ပြင်သစ်ဖြစ်တည်မှု ပဓာနဝါဒီတွေးခေါ်ရှင် ယန်းပေါဆတ်၏ Nausea ဟူသည့် ဝတ္ထုထဲတွင် သူ၏ဇာတ်ကောင်သည် သူကြည်ညိုလေးစားသည့် နိုင်ငံရေးသမားတစ်ဦးအကြောင်း ကျမ်းပြုရန်အတွက် သုတေသနပြုပြီး အချက်အလက်များကို စုဆောင်းနေခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်လျက်က နောက်ဆုံးတွင် သူကြည်ညိုလေးစားသူသည် အလွန်ကောက်ကျစ်ယုတ်မာပြီး ရွံစရာကောင်းသည့် လူတစ်ဦးဖြစ်နေကြောင်း သိရှိလိုက်ရသည်။ ဆိုရလျှင် သူ၏ ကောင်းကင်ကြီး ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။ သူ၏ ဘုရားသခင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ သူသည် မည်သည့်ကျမ်းကိုမျှ ဆက်လက်မပြုစုနိုင်တော့သကဲ့သို့ မည်သည့် သုစရိုက်မှုကိုမျှလည်း ပြုလုပ်၍မရတော့ပေ။ သူ့တွင် ထူးဆန်းသည့် ရောဂါတစ်မျိုး ရရှိလာခဲ့သည်။ သူ၏ ရောဂါမှာ သဲသောင်ပြင်ပေါ်မှ ကျောက်ခဲလေးတစ်ခဲကို ကောက်ကိုင်လိုက်လျှင်ပင် ပျို့အန်ချင်စိတ်က ဝမ်းခေါင်းထဲမှနေ၍ လိပ်တက်လာခြင်း ဖြစ်သည်။ ဤနေရာ၌ စာရေးသူပြောလိုသည်မှာ ကြောင်သူတော်ဝါဒ (Hypocrisy) ဖြစ်သည်။
ကြောင်သူတော်ဝါဒဟူသည် စရိုက်အမှန်အကန် သို့မဟုတ် လိုအင်ဆန္ဒ၊ အထုံ၊ ၀ါသနာ အစစ်အမှန်ကို ဖုံးကွယ်လျက် သူတော်ကောင်းတရား သို့မဟုတ် ကောင်းမှုသုစရိုက်ပြုမှုအသွင် ဟန်ဆောင်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဘာသာရေး သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ ယုံကြည်မှုများနှင့် ပတ်သက်နေသည်။ ထို့ကြောင့် ကြောင်သူတော်ဝါဒတွင် ယေဘုယျအမြင်အရ စိတ်ရင်းအမှန်ကို ဖုံးကွယ်ဟန်ဆောင်ခြင်း၊ ဟိတ်ဟန်ထုတ်ခြင်းနှင့် အရေခြုံအယောင်ဆောင်ခြင်းတို့ ပါဝင်သည်။ ကြောင်သူတော်ဝါဒဟူသည့် စကားရပ်ကို အလားတူအပြုအမူ သို့မဟုတ် လုပ်ဆောင်ချက်နှင့်ပတ်သက်၍ လူတစ်ဦးက အခြားတစ်ဦးကို ဝေဖန်ရာ၌ အသုံးပြုသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ပညာတွင် ကြောင်သူတော်ဝါဒဟူသည် “ လူတစ်ဦးအနေဖြင့် မိမိကိုယ်တိုင် ထုတ်ဖော်ပြောကြားထားသည့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများနှင့် သဘောတရားများကို မိမိကိုယ်တိုင် လိုက်နာရန် ပျက်ကွက်ခြင်း” အား ရည်ညွှန်းသည်။
ဗြိတိသျှနိုင်ငံရေးတွေးခေါ်ရှင် ဒေးဗစ်ရန်ဆီမန်၏ အဆိုအရ ကြောင်သူတော်ဝါဒဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်းနှင့် ပတ်သက်သည့် အခြားအမျိုးအစားများတွင် မိမိ၌ မရှိသည့် သိမှုကို ရှိလေဟန် အခိုင်အမာပြောဆိုခြင်း၊ ရှေ့နောက်ညီညွတ်အောင် တစ်သမတ်တည်း မိမိကိုယ်တိုင် မထိန်းသိမ်းနိုင်သည့် အရာများကို ပြောဆိုခြင်း၊ မိမိ၌ အမှန်တကယ်မရှိသည့် သစ္စာစောင့်သိမှုကို အခိုင်အမာပြောဆိုခြင်းနှင့် မိမိအနေဖြင့် ဆုပ်ကိုင်ထားနိုင်ခြင်းမရှိသည့် မိမိမည်သူမည်ဝါဖြစ်ကြောင်း လက္ခဏာရပ်/ကိုယ်ပိုင်လက္ခဏာနှင့် ပတ်သက်၍ အခိုင်အမာပြောဆိုခြင်းတို့ ပါဝင်သည်။ အမေရိကန်နိုင်ငံရေးဆိုင်ရာ ဂျာနယ်လစ် မိုက်ကယ်ဂျာဆန်က “ ပြည်သူလူထုအား အရူးလုပ်၍ နိုင်ငံရေးဆိုင်ရာ အကျိုးအမြတ် ရယူရန်အတွက် မျက်နှာဖုံးတစ်ခုကို တမင်တကာ အသုံးပြုမှု” အား နိုင်ငံရေးဆိုင်ရာ ကြောင်သူတော်ဝါဒဟု ခေါ်ဆိုကြောင်း ဖွင့်ဆိုခဲ့သည်။
ကြောင်သူတော်ဝါဒအကြောင်းသည် လူ့သမိုင်းအဦးအစကတည်းက ဉာဏ်ပညာဆိုင်ရာ ကျေးလက်ပုံပြင်များနှင့် အသိပညာပေးစာပေများ၌ ပါဝင်သည့် အကြောင်းအရာ တစ်ရပ်ဖြစ်ခဲ့သည်။ ယင်းနောက် ခေတ်အဆက်ဆက်၌ ကြောင်သူတော်ဝါဒဟူသည့် အသုံးအနှုန်းနှင့် ကြောင်သူတော် ၀ါဒအကြောင်းတို့သည် ပို၍ ပို၍ တွင်ကျယ်ဖွံ့ဖြိုးလာခဲ့ရာ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း၌ အပြုအမူဆိုင်ရာ စီးပွားရေးပညာ၊ သိမြင်မှုဆိုင်ရာ သိပ္ပံပညာ၊ ယဉ်ကျေးမှုဆိုင်ရာ စိတ်ပညာ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်၊ ကျင့်ဝတ်၊ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စိတ်ပညာ၊ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ပညာ၊ နိုင်ငံရေး လူမှုဗေဒ၊ အကောင်းမြင်မှုဆိုင်ရာ စိတ်ပညာ၊ လူမှုရေးဆိုင်ရာ စိတ်ပညာနှင့် လူမှုဗေဒဆိုင်ရာ လူမှုစိတ်ပညာ ဘာသာရပ်များ၌ လေ့လာစရာ အချက်အချာအကြောင်းအရာ ဖြစ်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံများ၌ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲများတွင် မိမိတို့အား ကိုယ်စားပြုမည့် ကိုယ်စားလှယ်များအား မဲပေးရွေးချယ်ရာ၌ ကြောင်သူတော်ဝါဒ ကျင့်သုံးသူများကို အထူးဂရုပြု ရှောင်ရှားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဇူလိုင် ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









