရက်ကပြုလုပ်သည့် NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး မန္တလေးအမရပူရ တာရိုးကျိုးပေါက်မှုနှင့်ပတ်သက်၍ နိုင်ငံရေးအရ ဝေဖန်မှုများရှိနေသည့်အပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"အွန်လိုင်းပေါ်မှာ တင်နေတာတွေရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နိုင်ငံရေးအောက်လုံးကတော့ ထိုးတာပေါ့။ ဝန်ကြီးချုပ်သား ကန်ထရိုက်ရတယ်။ ခင်ဗျားတို့ ဒါပြောချင်တာမလား။ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ ကျွန်တော့်သား နိုင်ငံခြားနေနေတာဗျ။ ဆရာဝန်ဗျ။ ဘာမှမဟုတ်ဘူး။ ခင်ဗျား တောင်သမန်သစ္စာမှာလည်း ကျွန်တော့်သမီးက ပြောနေတာတွေ အများကြီးပါ။ ထွန်းထွန်း(အမရပူရ) ဘယ်သူလဲ။ အဲဒီလိုမျိုး မလုပ်နဲ့လေဗျာ။ နိုင်ငံရေးအောက်လုံးထိုးတာတွေက ဘာကြောင့်အောက်လုံးထိုးတာလဲ။ ခင်ဗျားတို့ စဉ်းစားလို့ရတယ်။ ကျွန်တော် ဒါမပြောချင်ပါဘူး။ ဝေဖန်စရာလည်း မရှိဘူး။ ကိုယ်မှမဟုတ်ဘဲနဲ့ကို။ အဲဒီဟာကို သတင်းလို့ယူဆလို့ရှိရင် ယူဆတဲ့သူက ကျွန်တော်ထင်တယ်။ စဉ်ချင်တုံတရားလေးနဲ့တော့ စဉ်းစားသင့်တာပေါ့။ ဒီလောက်ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ဘာလုပ်လို့ရမှာလဲ" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေး၊ အမရပူရ ရေကာတာ ကျိုးပေါက်အောင်လုပ်သည့် အဓိကတရားခံသည် မန္တလေးတိုင်းဝန်ကြီးချုပ်၏ သားဖြစ်ကြောင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ်၏ သားဖြစ်သူသည် ဖခင်၏အရှိန်အဝါဖြင့် အမရပူရမြို့ ရေပေးဝေရေးစီမံကိန်း ကန်ထရိုက်ရယူခဲ့ကြောင်း၊ ယခုကျိုးသွားသည့် တာပေါင်လမ်းအောက်မှ ၂၄ လက်မ ကွန်ကရစ်ပိုက်ထိုးထည့်ကာ ဧရာဝတီမြစ်ယူစုပ်ယူကြောင်း၊ ယင်းသို့ရေစုပ်ယူသည့်အတွက် ရေစုပ်ယူသည့်နေရာက မြေသားများ ပိုက်ဘေးမှတိုက်စား၍ ယခုကဲ့သို့ ကျိုးပေါက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာ၌ ဝေဖန်ရေးသားမှုများရှိခဲ့သည်။

"ကန်ထရိုက် တာဝန်ရှိမှုနဲ့ပတ်သက်ပြီး စစ်ဆေးပြီးတော့ ကျွန်တော်တို့လုပ်ရမှာပေါ့။ နိုင်ငံခြားရန်ပုံငွေနဲ့ လုပ်တဲ့အခါကျတော့ အဲဒါကတော့ ပြန်ကြည့်ရမှာပေါ့။ဘာကြောင့် ပေါက်သလဲဆိုတာတော့ ကျွန်တော်ကတော့ မေးတော့ထားပြီးပြီ။ ဒါပေမဲ့ သဘာဝဘေးအန္တရယ်တစ်ခု ဖြစ်ပြီဆိုရင် ဘာကြောင့်ဖြစ်သလဲဆိုတာကို ကျွန်တော်တို့ စုံစမ်းတာရှိတယ်" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အမရပူရမြို့နယ် ရွှေဂဲရေးဆိုးထုတ်စက်ရုံ စီမံကိန်းအနီး တားရိုးကျိုးပေါက်မှုနှင့်ပတ်သက်၍ တာရိုးကျိုးပေါက်မှုကို ပြုပြင်ထိန်းသိမ်းမှုအဖွဲ့ ဖွဲ့စည်းထားပြီး ရေဘေးသင့်နေသည့် ပြည်သူများအား ပြန်လည်နေရာချထားရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအပါအဝင် သုံးဖွဲ့ဖွဲ့စည်းထားကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

 

Most Read

Most Recent