လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများအား ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ရန် အကြောင်းပြချက်ဖြင့် လွယ်လင့်တကူ မြေနေရာချထားပေးခြင်း၊ သဘောထားမှတ်ချက်ပေးခြင်းများ မပြုလုပ်ရန်နှင့် ဒေသခံများ၏သဘောထားကို အလေးထားရန် ထားဝယ်ခရိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု သဘောထားထုတ်ပြန်

လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများအား ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ရန် အကြောင်းပြချက်ဖြင့် လွယ်လင့်တကူ မြေနေရာချထားပေးခြင်း၊ သဘောထားမှတ်ချက်ပေးခြင်းများ မပြုလုပ်ရန်နှင့် ဒေသခံများ၏သဘောထားကို အလေးထားရန် ထားဝယ်ခရိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု သဘောထားထုတ်ပြန်
လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများတွင် ပါဝင်သည့် ကျွန်းတစ်ခုအား တွေ့ရစဉ်
လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများတွင် ပါဝင်သည့် ကျွန်းတစ်ခုအား တွေ့ရစဉ်
Published 5 July 2020
ဖြိုးဇင် (ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများကို ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ရန် အကြောင်းပြချက်ဖြင့် လွယ်လင့်တကူ မြေနေရာ ချထားပေးခြင်း၊ သဘောထားမှတ်ချက်ပေးခြင်းများ မပြုလုပ်ရန်နှင့် အကျိုးသက်ရောက်မည့် ဒေသခံများ၏ သဘောထားများကို အလေးထားရန် ထားဝယ်ခရိုင်အတွင်း အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုက ဇူလိုင် ၄ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။

လောင်းလုံးမြို့နယ် ပဲ့ဇင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်းကမ်းခြေအနီးရှိ ကျွန်း၊ ပညစ်ကျွန်း၊ ဖိုးဖိုးကျောက်ကမ်းခြေ စသည့် လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများကို ခရီးသွားလုပ်ငန်း အကြောင်းပြကာ မြေယာလက် ဦးမှုရယူ၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စုအစိုးရထံ လျှောက်ထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ် ကမ်းရိုးတန်းတစ်လျှောက်တွင် မိရိုး ဖလာကမ်းနီး ရေလုပ်ငန်းကိုအဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး ကမ်းနီးရေ လုပ်ငန်းလုပ်ကိုင်နေသည့် လှေအစင်းရေ ၁၀၀၀ ကျော်ရှိကာ လောင်းလုံးမြို့နယ်အတွင်း အဓိကအခြေပြုကြောင်းနှင့် လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေနှင့် ကျွန်းနေရာ အတော်များများသည် မိရိုးဖလာအရ ရေလုပ်သားများအတွက် မှီခိုအသုံးပြုနေရသည့် နေရာများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် အခြားဒေသများတွင် အကောင်အထည်ဖော်နေသော ခရီးသွားလုပ်ငန်းများ၏ အတွေ့အကြုံများအရ ဒေသခံပြည်သူများ၏ မြေယာများဆုံးရှုံးခြင်း၊ အများပိုင်နေရာများဆုံးရှုံးခြင်း၊ မိရိုးဖလာယဉ်ကျေးမှုများ ပျက်စီးခြင်း၊ ဒေသခံများအတွက် ကန့်သတ်နယ်နိမိတ်များ ဖြစ်ပေါ်လာခြင်းများလည်း ရှိနေကြောင်း၊  ဇွန် ၃၀ ရက်ထုတ် The Daily Eleven သတင်းစာတွင် “ ထားဝယ်ခရိုင်အတွင်း ဧက ၁၄၀ ရှိ ပဲ့ဇင်ကျွန်းအား Excellent Fortune Development Group Co.,Ltd မှ ဦးစိုင်းမျိုးဝင်းအမည်ဖြင့် လုပ်ပိုင်ခွင့်လျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောထားမှတ်ချက်ပေးခြင်းမှာ အထူးလျှို့ဝှက်ဖြစ်သောကြောင့် ထုတ်ဖော်၍မရ” ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၏ ပြောကြားချက်သည် ပွင့်လင်းမြင်သာမှု အားနည်းပြီး ဒေသခံတောင်သူလယ်သမားများနှင့် ရေလုပ်သားများအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဇူလိုင် ၄ ရက် ရက်စွဲ ဖြင့်ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်မှာ အသစ်မဟုတ်ဘဲ Excellent Fortune Development Group Co.Ltd အုပ်စုကလောင်းလုံးကမ်းရိုးတန်းတစ်လျှောက်၌ ကျွန်းနှင့် ကမ်းခြေမြေ ဧကများစွာကို စတင်လာရောက်လျှောက်ထားခဲ့သည့် ၂၀၁၉ ခုနှစ် အစောပိုင်းကာလကတည်းကပင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း၊ ပြီးခဲ့သည် ရက်ပိုင်းအတွင်းက ကုမ္ပဏီက လုပ်ပိုင်ခွင့် လျှောက်ထားခဲ့သည့် ပဲ့ဇင်ကျွန်း (ဧက ၁၄၀) နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထား မှတ်ချက်ပေးမှုမှာ အထူးလျှို့ဝှက်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ထားဝယ်အခြေစိုက်မီဒီယာများကို ဖြေကြားခဲ့ခြင်းကြောင့် ယင်းအပေါ်တွင် ထားဝယ်ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားကိုသိရှိစေရန် ထပ်မံဖြည့်စွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အဓိကကတော့ ပွင့်လင်းမြင်သာမှုပေါ့။ ကျွန်တော်တို့က အကုန်လုံးကို ပြောပြရမယ်လို့ဆိုလိုတာ မဟုတ်ဘူး။ ဒီလိုမျိုးအများပြည်သူ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ဥစ္စာ၊ အများပြည်သူ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အဲဒီလိုမျိုးကိစ္စရပ်တွေမှာ အစိုးရအနေနဲ့ ဒီထက်ပိုပြီး ပွင့်ပွင့်လင်းလင်းပြောဖို့ လိုမယ်ထင်တယ်။ ခရီးသွား လုပ်ငန်းဆိုတာကလည်း ကျွန်တော်တို့ ကန့်ကွက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တနင်္သာရီတိုင်းဆိုတာ သိတဲ့အတိုင်း ဒီခရီးသွားလုပ်ငန်းလုပ်ဖို့အတွက်ကို အများကြီးပဲ အခွင့်အရေး အခွင့်အလမ်းတွေရှိတဲ့နေရာ ဖြစ်တယ်။ ခရီးသွားလုပ်ငန်းကြောင့် ပိုပြီးဖွံ့ဖြိုးလာဖို့ ရေရှည်အလားအလာတွေ အများကြီးရှိတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ဒီထက်ပွင့်ပွင့်လင်းလင်း၊ ဒီထက်ပိုပြီးစည်းစနစ်ကျကျလုပ်ဖို့တော့ လိုတယ်။ အထူးသဖြင့်အခုလျှောက်ထားတဲ့ နေရာတွေက ဒေသခံရေလုပ်သားငယ်တွေပေါ့။ ကမ်းနီးလှေတွေ အများကြီးအားကိုးအားထားပြုနေတဲ့ နေရာဖြစ်တယ်။ ဆိုတော့ ဒီနေရာတွေအကုန်လုံးကို အများပိုင်ကနေ  ပုဂ္ဂလိက တစ်ဦးတစ်ယောက်ကို ပေးလိုက်လို့ရှိရင် နောက်ဆက်တွဲ ဒီအသက်မွေးဝမ်းကျောင်းအရ အခက်အခဲဖြစ်လာနိုင်တာ အများကြီးရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က ရေလုပ်သားတွေနဲ့၊ ဒေသခံတွေနဲ့ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေါ့ဗျာ။ ဆွေးနွေးပြီးတော့ ဘယ်လောက်ကတော့ ဖြစ်သင့်သလဲ။ ဘယ်ဟာကတော့ ဖြစ်သင့်သလဲဆိုတာမျိုးကို ကျေကျေလည်လည်ဆွေးနွေးပြီး ပြောတာမျိုးကို ပိုပြီးတော့အားပေးတယ်ပေါ့” ဟု Dawei Watch Foundation ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုအောင်လွင်က ပြောကြားသည်။

Excellent Fortune Development Group Co.,Ltd တာဝန်ရှိသူများက ယခုရက်ပိုင်းအတွင်း ၎င်းတို့ မြေယာလုပ်ကိုင်ခွင့် လျှောက်ထားခဲ့သည့် လောင်းလုံးကမ်းရိုးတန်းမှ နေရာများရှိ ကျေးရွာများသို့ သွားရောက်ကာ ရန်ကုန်အခြေစိုက် ပြည်တွင်းမီဒီယာသမား အများအပြားကို ခေါ်ဆောင်၍ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ထားဝယ်ဒေသခံများအကြား ဝေဖန်မှုများခဲ့သည်။

ကုမ္ပဏီအနေဖြင့် ယင်းသို့ အလှူပြုလုပ်ခြင်းကို သာဓုခေါ်ပြီး ကန့်ကွက်စရာမရှိသော်လည်း အလှူ၏နောက်ကွယ်တွင် ကုမ္ပဏီ၏ မည်သည့်အကျိုးအမြတ် မျှော်ကိုးမှုနှင့် ယင်းကျေးရွာများကိုသာ သီးခြားသွားရောက်လှူဒါန်းခဲ့ခြင်းအပေါ် မေးခွန်းထုတ်စရာရှိသည့်အပြင် အကျိုးလို၍ ညောင်ရေလာလောင်းသည့် အခြေအနေဟူ၍ ရှုမြင်မှုများလည်းရှိကြောင်း ကိုအောင်လွင်က ပြောကြားသည်။

“ တိုင်းဒေသကြီးအစိုးရနဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဒီဥစ္စာအတွက် ပြောစရာရှိတယ်။ တိုင်းဒေသကြီး အစိုးရရဲ့သဘောထားမှတ်ချက်ကို အစိုးရလုပ်ထုံးလုပ်နည်းအရ ဘယ်လိုရှိလဲတော့ ကျွန်တော်တို့က အကျေအလည် မဆွေးနွေးရတော့ ကျွန်တော်တို့ကလည်း အရပ်ဘက်ဆိုတော့ ဒါကို သိပ်ပြီး သဘောမပေါက်ဘူး။ ဒါပေမဲ့ ပြည်သူတင်မြှောက်တဲ့အစိုးရ၊ လူထုကို ကိုယ်စားပြုပါတယ်ဆိုတဲ့ အစိုးရတစ်ရပ်က ဒီလိုမျိုး သဘောထားမှတ်ချက်ပေးတဲ့ ဥစ္စာမှာ အထူးလျှို့ဝှက်ဆိုပြီး ပြောတဲ့ဟာကိုကျတော့ အရမ်းပဲ စိတ်မကောင်းဖြစ်ရတယ်။ ဒါက အစိုးရတစ်ရပ်အနေနဲ့ အထူးသဖြင့် ဒီလူထုအစိုးရတစ်ရပ်အနေနဲ့ ဒီလိုပြောတဲ့ဟာကို ကျွန်တော်တို့ တော်တော်လေးကြားရတာ အဆင်မပြေဘူး” ဟု ကိုအောင်လွင်က ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်းက ထားဝယ်ဒေသရှိ ဟိန္ဒားသတ္တုမိုင်းနှင့် ပတ်သက်၍ ဆက်လက်လုပ်ကိုင်ခွင့် မပြုသင့်ကြောင်း တိုင်းဒေသကြီးအစိုးရက သဘောထားမှတ်ချက် ပေးခဲ့သောကြောင့် ပွင့်လင်းမြင်သာခဲ့သော်လည်း ယင်းသို့မှတ်ချက်ပြုပြီးမကြာမီ အဆိုပါ ပဲ့ဇင်ကျွန်း လုပ်ကိုင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးမှုကိုမူ အထူးလျှို့ဝှက်ဟူ၍ ဆိုခဲ့ခြင်းကြောင့် တိုင်းဒေသကြီးအစိုးရ၏ ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့ကြောင်း၊ ကုမ္ပဏီက လောင်းလုံးကမ်းရိုးတန်းတစ်လျှောက်၌ မြေနေရာ ဧကပေါင်းများစွာ လျှောက်ထားခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် မည်သည့်လုပ်ငန်းများ အကောင်အထည်ဖော်မည်ကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်လေ့လာ၍ ဒေသခံများနှင့် ဆွေးနွေးရန်လိုအပ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် အစိုးရအဖွဲ့အား တွန်းအားပေးရန် လိုအပ်ကြောင်း ကိုအောင်လွင်က ဆိုသည်။

“ ဆရာတို့တိုင်းပြည်မှာ ခေတ်အဆက်ဆက်တွေ့ခဲ့တာ လျှို့ဝှက်၊ အထူးလျှို့ဝှက်ပေါ့။ နိုင်ငံတော်မှာ လျှို့ဝှက်သင့်တဲ့ကိစ္စတွေ ရှိပါတယ်။ နိုင်ငံလုံခြုံရေးတို့၊ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ကိစ္စတွေ နိုင်ငံ့အကြီးအကဲတွေနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေပေါ့။ ဒါတွေက လျှို့ဝှက်သင့်တဲ့ဟာတွေ လျှို့ဝှက်ရမယ်ပေါ့၊ ဒါတော့ရှိတယ်။ ဒါပေမဲ့ ဒီလိုကျွန်းတွေ မြေတွေကို စီးပွားရေးလုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် လျှို့ဝှက်ရမယ်ဆိုတော့ ဆရာတို့ နားမလည်ဘူးပေါ့နော်။ ဘာလုပ်မယ့်နေရာမို့လို့လဲပေါ့။ ပြီးတော့ တိုင်းဒေသကြီးအစိုးရက သူတို့ရဲ့သဘောထားကို ပြည်သူကို မပြောရဲဘူးလားပေါ့နော်။ အဲဒီတော့ NLD ရဲ့ မူဝါဒခြောက်ရပ်မှာလည်း ပွင့်လင်းမြင်သာမှုရှိရမယ်တို့ ဘာတို့ပြောပေမဲ့ ဒီကိစ္စကို အထူးလျှို့ဝှက်ဆိုတော့ ဆရာတို့ဘယ်လိုမှ နားမလည်ဘူး။ ဒါက လျှို့ဝှက်စရာ ကိစ္စမဟုတ်ဘူးလို့ ထင်တယ်” ဟု Dawei Research Association ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်သူရက ပြောကြားသည်။

ထို့ပြင် ထုတ်ပြန်ချက်အတွင်း ယခုအချိန်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် ခေတ်အဆက်ဆက် မြေယာသိမ်းဆည်းမှုများနှင့် မြေယာဆုံးရှုံးမှုပြဿနာများသည် ဒေသခံပြည်သူများ၏ သဘောဆန္ဒများကို လျစ်လျူရှုပြီး လုပ်ဆောင်ခဲ့ခြင်းများကြောင့် ဖြစ်ပေါ်ရကြောင်း သာဓကများစွာ ရှိနေကြောင်းနှင့်  မြေနေရာလုပ်ပိုင်ခွင့် ချထားပေးမှုများသည် ဒေသခံများ၏ သဘောဆန္ဒများကို မျက်ကွယ်ပြုပါက မြေယာပြဿနာအသစ်များ ဖန်တီးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်မိကြောင်း၊ ထားဝယ်ဒေသခံ ရေလုပ်သားများ မှီခိုအားထားသည့်နေရာများ၊ ထားဝယ်ဒေသ၏ အမှတ်သင်္ကေတ သမိုင်းများနှင့် အများပြည်သူပိုင် မြေနေရာများ မဆုံးရှုံးစေရေးအတွက် လောင်းလုံးမြို့နယ်ရှိ ပဲ့ဇင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်း ကမ်းခြေအနီးရှိ ကျွန်း၊ ပညစ်ကျွန်း၊ ဖိုးဖိုးကျောက်ကမ်းခြေ စသည့် လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများကို ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ရန် အကြောင်းပြချက်ဖြင့် လွယ်လင့်တကူ မြေနေရာ ချထားပေးခြင်း၊ သဘောထားမှတ်ချက်ပေးခြင်းများ မပြုလုပ်ရန်နှင့် အကျိုးသက်ရောက်မည့် ဒေသခံများ၏ သဘောထားများကို အလေးထားပါရန် တောင်းဆိုကြောင်း ထားဝယ်ခရိုင် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေအရ ဒေသခံများအကြား ကန့်ကွက်မှုရှိနေသည့် အဆိုပါ ပဲ့ဇင်ကျွန်း မြေယာလုပ်ပိုင်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထား မှတ်ချက်ပေးမှုအပေါ် အစိုးရ၏စီမံကိန်းတစ်ခုမဟုတ်ဘဲ အထူးလျှို့ဝှက်အဖြစ် သတ်မှတ်ကာ ဒေသခံပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခြင်း မရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကမ်းရိုးတန်းတစ်လျှောက်၌ ဦးစိုင်းမျိုးဝင်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်ခင်မြင့်ရီ အမည်များဖြင့် Excellent Fortune Development Group Co.,Ltd နှင့် ၎င်းကုမ္ပဏီ လက်အောက်ရှိ ကုမ္ပဏီအမည်များ အသုံးပြုကာ နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်သည့်ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများ၊ ဟိုတယ်နှင့် အိမ်ရာစီမံကိန်း ဆောင်ရွက်ရန်အတွက် မြေယာလုပ်ပိုင်ခွင့် လျှောက်ထားမှုမှာ လက်ရှိအချိန်တွင် ငါးနေရာရှိပြီး နှစ်နေရာကိုမူ ထပ်မံလျှောက်ထားရန် ပြင်ဆင်နေကြောင်း သိရသည်။

၎င်းတို့ လျှောက်ထားခဲ့သည့် မြေနေရာများမှာ တောကျဲကျေးရွာအုပ်စုရှိ ပဲ့ဇင်ကျွန်း (ဧက ၁၄၀) ကို Excellent Fortune Development Group Co.,Ltd မှ ဦးစိုင်းမျိုးဝင်း အမည်ဖြင့်လည်းကောင်း၊ ကျောက်တွင်းကျေးရွာအုပ်စုရှိ ကျောင်းတော်ကြီးကုန်း (၁၃၈ ဧက) ကို ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဦးစိုင်းမျိုးဝင်း အမည်ဖြင့်လည်းကောင်း၊ စမ်းလှမ်းကျေးရွာအုပ်စုရှိ စမ်းလှမ်းကျွန်း (၇ ဒသမ ၉၈ ဧက) ကို First Golden Dragon Construction Co.,Ltd မှ ဒေါ်နန်းခင်မြင့်ရီ အမည်ဖြင့် လည်းကောင်း၊ ပညစ်ကျေးရွာအုပ်စုရှိ ပညစ်ကျွန်း (၁၁ ဒသမ ၉၉ ဧက) ကို  စိုးနိုင်ဖြိုးကုမ္ပဏီလီမိတက် မှ ဒေါ်နန်းခင်မြင့်ရီ အမည်ဖြင့်လည်းကောင်း၊ ကျောက်တွင်းကျေးရွာအုပ်စုရှိ အလယ်သောင်ကမ်းခြေ (ဧက ၃၇၀) ကို နန်းရည်မွန်အောင် Gems ကုမ္ပဏီမှ ဦးစိုင်းမျိုးဝင်း အမည်ဖြင့်လည်းကောင်း လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် First Golden Dragon Construction Co.,Ltd မှ ဒေါ်နန်းခင်မြင့်ရီအမည်ဖြင့် လျှောက်ထားသည့် စမ်းလှမ်းကျေးရွာအုပ်စုရှိ စမ်းလှမ်းကျွန်း (၇ ဒသမ ၉၈ဧက) အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် သဘောထားမှတ်ချက်ပေးခဲ့ပြီး Excellent Fortune Development Group Co.,Ltd မှ ဦးစိုင်းမျိုးဝင်းအမည်ဖြင့် လျှောက်ထားသည့် ပဲ့ဇင်ကျွန်း (ဧက ၁၄၀) အတွက်ကိုမူ ယခုနှစ် ဇွန်လအစောပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့က ဗဟိုအစိုးရထံ သဘောထား မှတ်ချက်ပေးခဲ့ကာ ကျန်ရှိသည့် သုံးနေရာအတွက်ကိုမူ ကန့်ကွက်မှုများရှိနေ၍ သီးခြားအဖွဲ့ဖြင့် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် Excellent Fortune Development Group Co.,Ltd အုပ်စုက အဆိုပါ လောင်းလုံးကမ်းရိုးတန်းရှိ အောက်ကျောက်ဝပ်ကျေးရွာအုပ်စုရှိ ဝမော်ကျွန်း (နှစ် ဧက) နှင့် ပညစ်ကျေးရွာအုပ်စုရှိ ချမ်းသာကျွန်း (၂ ဒသမ ၅၀ ဧက) ကိုလည်း ထပ်မံလျှောက်ထားရန် စီစဉ်နေကြောင်း သိရသည်။

Excellent Fortune Development Group Co.,Ltd အုပ်စုမှ လောင်းလုံးကမ်းရိုးတန်းရှိကျွန်းနှင့် ကမ်းခြေမြေများကို လျှောက်ထားမှုမှာ ဒေသခံများအတွက် နစ်နာမှုများ ရှိလာနိုင်သဖြင့် ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းက ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်က ကန့်ကွက်လွှာပေးပိုခဲ့သည့်အပြင် ကုမ္ပဏီများက ကျွန်းမြေကို လုပ်ပိုင်ခွင့်လျှောက်ထားမှုနှင့်ပတ်သက်၍ ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) ကလည်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထားဝယ်ခရိုင်အတွင်း ကျွန်းနှင့် ကမ်းခြေမြေနေရာများအား ခရီးသွားလုပ်ငန်း အကြောင်းပြု၍ မြေနေရာ လုပ်ပိုင်ခွင့်များ ချထားပေးနေမှုအပေါ် ထားဝယ်ဒေသအတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့ကလည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့စွဲဖြင့် အချက်ရှစ်ချက်ပါ သဘောထား ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအနေဖြင့် လွယ်လင့်တကူ မြေနေရာချထားပေးမှု မပြုလုပ်ရန်နှင့် အကျိုးသက်ရောက်မည့် ဒေသခံများ၏ သဘောထားများကို အလေးထားရန် တောင်းဆိုထားခဲ့ဖူးသည်။ Excellent Fortune Development Group Co.,Ltd က လျှောက်ထားခဲ့သည့် ပဲ့စင်ကျွန်းမှာ လောင်းလုံးကျွန်းဆွယ်တစ်လျှောက်ရှိ ရေလုပ်သားများ မှီခိုအားထားရာနေရာဖြစ်ပြီး ရေချိုရရှိခြင်း၊ သဘာဝဘေးကြုံပါက ခိုလှုံစရာဖြစ်ခြင်းနှင့် ယခုနှစ်ပိုင်းအတွင်း ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုရှိသည့် အများပိုင်နေရာဖြစ်ကြောင်း၊ ၎င်းကျွန်းမှာ အဓိကအားဖြင့် တီဇစ်ကျေးရွာမှ ဒေသခံ ရေလုပ်သားများအတွက် အဓိကနေရာဖြစ်ပြီး မိုးရာသီတွင် လှိုင်းလှေကြမ်းပါက ရေလုပ်သားများ ယာယီနေထိုင်နားခိုရာဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“ ကျွန်တော်တို့ ဒီတစ်ကြောက ရေလုပ်သားတွေ မှီခိုလုပ်ကိုင်လို့ အကောင်းဆုံးနေရာက အဲဒီပဲ့ဇင်ကျွန်းပါ။ အဲဒီမှာအခြေတည်ပြီး လုပ်ကိုင်လို့မရရင် ပြဿနာရှိတယ်။ မိုးရာသီဆို ဒီနားမှာခိုလို့ရတာ ပဲ့ဇင်ကျွန်းတစ်ခုပဲ ရှိတယ်။ ကျွန်တော်တို့ အခုမိုးလေမရှိလို့ ရွာမှာနေရတာ။ မိုးလေကြမ်းရင် ရွာမှာနေလို့မရဘူး။ ရွာမှာ လှိုင်းကြမ်းရင် ကျွန်းနားမှာ သွားခိုပြီးနေမှရတယ်။ ကျွန်တော်တို့လို လက်လုပ်လက်စား လှေလုပ်သားတွေ အနေနဲ့တော့ ဒီကျွန်းမရှိ လို့မဖြစ်ဘူး။ အခုလိုလျှောက်ထား လာတာကိုလည်း မပေးစေချင်ဘူး။ ပေးလိုက်မယ်ဆို ကျွန်တော်တို့အတွက် ဒုက္ခအများကြီးဖြစ်ဖို့ရှိတယ်။ မိုးတွင်းပိုင်းဆို အဲဒီကျွန်းကိုပဲ အားကိုးပြီးနေရတာ” ဟု တီဇစ်ကျေးရွာမှ ရေလုပ်သားတစ်ဦးဖြစ်သူ ကိုချေဝင်းက ပြောကြားသည်။

ယင်းပဲ့ဇင်ကျွန်းကို မှီခိုလုပ်ကိုင်နေသည့် ဒေသခံရေလုပ်သား အများစုမှာ တီဇစ်ကျေးရွာမှဖြစ်ပြီး နှစ်စဉ် မိုးရာသီ၌ လှိုင်းလေပြင်းထန်မှုကို ရှောင်ရှားရန် ခိုနားလေ့ရှိသည့် လှေအစင်းရေ ၄၀ ခန့်ရှိကြောင်း၊ ထိုသို့ခိုနားချိန်တွင် ကျွန်းပေါ်၌ တဲထိုး၍နေထိုင်ခြင်း၊ ရေချိုခပ်ခြင်းများ ပြုလုပ်ပြီး ကျွန်းအနီးတွင် ကျောက်ပုစွန်နှင့် ငါးများ ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် Excellent Fortune Development Group Co.,Ltd က နိုင်ငံတကာ အဆင့်မီခရီးသွားလာရေးလုပ်ငန်းနှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၉ ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လာရောက်တင်ပြခဲ့ဖူးပြီး တွေ့ဆုံပွဲအပြီး၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယင်းကုမ္ပဏီက ကျပ်သိန်း ၅၀၀ လှူဒါန်း၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က လက်ခံကာ Excellent Fortune Development Group မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။ ထိုသို့တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီတစ်ခုက အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံပြီးနောက် ဒေသဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ အလှူငွေပေးအပ်ခဲ့မှုမှာ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် အစိုးရအဖွဲ့၏ သဘောထားကောင်းမွန်စေရန် သွယ်ဝိုက်၍ လာဘ်ထိုးသည့် သဘောသက်ရောက်နေပြီး လက်ရှိအခြေအနေအရ အဆိုပါကုမ္ပဏီမှ မြေယာလုပ်ပိုင်ခွင့် လျှောက်ထားသည့် ကိစ္စများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် ဒေသခံများအကြား ဝေဖန်မှုများ ရှိနေသည်။

Excellent Fortune Development Group မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် Sedona Hotel Yangon ပူးပေါင်းကျင်းပသည့် ရန်ပုံငွေရှာဖွေရေးပွဲတော်တွင် အဓိက လေလံတင်ပစ္စည်းလေးမျိုးဖြစ်သည့် နော်ဝေနိုင်ငံမှ နာမည်ကျော် ပန်းပုပညာရှင် Ms.Merete Sejersted Bodtker ထုဆစ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကြေးရုပ်တုအား ဒေါ်လာ ၈၀၀၀၀ ဖြင့် အမြင့်ဆုံးစျေးပေး၍ ဝယ်ယူခဲ့သည့်အပြင် အခြားအထိမ်းအမှတ်လေလံများကိုလည်း အမေရိကန်ဒေါ်လာ ၉၅၀၀ ဖြင့် လေလံဆွဲဝယ်ယူခဲ့သောကြောင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၈၉၅၀၀ ဖြင့် လေလံဆွဲသူများအနက် အများဆုံးဖြစ်ခဲ့သည်ဟု သိရသည်။ ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် Excellent Fortune Development ကုမ္ပဏီ၏ EFF Foundation က ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ အထောက်အကူ ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို နိုင်ငံတော်အစိုးရထံ လှူဒါန်းထားကြောင်း သိရသည်။

ယခင်က MYANMAR FORCE GROUP ဟုခေါ်သည့် Excellent Fortune Development Group သည် မြန်မာနိုင်ငံတွင် အင်အားကြီးမားတောင့်တင်းပြီး နာမည်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းစု ဖြစ်သည်။ သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်ခြင်း၊ အိမ်ခြံမြေရောင်းဝယ်ခြင်းနှင့် ဆောက်လုပ်ခြင်း၊ ပြည်တွင်း၌ လမ်းတံတား တည်ဆောက်ခြင်း၊ ကျွန်းသစ် စိုက်ပျိုး ထုတ်လုပ်ခြင်း စသည့် ပြည်တွင်းစီးပွားရေး အခြေပြုလုပ်ငန်းများနှင့်  မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ဘိလပ်မြေစက်ရုံ တည်ထောင်ခြင်း၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ထောင်ခြင်း၊ အာမခံကုမ္ပဏီတည်ထောင်၍ အသက်အာမခံနှင့် အထွေထွေ အာမခံလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကရင်ပြည်နယ်တွင် တစ်ရက်တန် ၁၀၀၀၀ ထွက်ရှိမည့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်တန် ဘိလပ်မြေစက်ရုံကိုလည်း ဆောက်လုပ်လျက်ရှိကြောင်း ၂၀၁၈ ခုနှစ်က မီဒီယာများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

Most Read

Most Recent