အရောင်အသွေးစုံလင်မည့် ရွေးကောက်ပွဲ

အရောင်အသွေးစုံလင်မည့် ရွေးကောက်ပွဲ
Published 6 July 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦး၊ ဒုတိယဝန်ကြီး တစ်ဦးဦးက ရွေးကောက်ပွဲအတွက် ရွေးချယ်ခံရမည့်သူ ဖြစ်ပါက ဇူလိုင် ၁ ရက်မှစ၍ ပါတီစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က) ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့နှင့် မတူညီသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာပေလိမ့်မည်။  ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အနီနှင့် အစိမ်း (NLD နှင့် ပြည်ခိုင်ဖြိုး) အရောင် နှစ်ခု၊ ပါတီနှစ်ခုကြားက ရွေးချယ်ပွဲ မဟုတ်​တော့ဘဲ နိုင်ငံနှင့်အဝန်း ပြည်နယ်ပြည်မ တိုင်းရင်းသားပေါင်းစုံနှင့် ပြည်သူအများစုကို ကိုယ်စားပြု ရည်ညွှန်းနိုင်သည့် ရွေးချယ်ပွဲတစ်ရပ် ဖြစ်​​လာပေလိမ့်မည်။

ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ကြီးမားသော ကတိများပေးရန် အဓိကကျကြောင်း နိုင်ငံရေးသမားတိုင်း သိကြသည်။ သို့သော် ရွေးကောက် တင်မြှောက်ခံရပြီးသည့်အခါ မိမိတို့သည် သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများကို ကိုယ်စားပြုသည့် အနေအထားကို မေ့လျော့ကာ ကတိများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်သည်။ နိုင်ငံရေးသမားများက ကတိများကို ဖျက်တတ်ကြသော်လည်း မဲဆန္ဒရှင် ပြည်သူအများစုသည် အတွေ့အကြုံများမှနေ၍ သင်ခန်းစာ မယူတတ်သော အလွန်အကောင်းမြင်သူများဟု ဆိုနိုင်သည်။ မဲဆန္ဒရှင် ပြည်သူတို့သည် မိမိတို့ နှစ်သက်သည့် နိုင်ငံရေးသမားများက မိမိတို့၏ ဘဝကို တိုးတက်အောင် ပြုလုပ်ပေးမည်ဟုသာ ယုံကြည်လိုကြသည်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလ၌ တကယ့် အရှိတရားနှင့် တွေ့ထိရသော်လည်း လက်တွေ့မကျမှုများအား မိမိတို့ ယုံကြည်ခဲ့ကြပုံကို မေ့လျော့၍ သွားကြသည်။ ရွေးကောက်ပွဲအလွန်၌ ကတိများနှင့် ကွဲပြားခြားနားသော ရလဒ်များ ထွက်ပေါ်လာသည့်တိုင် နိုင်ငံရေးသမားများက ပေးခဲ့သည့် ကတိများကို မေ့မေ့လျော့လျော့သာ ရှိကြလေသည်။

ယခုတစ်ကြိမ်တွင်မူ မိမိစကားအတိုင်းတည်၍ ပေးထားသော ရွေးကောက်ပွဲ ကတိများအတိုင်း စစ်မှန်သည့် တိုင်းပြည်အပြောင်းအလဲနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လုပ်ဆောင်နိုင်မည့်သူများနှင့် ပါတီများကိုသာ ပြည်သူလူထုအနေဖြင့် စနစ်တကျ ရွေးချယ်မဲ​​​ပေးရန် လိုအပ်မည် ဖြစ်သည်။ မိမိတို့ မဲပေးမည့်သူသည် နိုင်ငံနှင့် လူထုအကျိုးကို အမှန်တကယ် လိုလားပြီး ကိုယ်ကျိုးအတွက် အာဏာရယူလိုသူ မဟုတ်ဘဲ လူထုအပေါ် မလိမ်ညာတတ်သည့် ရိုးသားဖြောင့်မတ်သူများ ဖြစ်ရန် လိုအပ်သည်။   နိုင်ငံနှင့် လူထုအတွက် အမှန်တကယ် လိုအပ်နေသည်မှာ အရည်မရအဖတ်မရ မဲဆွယ်စကားများသာ ပြောတတ်သည့် နိုင်ငံရေးသမားများ မဟုတ်ဘဲ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များသာ ဖြစ်သည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်သည် မူဝါဒခိုင်မာမှု၊ ကိုယ်ကျင့်တရား အတိုင်းအတာ တစ်ရပ်နှင့် အမြော်အမြင်တစ်ရပ်တို့ ရှိရမည့်အပြင် အမြော်အမြင်အတိုင်း အများသဘောတူညီချက်ဖြင့် နိုင်ငံကို တည်ဆောက်နိုင်စွမ်း ရှိရမည် ဖြစ်သည်။ မိမိအပေါ် နိုင်ငံသားများ၏ ယုံကြည်မှုကို အလွဲသုံးစားပြုမည့် သူများအား မဲမပေးမိစေရန် အထူးသတိပြုရမည် ဖြစ်သည်။

သို့ဖြစ်ရာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို အရောင်အသွေး စုံလင်မည့် ရွေးချယ်ပွဲအဖြစ် မှတ်ယူ၍ မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် ပါတီနှင့် ကိုယ်စားလှယ်များကို စနစ်တကျ ရွေးချယ်ပြီး နိုဝင်ဘာ ၈ ရက်တွင် မပျက်မကွက် မဲပေးကြရန် Weekly Eleven News Journal က တိုက်တွန်းအပ်ပါသည်။

ဇူလိုင် ၆ ရက်ထုတ် Weekly Eleven News Journal အယ်ဒီတာ့အာဘော်

Most Read

Most Recent