နိုင်ငံတော် ဗဟိုဘဏ်က နှစ်ရက်အတွင်း နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၁ သန်းခွဲ ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ဇူလိုင် ၂ ရက်အထိ ဒေါ်လာ ၁၅၉ ဒသမ ၃ သန်းဝယ်ယူထား

နိုင်ငံတော် ဗဟိုဘဏ်က နှစ်ရက်အတွင်း နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၁ သန်းခွဲ ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ဇူလိုင် ၂ ရက်အထိ ဒေါ်လာ ၁၅၉ ဒသမ ၃ သန်းဝယ်ယူထား
Published 4 July 2020
စည်သူအောင်

နိုင်ငံတော် ဗဟိုဘဏ်က နှစ်ရက်အတွင်း နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၁ သန်းခွဲ ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ဇူလိုင် ၂ ရက်အထိ ဒေါ်လာ ၁၅၉ ဒသမ ၃ သန်း ဝယ်ယူထားပြီး ဒေါ်လာ ၂ ဒသမ ၇ သန်းသာ ပြန်လည်ရောင်းချထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

နိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ ဇူလိုင် ၂ ရက်တွင် ဒေါ်လာ ၇ ဒသမ ၇ သန်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်လဆန်းအထိ လအလိုက် ရောင်းဝယ်မှု ပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း ပြန်လည် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း စျေးကွက်အတွင်း ဒေါ်လာစျေးသည် မေလအတွင်းမှစ၍ ပြန်လည် ကျဆင်းလျက်ရှိပြီး နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် ယခုလပိုင်းများအတွင်း ဆက်တိုက် ဝယ်ယူနေခြင်း ဖြစ်သည်။

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည် ကျဆင်းခဲ့ပြီး ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်အတွင်း အနိမ့်ဆုံးနှုန်း ၁၃၆၇ ကျပ်ဝန်းကျင်၊ အမြင့်ဆုံးနှုန်း ၁၃၈၈ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် တစ်ပတ် ဇွန် ၂၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၈၈ ကျပ် ဝန်းကျင် ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၂ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀ -၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆ -၁၄၆၅ ကျပ်၊ မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ် တို့ဖြစ်သည်။

ပြည်တွင်း စျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ကျပ် ၁၅၁၀၊ စင်ကာပူဒေါ်လာ ၉၇၇ ကျပ်၊ မလေးရှားရင်းဂစ် ၃၀၉ ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၆၅ ကျပ်၊ တရုတ်ယွမ် ၁၉၄ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၆၀ ကျပ် ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သော စံချိန်တင် နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၆၅၀ ဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent