ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံများသို့ တစ်ပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၄၀၀၀ ကျော် တင်ပို့ခဲ့ပြီး အီးယူသို့ ဆန်တန်ချိန် ၇၀၀၀ ခန့်ဖြင့် အများဆုံးတင်ပို့ခဲ့

ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံများသို့ တစ်ပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၄၀၀၀ ကျော် တင်ပို့ခဲ့ပြီး အီးယူသို့ ဆန်တန်ချိန် ၇၀၀၀ ခန့်ဖြင့် အများဆုံးတင်ပို့ခဲ့
Published 4 July 2020

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ဇွန် ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်အတွင်း မြန်မာ့ဆန် တန်ချိန် ၁၄၀၀၀ ကျော်တင်ပို့ခဲ့ပြီး အီးယူသို့ ဆန်တန်ချိန် ၇၀၀၀ ခန့်ဖြင့် အများဆုံးတင်ပို့ခဲ့ကာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၃၀၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန် ၇ မှ ၁၃ ရက်ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၆ ဒသမ ၀၀၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။ တင်ပို့မှုများမှာ အီးယူနိုင်ငံများသို့ တန်ချိန် ၇၀၀၀ ခန့်၊ အာရှနိုင်ငံများသို့ တန်ချိန် ၆၃၀၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ တန်ချိန် ၁၀၀၀ နီးပါး တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀၀ ခန့် လျော့နည်းတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဒေါ်လာ ၅ ဒသမ ၄၁၀ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၇၈၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။ အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၉၂၀၀ ခန့်၊ အာရှနိုင်ငံများသို့ တန်ချိန် ၇၄၀၀ ခန့်နှင့် အာဖရိကနိုင်ငံများသို့ ဆန်ကွဲ တန်ချိန် ၁၂၀၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

အဆိုပါ သီတင်းတစ်ပတ်ကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်း တန်ချိန် ၄၂၀၀၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၅၀၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် လေးလခွဲကျော်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာသန်း ၃၆၀ ခန့်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၄၂ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၆၃၇ သန်း ရရှိထားကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၅၉ နိုင်ငံသို့ ဆန်တန်ချိန် ၈၆၈,၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာသန်း ၂၆၀ ကျော်ရရှိထားသည်။ ထို့အတူ နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၇၃,၀၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော် ရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

Most Read

Most Recent