ဒေါ်လာစျေး ကျဆင်းခြင်း၊ ပြည်ပတင်ပို့မှု၌ စျေးကောင်းမရရှိခြင်းတို့ကြောင့် လက်ရှိတွင် ပြည်တွင်းဆန်စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် တာဝန်ရှိသူ ပြောကြား

ဒေါ်လာစျေး ကျဆင်းခြင်း၊ ပြည်ပတင်ပို့မှု၌ စျေးကောင်းမရရှိခြင်းတို့ကြောင့် လက်ရှိတွင် ပြည်တွင်းဆန်စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် တာဝန်ရှိသူ ပြောကြား
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 11 July 2020
ဇေယျာငြိမ်း

ဒေါ်လာစျေး ကျဆင်းခြင်း၊ ပြည်ပတင်ပို့မှု၌ စျေးကောင်းမရရှိခြင်းတို့ကြောင့် လက်ရှိတွင် ပြည်တွင်းဆန်စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

“ လောလောဆယ်တော့ ဆန်စျေးက အေးအေးမှန်မှန်ပဲ။ နိုင်ငံတကာစျေးက စျေး မပေးတော့ ငွေစျေးကလည်းကျ၊ ဒေါ်လာစျေးက ကျ၊ နိုင်ငံခြားကို ရောင်းတဲ့စျေးကလည်း မကောင်းတော့ စျေးမပေးနိုင်ဘူး။ ဒီတော့ လက်ရှိပြည်တွင်းမှာ စပါးသိုလှောင်ထားတဲ့သူတွေက စျေးအမြင့်တစ်ခုကို ရောက်ပြီးမှ ပြန်ချဝယ်တဲ့စျေးဆိုတော့ ရောင်းတဲ့သူကလည်း အာရုံမကျဘူး။ ရောင်းတဲ့သူက ဒီစျေးကို မရောင်းချင်ဘူး။ ဝယ်တဲ့သူကလည်း ဒီစျေးကိုမဝယ်နိုင်ဘူး။ ဒီကာလက အရောင်းအဝယ်အေးတဲ့ ကာလဖြစ်နေတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်၊ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် အာရှနိုင်ငံများ၏ FOB ဆန်စျေးနှုန်းများ နှိုင်းယှဉ်ကြည့်ပါက ဆန်ဖြူ ၅ မှတ်ဆန်အမျိုးအစား တစ်တန်သည် ထိုင်းတွင် ဒေါ်လာ ၅၂၀၊ ဗီယက်နမ်တွင် ဒေါ်လာ ၄၆၃၊ အိန္ဒိယတွင် ဒေါ်လာ ၃၆၀၊ ပါကစ္စတန်တွင် ဒေါ်လာ ၄၃၀၊ မြန်မာတွင် ဒေါ်လာ ၄၄၀ စသည်ဖြင့် စျေးနှုန်း အသီးသီးရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ဆန်ဖြူ ၂၅ မှတ်ဆန်အမျိုးစား တစ်တန်သည် ထိုင်းတွင် ဒေါ်လာ ၅၀၆၊ ဗီယက်နမ်တွင် ဒေါ်လာ ၄၄၀၊ အိန္ဒိယတွင် ဒေါ်လာ ၃၃၀၊ ပါကစ္စတန်တွင် ဒေါ်လာ ၃၀၀၊ မြန်မာတွင် ဒေါ်လာ ၃၉၅ ရှိကြောင်း သိရသည်။

လက်ရှိတွင် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ပွင့်ဖြူမြို့နယ်ဘက်မှ ရတနာတိုး ဆန် အမျိုးအစားများ အဓိကဝင်ရောက်လျက်ရှိပြီး တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ မှ ၂၂၀၀၀ ကြား ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်၌ လက်ရှိတွင် ရတနာတိုးဆန်တစ်အိတ်လျှင် ကျပ်၁၉၀၀၀ မှ ၂၂၀၀၀ ကြား၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ၂၁၀၀၀ ကြား၊ ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၁၆၀၀၀ မှ ၁၈၀၀၀ ကြားအထိ ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၆ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၁၂၉ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၆၃၅ ဒသမ ၃၁၅ သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၃၅၉ သန်းကျော်ရှိပြီး ဝင်ငွေဒေါ်လာသန်း ၄၃၀ ကျော်ရရှိထားသည်။ ဆန်ကွဲတင်ပို့မှု တန်ချိန် ခုနစ်သိန်း ခုနစ်သောင်းနီးပါးရှိပြီး ဝင်ငွေဒေါ်လာသန်း ၂၀၀ ကျော် ရရှိထားသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“ တစ်နှစ်ကို ဆန်တန်ချိန် နှစ်သန်းအထက်တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေအထား ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှစတင်၍ ကုမ္ပဏီများ၏ ဆန်ပြည်ပတင်ပို့မှုအပေါ် ပမာဏ ကန့်သတ်ထားခြင်းစနစ်အား ပယ်ဖျက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတော်ရိက္ခာအရန်ဆန် ၁၀ ရာခိုင်နှုန်း ပေးသွင်းခြင်းအား ပို့ကုန်ပမာဏ၏ ၅ ရာခိုင်နှုန်းသို့ လျော့ချသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent