၂၀၀၃ ခုနှစ်က ရီယိုဖာဒီနန်၏တားမြစ်ဆေးကြားနာမှုတွင် ဖုန်းမှတ်တမ်းကို  ပြင်ဆင်ခဲ့သည့်ဖြစ်ရပ်အတွက် လူနှစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီးစစ်ဆေး 

၂၀၀၃ ခုနှစ်က ရီယိုဖာဒီနန်၏တားမြစ်ဆေးကြားနာမှုတွင် ဖုန်းမှတ်တမ်းကို  ပြင်ဆင်ခဲ့သည့်ဖြစ်ရပ်အတွက် လူနှစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီးစစ်ဆေး 
Published 21 July 2020

၂၀၀၃ ခုနှစ်အတွင်းက မန်ယူနောက်ခံလူ ရီယိုဖာဒီနန်၏ တားမြစ်ဆေးကြားနာမှုကိုလှည့်စားရန် သူ၏မိုဘိုင်းဖုန်းမှတ်တမ်းကိုလာဘ်ထိုးကာ ပြင်ဆင်ခဲ့သည့်ဖြစ်ရပ်အတွက် ဗြိတိန်ရဲတပ်ဖွဲ့သည် လူနှစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးနေ ကြောင်းသိရသည်။ ၂၀၀၃ စက်တင်ဘာလအတွင်းက ရီယိုဖာဒီနန်သည် မန်ယူအသင်း၏ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် တားမြစ်ဆေးစစ်ဆေးမှုခံယူရန် ပျက်ကွက်ခဲ့ပြီး ယင်းဖြစ်ရပ်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ကြားနာ စစ်ဆေးမှုပြုလုပ်ကာ ၎င်းအား (၈)လပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ် ငွေ ပေါင်(၅၀၀၀၀)ချမှတ်ခဲ့သည်။

ထိုစဉ်က FA ၏ကြားနာမှုတွင် ဖာဒီနန်အသုံးပြုခဲ့သော မိုဘိုင်းဖုန်းမှတ်တမ်းလည်းပါဝင်ခဲ့ပြီး ယင်းမှတ်တမ်းကို ပြောင်းလဲပြင်ဆင်မှုများရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ The Times က ပြန်လည်ထုတ်ဖော်တင်ပြခဲ့သည်။ မိုဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Sport Mobile ကို တည်ထောင်ခဲ့သူ ဂျွန်ရှက်ပတ်ဒ်အား The Times မှ အယောင်ဆောင်သတင်းထောက်တစ်ဦးက စုံစမ်းမေးမြန်းခဲ့ရာတွင် ၎င်း၏ပြော ကြားချက်များအရ နောက်ကွယ်မှ မသမာမှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုစဉ်က ဖာဒီနန်အသုံးပြုခဲ့သည့် Vodafone ဖုန်းကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကို (၂၂၅၀၀)ပေါင် လာဘ်ထိုးခဲ့ကြောင်း ဂျွန်ရှက်ပတ်ဒ်က The Times သို့ ပြောကြားခဲ့သည်။ 

ဂျွန်ရှက်ပတ်ဒ်၏ Sport Mobile ဖုန်းဝန်ဆောင်မှုလုပ်ငန်းသည် ငွေကြေးကြွယ်ဝချမ်းသာသူအများစု၏ဖုန်းနှင့် ပတ်သက်သော ကိစ္စရပ်များကို ပါဝင်ကူညီပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေကိုလည်း စီးပွားရေးသမားတစ်ဦးနှင့် အပြန်အလှန်တရားစွဲဆိုမှုတွင် အကူအညီပေးခဲ့ဖူးကြောင်း The Times က ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ The Times ၏ ဖော်ပြချက်ထွက်ပေါ်လာခဲ့ပြီးနောက် ဖာဒီနန်၏ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သူက ထွက်ပေါ်လာသည့်သတင်းများမှာ မှားယွင်းကြောင်းနှင့် ရှက်ပတ်ဒ်မှာ သူရဲကောင်းပြုလုပ်လိုစိတ်ဖြင့် ယင်းအကြောင်းအရာများကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အတူ မိုက်အက်ရှ်လေ၏ ပြောရေးဆိုခွင့်ရှိသူများကလည်း ရှက်ပတ်ဒ်၏ပြောဆိုမှုများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။

သို့သော် အင်္ဂလန်အနောက်မြောက်ဒေသ မှုခင်းတိုက်ဖျက်ရေးရဲတပ်ဖွဲ့တာဝန်ရှိသူများက ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြန်လည်စုံစမ်းစစ်ဆေးကာ မသင်္ကာဖွယ်လူ(၂)ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ယင်းရဲတပ်ဖွဲ့မှ ထုတ် ပြန်ခဲ့သော ကြေညာချက်တွင် ''မိမိတို့ တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများနှင့် အမျိုးသားမှုခင်းတိုက်ဖျက်ရေးအေဂျင်စီမှ တာဝန်ရှိသူများသည် မမှန်ကန်သည့်အချက်အလက်များဖြင့် တရားစီရင်မှုကို လမ်းလွဲရောက်စေသော လုပ်ရပ်၌ ပါဝင်ခဲ့သည့် မသမာသူများကို စုံစမ်းလျက် ရှိနေပါသည်။ ယနေ့(ဇူလိုင် ၁၇ ရက်နေ့) အသက် (၆၂)နှစ်နှင့်(၃၇)နှစ်အရွယ် ပုဂ္ဂိုလ်(၂)ဦးအား လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်ဖွယ်ရှိသည့် မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပါသည်။ ၎င်းင်းတို့အား ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးလျက်ရှိနေပြီး ရရှိသည့်အချက်အလက်များအပေါ် အခြေခံ၍နောက်ထပ်စုံစမ်းမှုများ ဆက်လက်ပြုလုပ်သွားပါမည်''ဟု ဖော်ပြပါရှိသည်။

Most Read

Most Recent