COVID-19 ကြောင့် ရပ်တန့်ခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်း၊ ပိတ်ထားရဆဲ ရန်ကုန်လေဆိပ်နဲ့ နာလန်ထူဖို့ခက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ

COVID-19 ကြောင့် ရပ်တန့်ခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်း၊ ပိတ်ထားရဆဲ ရန်ကုန်လေဆိပ်နဲ့ နာလန်ထူဖို့ခက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ
ခရီးသည်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ရှင်းလင်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ်
ခရီးသည်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ရှင်းလင်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ်
Published 5 July 2020
ရွှန်းလဲ့ဝင်း

ကမ္ဘာအနှံ့ COVID-19 ကြောင့် ရပ်တန့်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်း    

COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ၂၀၁၉ ခုနှစ်စာရင်းတွေအရ တစ်ကမ္ဘာလုံးသို့ နိုင်ငံခြားသားခရီးသွား သန်းပေါင်း ၁၅၀၀ ကျော်ရှိခဲ့ရာမှာ တရုတ်ခရီးသွား အရေအတွက်က ၁၅၆ သန်းရှိတာကြောင့် ကမ္ဘာပေါ်မှာ ခရီးသွားလာမှု အများဆုံး စာရင်းဝင်ဖြစ်လာပါတယ်။ COVID-19 ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံးရဲ့ ခရီးသွားလာရေးလုပ်ငန်း အများစု ရပ်တန့်သွားခဲ့ရပြီး စီးပွားရေး လုပ်ငန်းတွေရဲ့ စီးဆင်းမှုတွေ တိုက်ရိုက်ထိခိုက်မှုတွေ၊ အခြားကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားရတာတွေ၊ နိုင်ငံအသီးသီးမှာ ခရီးသွားရောက်ရှိမှု ကျဆင်းမှုတွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း COVID-19 ကြောင့် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ နှောင်းပိုင်းကနေစပြီး သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အဲဒီလို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ကျဆင်းတယ်ဆိုတဲ့နေရာမှာ တရုတ်ခရီးသွားရော၊ အခြားနိုင်ငံအသီးသီးက ခရီးသွားတွေပါ ဝင်ရောက်မှု ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို တရုတ်ခရီးသွား ဝင်ရောက်မှုအခြေအနေဟာ ၂၀၁၈ ခုနှစ်မှာ ၂၉၇၄၀၀ ရှိပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင်ပြီး ဆိုက်ရောက်ဗီဇာ VOA ပေးအပ်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာတော့ ၇၄၉၇၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ ဆိုက်ရောက်ဗီဇာ စတင်ပေးအပ်ခဲ့တဲ့ တစ်နှစ်အတွင်းမှာပဲ ခရီးသွား လေးသိန်းကျော် တိုးတက်ဝင်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ နိုင်ငံခြားသား ဝင်ရောက်မှုအနေနဲ့ ၃၅၅၁၄၂၈ ဦးရှိပြီး ၂၀၁၉ ခုနှစ်မှာတော့ ၄၃၆၄၁၀၁ ဦးရှိကာ ၂၃ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

 

၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့ တရုတ်ခရီးသွားဝင်ရောက်မှု

COVID-19 ကူးစက်ရောဂါကြောင့်  ၂၀၂၀ ပြည့်နှစ်မှာ တရုတ်ခရီးသွားတွေ အဓိကကျဆင်းခဲ့ရပြီး အခြားနိုင်ငံအသီးသီးက ဧည့်သည်များ ဝင်ရောက်မှုကလည်း လိုက်ပါကျဆင်းခဲ့တာဖြစ်လို့  ခရီးသွားလုပ်ငန်းရဲ့ ဝင်ငွေအပိုင်းမှာလည်း သိသာစွာ ကျဆင်းခဲ့ပါတယ်။ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရ ၂၀၂၀ ပြည့်နှစ် မေလမှာ တရုတ်ခရီးသွား သီးသန့်ဝင်ရောက်မှု လုံးဝမရှိတော့ဘဲ ၁၀၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အလားတူ အခြားပြည်ပနိုင်ငံဧည့်သည် ဝင်ရောက်မှုကလည်း ၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် အချို့သော ခရီးသွားလုပ်ငန်းတွေနဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ကြိုတင်ချုပ်ဆိုခဲ့တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စာချုပ်တွေ ပျက်ပြယ်ခဲ့ပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပေါ် ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှု

COVID-19 ကြောင့် အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာလည်း ကူးစက်ရောဂါပျံ့နှံ့လာမှုကို ထိန်းချုပ်ဖို့အတွက် လေကြောင်းဝင်ပေါက်တွေကို ယာယီပိတ်လိုက်တာကြောင့်  ခရီးသွားလုပ်ငန်းတွေ ကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းအနေနဲ့ လက်ရှိမှာ ရှေ့ဆက်ဖို့ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ဝင်ထွက်ပေါက်တစ်ခုဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်တွေ ပြေးဆွဲခွင့်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိ ရပ်ဆိုင်းထားပါတယ်။ အဲဒီလို အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့်ကို ယာယီရပ်ဆိုင်းထားတာကြောင့် လေဆိပ်အသုံးပြုသူခရီးသည် ပမာဏဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လဝက်ခန့်က စတင်ပြီး ကျဆင်းလာခဲ့တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ခဲ့ပါတယ်။

ယခင်နှစ်ကာလတူ မတ်လမှ မေလအထိ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ် ဝင်ထွက်သွားလာမှု ပမာဏက ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အဆိုပါရိုက်ခတ်မှုကြောင့် ခရီးသည် ဝင်ထွက်မှု ပမာဏဟာဆိုရင်လည်း ၉၆ ရာခိုင်နှုန်းအထိ သိသိသာသာကို လျော့နည်းခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ် ၃ဝရက်ကစပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားပြီး အချို့သော ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ခရီးစဉ် လျှော့ချပျံသန်းမှုတွေကြောင့် ခရီးသည်နှင့် လေဆိပ် အသုံးပြုသူများ နည်းပါးခဲ့တာကြောင့် ပြည်ပဆိုက်ရောက်၊ ထွက်ခွာ (Terminal-1) မှာရှိတဲ့ အရောင်းဆိုင်ခန်းတွေနဲ့ စားသောက်ကုန်ဆိုင်ခန်းတွေကို လုံးဝ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

COVID-19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ လေဆိပ်တွေကို ဆိုးရွားစွာ အထိနာစေခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီမံခန့်ခွဲဝန်ဆောင်မှုပေးနေတဲ့ YACL ကုမ္ပဏီရဲ့ Chief Operating Officer ဖြစ်သူ Mr.Jose Angeja က “ လေကြောင်း သယ်ယူပို့ဆောင်ရေး နယ်ပယ်အတွက်တစ်ခါမှ မကြုံဖူးတဲ့ အခက်အခဲကြီးကို ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။ လေဆိပ်လုပ်ငန်း ပုံမှန်ပြန်လည်စတင်တာနဲ့အမျှ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး အစီအမံလိုအပ်ချက်များနှင့် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော လုပ်ငန်းစီမံ ဆောင်ရွက်ချက်များ၊ ပြန်လည်လည်ပတ်ရေး လုပ်ငန်းစဉ်များကို သတိကြီးစွာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ YIA ရဲ့ အပြောင်းအလဲဟာလည်း New Normal ပုံစံ လေကြောင်း ခရီးသွားလာရေးအဖြစ် အနည်းဆုံးကာလ အပိုင်းအခြားတစ်ခုအထိ ဖြစ်နေမှာပါ။ ပုံမှန်လေကြောင်း ခရီးစဉ်ပျံသန်းမှုတွေ အမြန်ဆုံးပြန်လည် စတင်နိုင်ဖို့အတွက် လေဆိပ်၊ ပုဂ္ဂလိကနှင့် သက်ဆိုင်ရာ အစိုးရနှင့် စီးပွားဘက် အားလုံးအနေနဲ့ ပြည်သူ့ကျန်းမာရေး အစီအမံစည်းမျဉ်းတွေကို လိုက်နာရန် အရေးကြီးပါတယ်။ ဒါဟာ လူတိုင်းအတွက် အမျိုးသားအဆင့် ပထမဦးစားပေးတာဝန်ပါ” ဟု ပြောကြားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ငါးလတာအတွင်း နိုင်ငံတကာလေကြောင်းလိုင်းများမှ ရရှိတဲ့ ဝင်ငွေဟာလည်း ယခင်နှစ်ထက် ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာလေကြောင်းလိုင်းများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ၂၀၁၉ ခုနှစ် စစ်တမ်းအပေါ် အခြေခံပြီး တွက်ချက်မှုအရ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော နိုင်ငံတကာ လေကြောင်းလိုင်းများအနေဖြင့် ရရှိတဲ့ ဝင်ငွေမှာ ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ မေလအထိ) အမေရိကန် ဒေါ်လာ ၃၆၅  ဒသမ ၀၇၁ သန်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်( ဇန်နဝါရီမှ မေလအထိ)  အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၃၁၄ သန်းသာ ရရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ရှိ ဆိုင်ခန်းအားလုံး ပိတ်ထားရခြင်းကြောင့် ငှားရမ်းခ ကင်းလွတ်ခွင့်နှင့် လျှော့ချပေးခြင်းများ ပြုလုပ်နေရပြီး လေဆိပ်ဝန်ထမ်းများ၏ လစာကို လျှော့ချဖြတ်တောက်၍ ရေရှည်ရပ်တည်နိုင်ရန် ဆောင်ရွက်နေရတယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲ ဝန်ဆောင်မှုပေးနေတဲ့ (YACL) ကုမ္ပဏီမှ သိရပါတယ်။

YACL အနေနဲ့ လေဆိပ်လုပ်ငန်းတွေနဲ့ ၎င်း၏ဝန်ထမ်းများနှင့် ရေရှည်ဆက်လက်လက်တွဲ လုပ်ကိုင်နိုင်ဖို့ လစာဖြတ်တောက်မှုတွေ ပြုလုပ်တဲ့နေရာမှာ အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိ ဝန်ထမ်းများ၏ အခြေခံလစာမှ ၂၅ ရာခိုင်နှုန်း၊ စီမံခန့်ခွဲရေး အောက်တစ်ဆင့်ဝန်ထမ်းများ၏ အခြေခံလစာအား ငါးရာခိုင်နှုန်းမှ စတင်ကာ အသီးသီးလျှော့ချခဲ့ရတယ်လို့ ဆိုပါတယ်။

ခရီးသည်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ရှင်းလင်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ်

COVID-19 ကာလခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ ဝင်ငွေရရှိမှုအခြေအနေ

COVID-19 ကာလ ခရီးသွားလုပ်ငန်းရဲ့ ဝင်ငွေရရှိမှုအခြေအနေကို ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခရီးသွားလုပ်ငန်း ကျဆင်းလာခြင်းနဲ့အတူ ဆက်စပ်လုပ်ငန်းကဏ္ဍတွေဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းတွေက ရရှိတဲ့ဝင်ငွေက ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ မေအထိ) အမေရိကန် ဒေါ်လာ ၁၂၅ ဒသမ ၄၉၃သန်း ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေအထိ)  အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅၄၅ သန်းသာ ရရှိကာ ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

တည်းခိုနေထိုင်ရေးကဏ္ဍမှာလည်း ၂၀၁၉ခုနှစ် (ဇန်နဝါရီမှ မေအထိ) အမေရိကန်ဒေါ်လာ ၂၇၃ ဒသမ ၈၀၄ သန်းဝင်ငွေ ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေအထိ) အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၇၃၅ သန်းအထိ ဝင်ငွေကျဆင်းကာ ဝင်ငွေအားဖြင့် ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း လာရောက်ကြတဲ့ နိုင်ငံခြားဧည့်သည်များ စျေးဝယ်ထွက်ခြင်းကနေ ရရှိတဲ့ ဝင်ငွေသည်လည်း ၂၀၁၉ခုနှစ်  (ဇန်နဝါရီမှ မေအထိ) အမေရိကန် ဒေါ်လာ ၇၈ ဒသမ ၈၉၅ သန်း ရှိခဲ့ရာကနေ ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေအထိ)  အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၂၅၇ သန်းအထိ ဝင်ငွေရရှိမှု ကျဆင်းခဲ့ပါတယ်။

နိုင်ငံခြားသားဧည့်သည်များ သုံးစွဲမှုမှ ရရှိတဲ့ အခြားဆက်စပ် ဝင်ငွေအနေဖြင့်လည်း ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ မေအထိ) အမေရိကန် ဒေါ်လာ ၁၁၄ ဒသမ ၀၈၅ သန်း ရရှိခဲ့ပြီး၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ မေအထိ)  အမေရိကန်ဒေါ်လာ  ၅၈ ဒသမ ၅၄၅ သန်းသာ ရရှိပြီး ၅၃ ဒသမ ၂၂၃ သန်းသာရှိပြီး ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

ဝင်ငွေရရှိမှုအနေဖြင့် ငါးလတာကာလအတွက် ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၄၀ ဒသမ ၈၄၈ သန်း ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၂၃၁ သန်းသာ ရရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှု စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှာ COVID-19 မဖြစ်မီကာလက ဝန်ထမ်းအင်အား ၉၂၅၁၉ ဦး ရှိခဲ့ပေမဲ့ COVID-19 ကာလ၌ စီးပွားရေးကျဆင်းမှုကြောင့် ဝန်ထမ်းဦးရေ နှစ်သောင်းကျော် လျော့နည်းသွားပြီး ဝန်ထမ်းဦးရေ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ COVID-19 ကြောင့် မြန်မာ့ခရီး  သွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှုစစ်တမ်းတွင် ဖော်ပြထားချက်အရ သိရပါတယ်။

COVID-19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ၊ အသေးစား အလတ်စားလုပ်ငန်းများအပေါ် သက်ရောက်နေတဲ့ အခြေအနေနဲ့ အချက်အလက်များကို သိရှိစေရန်နှင့် ကုစားနိုင်ရေးအတွက် အဆိုပါ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှု စစ်တမ်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြုစုခဲ့တာ ဖြစ်ပါတယ်။

COVID-19 ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများနှင့် ချိတ်ဆက်လုပ်ကိုင်တဲ့ ခရီးသွားကုမ္ပဏီ အရေအတွက်မှာလည်း ယခင်က ၁၄၄၈ ခုရှိခဲ့ရာမှ COVID-19 ကာလတွင် ကုမ္ပဏီ ၇၄၃ ခုသာ ကျန်ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေကြသော ဧည့်လမ်းညွှန်အရေအတွက်မှာလည်း COVID-19 မဖြစ်မီကာလမှာ ၁၂၅ ဦးရှိခဲ့ပြီး COVID-19 ကြောင့် ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ၉၅ ဦးသာ ဆက်လက်လုပ်ကိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဟိုတယ်နှင့် တည်းခိုရိပ်သာ၏ လုပ်ငန်းများဖြစ်သည့် KTV ၊ SPA နှင့် အခြားအသေးစားဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် COVID-19 မဖြစ်ပွားမီ လုပ်ငန်းပေါင်း ၂၃၈ ခု ရပ်တည်နိုင်ခဲ့သော်လည်း COVID-19 ကြောင့် လုပ်ငန်းပေါင်း ၁၈၂ ခု ရပ်နားခဲ့ရပြီး လက်ရှိလုပ်ကိုင်နေသော လုပ်ငန်း ၅၆ ခုသာ ကျန်ရှိကာ ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စီးပွားရေးထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

“ အခုလက်ရှိအခြေအနေအရ မြန်မာနိုင်ငံရဲ့ ခရီးသွားစျေးကွက်မှာ ကျန်တဲ့လတွေမှာလည်း ခရီးသည်ဝင်ရောက်မှု ဆက်ပြီးကျဆင်းနိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း လုပ်ကိုင်နေသူတွေအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ခံစားရနိုင်တာကြောင့် ကုစားနိုင်ဖို့ အခွန်အခသက်သာခွင့်တွေ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ရရှိနိုင်မှသာ မူလအခြေအနေကို ရောက်ရှိဖို့ ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်” လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါတယ်။

 

အထိနာခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကောက်ရိုးတစ်မျှင်ဖြစ်လာမယ့် COVID-19 Fund

COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သည့် လုပ်ငန်းတွေကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ဆက်လက်ပေးအပ်နိုင်ဖို့ နိုင်ငံတော်က COVID-19 Fund သို့ကျပ် ၁၀၀ ဘီလျံ ထပ်မံဖြည့်တင်းပေးမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုအစိုးအရအဖွဲ့၏ ခွင့်ပြုချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ် ၁၅၀ ဘီလျံအနက် COVID-19 Fund သို့ ကျပ် ၁၀၀ ဘီလျံ၊ COVID-19 Fund စတင်တည်ထောင်စဉ်က ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးအဖွဲ့ ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံကို လူမှုဖူလုံရေးအဖွဲ့ ရန်ပုံငွေသို့ ပြန်လည်ပေးအပ်ရန် လွှဲပြောင်းထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

“ ဆက်လုပ်မယ့်အစီအစဉ်ကို ပြောမယ်ဆိုရင် မူလပေးခဲ့တဲ့ ကဏ္ဍသုံးခုကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့  အခြားလိုအပ်နေတဲ့ ကဏ္ဍတွေကို ထပ်မံပြီးတော့မှ နယ်ပယ်ချဲ့ထွင်ပြီးတော့ ဆောင်ရွက်သွားပေးဖို့ ရှိပါတယ်။ ချေးငွေလည်း ထပ်ထုတ်ပေးသွားဖို့ ရှိပါတယ်။ ထပ်ထုတ်တဲ့အပိုင်းမှာလည်း အတိုးနှုန်းလည်းမပြောင်းလဲဘူး။ တစ်ရာခိုင်နှုန်းနဲ့ပဲ ထပ်ထုတ်ပေးသွားပါမယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

COVID-19 Fund သို့ ဖြည့်တင်းပေးရာမှာ ကျပ် ၁၀၀ ဘီလျံကို သုံးကြိမ်ခွဲ၍ ပထမအကြိမ် ကျပ် ၃၅ ဘီလျံ၊  ဒုတိယအကြိမ် ၃၅ ဘီလျံ၊ တတိယအကြိမ် ကျပ် ၃၀ ဘီလျံ ဖြည့်တင်းပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

COVID-19 Fund  မှ ဆက်လက်ထုတ်ချေးမည့် ချေးငွေများအတွက် ချေးငွေလျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစားများ၊ ချေးငွေအတိုးနှုန်းနှင့် ချေးငွေသက်တမ်းစသည့် ချေးငွေစည်းကမ်း သတ်မှတ်ချက်များကို COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီက ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကို ကနဦးမ,တည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ယင်းကနဦးမ,တည်ငွေဖြင့် COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုအများဆုံး ခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦးမ,တည်ရန်ပုံငွေကျပ် ဘီလျံ ၁၀၀ မှ ချေးငွေ ထုတ်ချေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းကို ရောက်ရှိလာပြီဖြစ်ပေမဲ့ COVID-19 ကာလမပြီးဆုံးသေးတာကြောင့် ခရီးသွားလုပ်ငန်းအခြေအနေကို ခန့်မှန်းရန်ခက်ခဲနေပြီး လက်ရှိတွင် ၅၅ ရာခိုင်နှုန်းသို့ ကျဆင်းကာ ကျန်လများမှာလည်း ပိုမိုလျော့ကျသွားရန်သာရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံသို့ ဝင်ရောက်သည့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ အနည်းဆုံးအနေအထား ဖြစ်နေပြီး ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာစေရေးအတွက် SOP များ ရေးဆွဲခြင်း၊ National Tourism Guideline များ ရေးဆွဲခြင်းများ ပြုလုပ်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရမှာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေက COVID-19 ကပ်ရောဂါဆိုးကြောင့် ကမ္ဘာအနှံ့ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းနည်းတူ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းရှင်တွေ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ လေကြောင်းလိုင်းတွေအနေနဲ့ အချိန်ကာလတစ်ခုအထိ တောင့်ခံနိုင်ဖို့  လိုအပ်မှာဖြစ်ပြီး အဲဒီအချိန်ကာလက ဘယ်လောက်အထိ ကြာမြင့်နိုင်မှာလဲဆိုတာကတော့ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Most Read

Most Recent