၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၁ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်နှင့်အတူ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံး ရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံး ရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များနှင့် စပ်လျဉ်းသည့် အသိပေးကြေညာချက်ကို ကော်မရှင်က တစ်ဆက်တည်း ထုတ်ပြန်သည်။
အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ အခြေခံဥပဒေအရ ပေးထားသည့် ရွေးကောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးများ လုပ်ဆောင်နိုင်သည်ဟု ကော်မရှင် ကြေညာချက်တွင် ဖော်ပြသည်။
ထိုသို့ ကော်မရှင်ကြေညာချက် အပြီး နောက်တစ်ရက်တွင် အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အထူးကြေညာချက် တစ်စောင် ထုတ်ပြန်သည်။
ပြည်ထောင်စုအဖွဲ့အစည်းဝင်များ ပါ တီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး ဆောင် ရွက်ခွင့်ရှိကြောင်း ကြေညာချက်အရ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ ဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ ဆောင် ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အသိပေးခြင်းဖြစ်သည်။
အခြားသော ရွေးကောက်ပွဲဝင် နိုင်ငံ ရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများ အနေဖြင့် ရွေးကောက် ပွဲဆိုင်ရာ စုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်တို့ကို ကိုယ် စား လှယ်လောင်း အတည်ပြုပြီးချိန်မှဆောင် ရွက်ခွင့်ရှိမည်ဟု ရွေးကောက်ပွဲကော်မရှင် ၏ ကြေညာချက်အရ သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်မည့် အခြားသော ကိုယ်စားလှယ်လောင်းများ မဲ ဆွယ်ခွင့်မရမီ ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်များ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံး ရေး ဆောင်ရွက်ခွင့်ရှိနေသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေကို ရွေးကောက်ပွဲနှင့် လွှတ်တော်များမပေါ် ပေါက်မီ တပ်မတော်အစိုးရ ဖြစ်သည့် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်အောက် တိုဘာ ၂၁ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေပုဒ်မ ၇ (ခ) နှင့် ၁၇ (ဃ) တို့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်တစ်ဦး ဦးနှင့် ဒုတိယဝန်ကြီး တစ်ဦးဦးတို့သည် ရွေး ကောက်ပွဲဆိုင် ရာ ပါတီစည်းရုံးရေးလုပ်ငန်း၊ နယ် မြေစည်းရုံးရေးလုပ်ငန်းများ ဆောင် ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် မည်မျှပင် ဥပဒေနှင့် ညီညွတ်သည်ဖြစ်စေ ရွေးကောက်ပွဲ မတိုင်မီ လေးလ အလိုကတည်းက ပြည်ထောင်စုအစိုးရအဖွဲ့ ဝင် အချို့ ပါတီလုပ်ငန်း ပြန်လည်ဆောင်ရွက်ခွင့်ရခြင်းအပေါ် အငြင်းပွားမှုများ ရှိနေ သည်။
“ဝန်ကြီးတွေမှ လုပ်နိုင်တယ်။ အစိုးရ တွေမှ လုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးကျတော့ တရားမျှတမှု မရှိပါဘူး။ ကျွန်တော်တို့ ဒါကို လုံးဝ မလိုလားပါဘူး။ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လွတ်လပ်လပ် ဖြစ်စေ ချင်တယ်ဆိုရင်တော့ အကုန်လုံးက လုပ်ခွင့် ရှိရမယ်။ ဒါ ကျွန်တော့် သဘောထား”ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်ခမ်းက မှတ်ချက်ပြုသည်။
အစိုးရအဖွဲ့ဝင်များ ပါတီ ဆောင်ရွက် ခွင့်ရှိခြင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထည့်သွင်းစဉ်းစားခြင်းမရှိမှသာ အပြည့်အဝ မှန်ကန်မည်ဖြစ်ဟု နိုင်ငံရေး လေ့လာသူများက ထောက်ပြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နှင့် ပုဒ်မ ၂၃၂ (ဋ) တို့အရ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များသည် ရာထူး သက်တမ်းအတွင်း ပါတီလုပ်ငန်း ဆောင် ရွက်ခြင်းမပြုရဟု ဖော်ပြပါရှိသည်။
“ဖွဲ့စည်းပုံပြဋ္ဌာန်းချက်များအရ ရာထူးသက်တမ်းကာလအတွင်းမှာ ပါတီလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခွင့် မရှိတာတော့ အမှန်ပါပဲ။ ဖွဲ့စည်းပုံဥပဒေကို မကျေနပ် ရင်တော့ ပြင်နိုင်အောင် ပြင်ကြပေ့ါ။ မပြင် နိုင်သေးခင်တော့ တည်ဆဲဥပဒေကိုလေးစား လိုက်နာရမယ့် တာဝန်ရှိပါတယ်”ဟု တရား လွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြား သည်။
သို့သော် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ (ခ) တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ အထွေထွေရွေးကောက်ပွဲ ယှဉ် ပြိုင်မည်ဆိုလျှင် အခြေခံဥပဒေပါ ရွေးကောက်ခံပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လုပ်ဆောင်ခွင့်ရှိသည့်အချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုးကားထုတ်ပြန်ခြင်းဖြစ်သည်။
ပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်ရေးဆွဲ၍ မရသည့် အခြားသော သက်ဆိုင်ရာဥပဒေများကြား ဒွိဟဖြစ်စရာ အငြင်းပွားစရာ အချက်အချို့ရှိနေခြင်းဖြစ် သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဖွဲ့အစည်းဝင်များ ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်း ဆောင်ရွက်ခြင်း မပြုရ၍ အချို့ကိစ္စများသည် ဥပဒေနှင့် မညီညွတ်ဟု နားလည်ကြောင်း ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြား သည်။
“ဥပဒေဆိုတာ ကိုယ်ကြိုက်တဲ့ ဥပဒေ ကို ယူလို့မရဘူး။ ဥပဒေက ဘယ်သူ့ကို ဘယ် သူက လွှမ်းမိုးသလဲဆိုတာရှိတယ်။ ဘယ်ဥပ ဒေကို ဘယ်ဥပဒေက လွှမ်းမိုးတယ်ဆိုတာ အလွှမ်းမိုးဆုံးဥပဒေက အခြေခံဥပဒေပဲ။ အခြေခံဥပဒေကို တခြားဥပဒေက ဘာမှ လွှမ်းမိုးလို့မရဘူး။ အဲဒီတစ်ချက်ပဲ ကျွန် တော် ပြောချင်တယ်”ဟု SNLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြား သည်။
အာဏာရအစိုးရ တာဝန်ရှိသူ များ ရွေး ကောက်ပွဲနီးကပ်ချိန်တွင် ပါတီစည်းရုံးရေး ဆောင်ရွက်မှု၊ နယ်မြေစည်းရုံးရေး ဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ သည် ယခင် အထွေထွေရွေးကောက်ပွဲများ ကျင်းပစဉ်ကတည်းက ဖြစ်လေ့ရှိသည့် ဖြစ် ရိုးဖြစ်စဉ်ဖြစ်သည်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီသည်ပင် ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ တွင် ထိုစဉ်က သမ္မတဦးသိန်းစိန်၏ ဆောင် ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသည့် ဖြစ်စဉ် ရှိခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၃၁ ရက်အထိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း ခရီးစဉ်များ တွင် ဆောင်ရွက်မှုများသည် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ဆောင်ရွက်နေကြောင်း ထင်ရှားသည်ဟူ၍ တိုင်ကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပါတီ စည်းရုံးရေးလုပ်ဆောင်သည်ဟု ကန့်ကွက် ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် ၎င်းင်းတို့ပါတီကတင်မြှောက်သည့်သမ္မတ နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ပါတီစည်းရုံး ရေး၊ နယ်မြေစည်းရုံးရေးဆောင်ရွက်မည် ဆိုခြင်းက ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြော ရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မေးခွန်း ထုတ်သည်။
“တို့တွေလက်ထက်တုန်းက ဝန်ကြီး တွေ မဲဆွယ်စည်းရုံးကြသလားဆိုတဲ့ကိစ္စမှာ ဝန်ကြီးများသည် သူ့စည်းသူ့ကမ်းနဲ့ လုပ် ကြတယ်။ ဘယ်လိုလဲဆိုတော့ နိုင်ငံပိုင် ပစ္စည်းတွေကို အသုံးချခြင်းမရှိဘူး။ သူတို့ တွေသည် သွားတဲ့လာတဲ့ နေရာကစပြီး တော့ အထူးဂရုစိုက်ပြီးတော့ ဥပဒေကျော် လွန်ပြီး လုပ်ဆောင်တာကို အများပြည်သူက ထင်ယောင်ထင်မှား မဖြစ်စေအောင် ထိန်း ထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့တဲ့ သာဓက ရှိပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောကြား သည်။
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာ များ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပါတီ လုပ်ငန်းဆောင်ရွက်သည်ဆိုကာ ပြည် ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ NLD ပါတီ၏ တိုင်တန်းစာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီစည်းရုံးရေး ဆောင်ရွက်မည့် ကြေညာချက်နှင့် ယှဉ်တွဲ၍ ဝေဖန်မှုများရှိနေသည်ကို တွေ့ရသည်။

“ဦးသိန်းစိန်အစိုးရက သူ့ပါတီကပဲ ဦးရွှေမန်းတို့ အုပ်စုကနေပြီးတော့ တိုက်ခိုက်လာမှာကို စိုးတဲ့အတွက် အခြေခံဥပဒေချိုးဖောက်ရာ မရောက်အောင် တော်တော်ဂရု စိုက်တယ်လို့ ကျွန်တော် အဲဒီလို မှတ်မိတယ်။ အခု အစိုးရမှာတော့ လွှတ်တော်ထဲကလည်း အဲဒီလို စိန်ခေါ်နိုင်တဲ့ အနေအထားမရှိ၊ ပြည်ထောင်စုအစိုးရဥပဒေဆိုတာလည်း ဒီအစိုးရလက်ထက်မှာမှ ပြဋ္ဌာန်းတာမဟုတ် ဘူး။ အရင်ကတည်းက ပြဋ္ဌာန်းထားတယ်။ အဲဒီဥပဒေနဲ့ ညီပါတယ်။ အဲဒီ ဥပဒေအရ လုပ်နိုင်တယ်ဆိုလို့ ရာထူးကနုတ်ထွက်စရာ မလိုဘဲ ပါတီစည်းရုံးရေးတွေ လုပ်တာပေါ့။ သို့ သော် အခြေခံဥပဒေနဲ့ မညီပေမဲ့ ဒါကို ဘယ်သူမှ စိန်မခေါ်တော့ ဥပဒေနဲ့အညီ လုပ်တယ်ဆိုရင်လည်း တခြားနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့တော့ တန်းတူဖြစ်သင့် တယ်လို့ ယူဆတယ်”ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူလည်းဖြစ်၊ ပထမအကြိမ် သီပေါ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်သည့် ဦးရဲထွန်းက ပြောကြား သည်။
NLD ပါတီ အတိုက်အခံအဖြစ် ရှိစဉ် ဝေဖန်ထောက်ပြမှုအချို့ရှိခဲ့ သော်လည်း ပါတီအစိုးရဖြစ်လာချိန် တွင် ဥပဒေအားသာချက်ကို ပြန်လည်အသုံးချသည်ဟု ဝေဖန်မှု များအပေါ် ပယ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။
ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပါတီစည်း ရုံးခွင့်၊ နယ်မြေစည်းရုံးခွင့်နှင့် စပ်လျဉ်းသည့် ကြေညာချက်သည် ယခင် ဦးတင်အေး ဦး ဆောင်သည့် ကော်မရှင် ထုတ်ပြန်စဉ် က ပုဒ်မများအတိုင်းဖြစ်ပြီး ကွဲပြားမှု မရှိသည် ကို တွေ့ရသည်။
ယခင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်လည်း ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ ကျင်းပခါ နီး လေးလအလို ဇူလိုင် ၈ ရက်တွင် လက်ရှိ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထုတ်ပြန်သည့် ကြေညာချက် ကို ဦးစွာ ထုတ်ပြန်ခဲ့သည်။
အပိုဒ်သုံးပုဒ်ပါ ကော်မရှင်နှစ်ခု၏ ကြေညာချက်တွင် ပထမအချက်နှင့် ဒုတိယ အချက်၌ ပြည်ထောင်စု အဖွဲ့အစည်းဝင်များ ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဆိုလျှင် ပါတီ စည်းရုံးရေးလုပ်ငန်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်း ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြ ထားပြီး တတိယအချက်တွင် ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်လောင်းများ အတည်ပြုပြီး နောက် ပိုင်းတွင် ကော်မရှင်က ထုတ် ပြန်ပေးမည်ဟု ဖော်ပြထားသည်။
သို့ရာတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်က နိုင်ငံရေးဖြစ်စဉ်နှင့်လက်ရှိ ရွေးကောက်ပွဲ အကြိုကာလ နိုင်ငံရေးဖြစ်စဉ်ကြားတွင် ကွဲပြားမှုအချို့ ရှိပြီး COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ အမိန့်အချို့က အခြား နိုင်ငံရေးပါတီများအတွက် အကန့်အသတ်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူအချို့က အဓိက ညွှန်းဆိုသည်။
COVID-19 ကာကွယ်ထိန်း ချုပ်နိုင် ရေးအတွက် လိုက်နာရမည့် ညွှန်ကြားချက်၊ အမိန့်အချို့ကို COVID-19 ကာကွယ် ထိန်း ချုပ်ရေး ဗဟိုကော်မတီက ဇူလိုင် ၁၅ ရက် အထိ သက်တမ်းတိုးမြှင့်ရာတွင် လူစုလူ ဝေးနှင့်ပြုလုပ်ရသည့် အခမ်းအနား ပွဲလမ်း သဘင် စသည့်ကိစ္စရပ်လည်း ပါဝင်သည်။
ထို့ကြောင့် လူငါးဦးထက်မနည်းဖြင့် ပြုလုပ်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရေးကိစ္စရပ်များတွင် အာဏာရပါတီမှ ခေါင်းဆောင်အချို့ ရရှိသည့် အခွင့်အရေးမျိုး အခြားသောရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ် လောင်းများလည်း ရရှိသင့်သည်ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရန် ပြင်ဆင် နေသည့် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။
“NLD ပါတီက ပါတီတွင်း စည်းရုံးရေး လုပ်နိုင်သလို တခြားပါတီများလည်း ပါတီတွင်း စည်းရုံးရေးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးကို ကော်မရှင်က ဖန်တီးပေးဖို့လိုသလို ဦးဆောင်ပါ တီဖြစ်တဲ့ NLD ပါတီကလည်း အားပေးဖို့ လိုတယ်” ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။
တဖန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လုပ်ဆောင်ခွင့်ရှိကြောင်း ကြေ ညာချက် တွင် အဆိုပါစကားရပ်နှစ်ခုအပေါ် အနက်ဖွင့်ဆိုထားခြင်းမရှိသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်သည် မဲဆွယ်ပါဟု ဆို လိုခြင်းမဟုတ်ဘဲ ပါတီစည်းရုံးရေး ဆောင်ရွက်ရန် ဆိုလိုခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီအတွင်းရေး မှူး မုံရွာအောင်ရှင်က ဆိုသည်။
ပါတီစည်းရုံးရေးဆိုသည်ကို ၎င်းက “ကျွန်တော်တို့ ပါတီမှာ ဗဟို ကနေ အောက်ခြေ ရပ်၊ ကျေးအထိ ပါတီစည်းရုံးရေး အဖွဲ့ အစည်းတွေ ရှိတယ်။ စည်းရုံးရေးလုပ်ငန်း တွေ ရှိတယ်။ အဲဒီလုပ်ငန်းတွေကို လုပ်ဖို့ပါ ပဲ”ဟု ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး ဆောင်ရွက်ခြင်းထက် ယင်းသို့ ဆောင်ရွက် ရာတွင် နိုင်ငံပိုင်အရင်းအမြစ်များကို အသုံး ချမှုရှိ၊ မရှိ က ပိုမိုအရေးကြီးသည့်အချက်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အချို့ က သုံးသပ်သည်။
“အနိမ့်ဆုံးစံနှုန်းအရ သူ့ကို နိုင်ငံတော် က ဘာပဲပံ့ပိုးမလဲပေါ့။ ဘာဖြစ်လို့လဲဆို တော့ နိုင်ငံတော်ရဲ့ အကြီးအကဲတွေဖြစ်ကြ တာကိုး။ သူတို့ရဲ့ လုံခြုံရေးရှိမယ့်အတွက် ကြောင့်မို့ အနိမ့်ဆုံး နိုင်ငံတော်က ဘာပဲပံ့ပိုး မယ်။ ကျန်တာအားလုံးဟာ သူ့ရဲ့ သက်ဆိုင် ရာပါတီက ကျခံရမယ်ဆိုတာမျိုး ရှိသလား ပေါ့။ အဲဒါ ကျွန်တော် ထင်တယ်။ အဲဒါက ပိုအရေးကြီးတယ်လို့ ယူဆတယ်”ဟု ရွေး ကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။
ရွေးကောက်ပွဲ ဥပဒေပါ မဲဆွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် သာမန်ကိုယ်စားလှယ်လောင်းအနေဖြင့် မည်သို့မဲဆွယ် ရမည်နှင့် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအနေဖြင့် မည် သို့မဲဆွယ်ဆောင်ရွက်ရမည်ကို ဖော်ပြမှုတွင် ရှင်းလင်းမှု အားနည်းကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ မူဘောင်များကို ပြင်ဆင်ပြောင်းလဲခြင်းမရှိလျှင် ရွေးကောက်ပွဲနီးကပ်ချိန်တိုင်း ယခုကဲ့သို့ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး ဆောင်ရွက် မည်ဆိုခြင်းသည် ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်သည့် သဘောဆန်၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် NLD ပါတီ တာဝန်ရှိသူများ အနေဖြင့် ပြန်လည်သုံးသပ်ရန် ဒေါက်တာ ညိုညိုသင်းက အကြံပြုသည်။
လက်ရှိဖြစ်စဉ်သည် ဥပဒေ အားနည်း ချက်ကိုအသုံးချပြီး နိုင်ငံရေးအသာစီးရရှိရန် ဆောင်ရွက်ခြင်းဖြစ်သလို နိုင်ငံရေး ကျင့်ဝတ်ဆိုင်ရာ ပြဿနာရပ်လည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အရပ်သားအစိုးရ ကိုယ်တိုင်က နိုင်ငံရေးကျင့်ဝတ်ကို မစောင့်ထိန်းဘဲနဲ့ တရားဥပဒေနဲ့ညီတဲ့ တရားမမျှတမှုကို ဖန်တီး တယ်ဆိုရင် တကယ်လို့များ နောင်မှာ ဒီနိုင်ငံမှာ အရပ်သားအစိုးရ မရှိလာတဲ့အခါ မျိုးမှာဆိုရင် တခြားသောအစိုးရတွေ က ဒီထက်ပိုကြီးမားတဲ့ မတရားမှု တွေကို ကျူးလွန်လာအောင် လမ်းခင်းပေးလိုက်သလို ဖြစ်နေလိမ့်မယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။










