COVID-19 အနည်းငယ် တည်ငြိမ်လာသော်လည်း ငါးလုပ်ငန်းတွင် ပြည်တွင်း/ပြည်ပ စျေးကွက်သို့ ရာခိုင်နှုန်း ၆၀ ခန့်သာ တင်ပို့နိုင်ပြီး ရာနှုန်းပြည့် မရောက်သေးဟုဆို

COVID-19 အနည်းငယ် တည်ငြိမ်လာသော်လည်း ငါးလုပ်ငန်းတွင် ပြည်တွင်း/ပြည်ပ စျေးကွက်သို့ ရာခိုင်နှုန်း ၆၀ ခန့်သာ တင်ပို့နိုင်ပြီး ရာနှုန်းပြည့် မရောက်သေးဟုဆို
ပန်းတနော်မြို့နယ်ရှိ ငါးတန်မွေးမြူရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပန်းတနော်မြို့နယ်ရှိ ငါးတန်မွေးမြူရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 July 2020
မျိုးထွန်း

COVID-19 အနည်းငယ် တည်ငြိမ်လာသော်လည်း ငါးလုပ်ငန်းတွင် ပြည်တွင်း ပြည်ပ တင်ပို့မှု ရာခိုင်နှုန်း ၆၀ ခန့်သာ တင်ပို့နိုင်ပြီး ရာနှုန်းပြည့် မရောက်သေးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်ကဇူလိုင်  ၇ ရက်တွင် ပြောကြားသည်။

“မွေးမြူရေးငါးတွေပဲ စျေးကွက်ထဲမှာရှိတယ်။ COVID-19 ဖြစ်တဲ့အတွက် စျေးကွက်ထဲက မွေးမြူရေးငါးတွေနဲ့ ဖြန့်ဖြူးနေတာပါ။ ပြည်တွင်းထိန်းချုပ်မှုတွေ ရှိနေသေးတော့ ဒီစီးပွားရေး အခက်အခဲလည်း ရှိနေတော့ အဲ့ဒီဘက်စုံ အခက်အခဲ ရှိနေတဲ့အပေါ်မှာ ပြည်တွင်းစျေးကွက်ကလည်း အရင်ပုံမှန် အခြေအနေကို ပြန်မရောက်သေးဘူး။ ပြည်တွင်းစျေးကွက်ကလည်း ကျွန်တော်တို့ ရာခိုင်နှုန်း ၆၀၊ ၇၀ လောက်ပဲ ရောက်သေးတယ်လို့ ကျွန်တော်တို့ထင်တယ်။ ရာခိုင်နှုန်း ၃၀ နဲ့ ၄၀ လောက် လျော့နေသေးတယ်။ ပြည်ပကို တင်ပို့မှုကလည်း အဲဒီလိုပဲ ရာခိုင်နှုန်း ၆၀ နဲ့ ၇၀ လောက်ပဲ ပြန်ရောက်သေးတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ငါးမွေးမြူရေးလုပ်ငန်း၌ ခြံများထဲတွင် ငါးများရှိကာ စျေးကွက်ထဲတွင် လိုအပ်တိုင်း ဖော်ပေးနေသော်လည်း အရောင်းလျော့ခြင်းနှင့် စျေးကျခြင်းစသော စျေးကွက်ဆိုင်ရာ အခက်အခဲများ ရှိသည့်အတွက် စီးပွားရေး သဘောအရ ပုံမှန်အနေအထား ပြန်မရောက်သေးကြောင်း၊ ပြည်တွင်းစျေးကွက်နှင့် ပြည်ပစျေးကွက် အနေအထားအရ ရာခိုင်နှုန်း ၆၀ နှင့် ရဝကြားခန့်သာရှိပြီး မူလအတိုင်း ပြန်ရောက်ရန်အတွက် အချိန်တစ်ခု စောင့်ရမည် ဖြစ်ကြောင်း၊ လက်ရှိ၌ မွေးမြူရေးငါးကိုသာ ပြည်တွင်း ပြည်ပအတွက် အဓိက တင်ပို့နေရကြောင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်လက်ပြောကြားသည်။

COVID-19 ရောဂါဖြစ်သော်လည်း မြန်မာ့ရေထွက်ပို့ကုန်မှာ ယခင်နှစ်ထက် ဒေါ်လာသန်း ၁၀၀ ကျော် ပိုရသည့်အတွက် တိုးတက်မှုရှိလာကြောင်း၊ COVID-19 ရောဂါသည် အားလုံးကြုံရသည့်အတွက် အခက်အခဲ ရှိခဲ့သော်လည်း ရောဂါမဖြစ်ခဲ့လျှင် ရေလုပ်ငန်းသည် ယခုနှစ်တွင် အနည်းဆုံး ဒေါ်လာ သန်း ၉၀၀ အထိ ရနိုင်ပြီး COVID-19 ရောဂါဖြစ်လိုက်သည့်အတွက် အနည်းငယ် အဟန့်အတား ဖြစ်သွားကြောင်း၊ ရေလုပ်ငန်းသည် အခြားလုပ်ငန်းများဖြစ်သည့် ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများကဲ့သို့ လုံးဝပိတ်လိုက်ခြင်း မဟုတ်ဘဲ ဆက်လက် လုပ်ကိုင်နေကြောင်း  အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

COVID-19 ရောဂါ ကာလအတွင်း ငါးဖမ်းလုပ်ငန်းသည် စျေးကျပြီး ဝယ်လိုအား လျော့နည်းခဲ့ကြောင်း၊ အင်းအိုင်များနှင့် မြစ်ချောင်းများမှ ဖမ်း၍ရသည့် ငါးများက အင်းအိုင်ရာသီ ကုန်သွားပြီ ဖြစ်သည့်အတွက် ကုန်တက် သိပ်မရှိကြောင်း၊ မွေးမြူရေးငါးသည် နိုင်ငံတစ်ဝန်းသို့ တစ်နေ့လျှင် ပိဿာချိန် တစ်သိန်းခွဲခန့်သာ ရောင်းချခဲ့ရကြောင်း သိရသည်။

ငါးဖမ်းရာသီအရ ရေငန်ငါးဖမ်းလုပ်ငန်းမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ငါးဖမ်းဆီးမှု ပိတ်ထားပြီး ကမ်းနီးငါးဖမ်း လုပ်ငန်းများသာရှိကြောင်း၊ ယင်းအပြင် မေ၊ ဇွန်၊ ဇူလိုင်လများမှာ အင်းအိုင်များတွင် မွေးမြူထားသည့် ငါးများမှာ ဖမ်းဆီးချိန် မဟုတ်သေးကြောင်း၊ ယင်းကြောင့် စျေးကွက်အတွင်း တင်ပို့နေသည့် ငါးများမှာ မွေးမြူရေးလုပ်ငန်းများမှ ငါးများသာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent