ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ခြောက်ခုအထိ ဖြစ်လာသော်လည်း ရှယ်ယာအရောင်းအဝယ် သိသိသာသာမြင့်တက်လာမှုမရှိဘဲ ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ခြောက်ခုအထိ ဖြစ်လာသော်လည်း ရှယ်ယာအရောင်းအဝယ် သိသိသာသာမြင့်တက်လာမှုမရှိဘဲ ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်
ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်နေသူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်နေသူများကို တွေ့ရစဉ်
Published 4 July 2020

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီခြောက်ခုအထိ ဖြစ်လာသော်လည်း ရှယ်ယာအရောင်းအဝယ် သိသိသာသာ မြင့်တက်လာမှုမရှိဘဲ ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ကျပ်သိန်း ၇၂၀၀ ကျော် အရောင်းအဝယ် မြင့်တက်ခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီတွင်လည်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၄၈ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ကျပ် တစ်ဘီလျံကျော် အရောင်းအဝယ်မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ မတ်လတွင် ကျပ် ၁ ဒသမ  ၄၂ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျပ် ၃၉၆၂ သိန်းကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သည့်  ၂၀၁၉ ခုနှစ် မတ်လထက် ကျပ် တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှု မြင့်တက်ခဲ့သည်။ ထိုသို့ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျပ် ၁ ဒသမ ၄၂ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ဧပြီတွင် ကျပ် သိန်း ၉၀၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

ထို့နောက် မေလတွင် ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခုမြောက်စာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့သည့် EFR ကုမ္ပဏီ၏ အစုရှယ်ယာများကို မေ ၂၈ ရက်တွင် စတင်ရောင်းချရာ စာရင်းဝင်ကုမ္ပဏီ ခြောက်ခုဖြစ်လာသကဲ့သို့ အရောင်းအဝယ်ဖြစ်မှု၌လည်း မေလတွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဇွန်တစ်လလုံးအတွက် EFR ကုမ္ပဏီ၏ အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ထူးခြားသိသာသော အရောင်းအဝယ်မြင့်တက်မှုမရှိခဲ့ဘဲ ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လတွင် FMI ကုမ္ပဏီဖြင့် စတင်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် လက်ရှိအချိန်တွင် စာရင်းဝင်ကုမ္ပဏီခြောက်ခုဖြင့် နေ့စဉ်အရောင်းအဝယ်ပြုလုပ်နေကာ FMI ကုမ္ပဏီသည် ရှယ်ယာ ၂၇၁ သိန်းကျော် မ,တည်ငွေ ကျပ် ၃၁၁၇၉၇ သန်း၊ MTSH ကုမ္ပဏီသည် စာရင်းဝင်ရှယ်ယာ ၃၈၉ သိန်းကျော် မ,တည်ငွေ ကျပ် ၁၅၅၇၁၇ သန်း၊ MCB သည် အစုရှယ်ယာ ၁၀၄ သိန်းကျော်နှင့် မ,တည်ငွေ ကျပ် ၈၅၂၈၈ သန်း၊ FPB သည် အစုရှယ်ယာပေါင်း ၂၄ သိန်းကျော် မ,တည်ငွေ ကျပ် ၅၅၆၂၁ သန်းနှင့် TMH က အစုရှယ်ယာ ၁၂၈ သိန်းကျော်မှ ကျပ် ၃၇၁၈၇ သန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေပြီး ဆဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာသည့် EFR ကုမ္ပဏီသည် အစုရှယ်ယာပေါင်း ၁၉၉၇၇၂၂၃ စု ရှိပြီး မ,တည်ရင်းနှီးငွေ ကျပ် ၁၃၆၃၈၅၉၉၀၀၀ ရှိသည်။

၂၀၁၆ ခုနှစ် မတ်လတွင် စတင်ခဲ့့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် လက်ရှိတွင် သက်တမ်းငါးနှစ် ရှိလာခဲ့ပြီဖြစ်ပြီး စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း ကျပ် ၂၂  ဒသမ ၁၃ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီတစ်ခု တိုးလာသကဲ့သို့ နေ့စဉ်အရောင်းအဝယ်ပြုသည့် အကြိမ်ရေ လေးကြိမ်အထိ တိုးမြှင့်ခဲ့သော်လည်း အရောင်းအဝယ်ကျဆင်းကာ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျပ် ၁၁ ဘီလျံကျော်သာ ရှိခဲ့ပြီး Block Trading အရောင်းအဝယ်ဖြစ်မှုတွင်လည်း ၂၀၁၇ ခုနှစ်ထက် ကျပ် ငါးဘီလျံခန့် ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

ထိုသို့ကျဆင်းခဲ့ရာမှ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ၂၀၁၈ ခုနှစ်ကထက် ကျပ် နှစ်ဘီလျံခန့် မြင့်တက်လာပြီး စုစုပေါင်း ကျပ် ၁၃ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

Most Read

Most Recent