International Fighter of the Year ဆု ပဏာမစာရင်းတွင် အောင်လအန်ဆန် ထပ်မံပါဝင်နေ

International Fighter of the Year ဆု ပဏာမစာရင်းတွင် အောင်လအန်ဆန် ထပ်မံပါဝင်နေ
Photo: onefc
Photo: onefc
Published 3 July 2020

အမေရိကန်ဖိုက်တာ မဂ္ဂဇင်းဖြစ်သည့် Fighter Only က ရွေးချယ်ချီးမြှင့်သည့် World MMA Awards ဆု၏ International Fighter of the Year ဆု ပဏာမစာရင်းတွင် မြန်မာ MMA ကစားသမား အောင်လအန်ဆန် ပါဝင်လာကြောင်း သိရသည်။

    

အောင်လအန်ဆန်သည် International Fighter of the Year ဆုကို ပြီးခဲ့သည့်နှစ်ကလည်း ရရှိထားပြီး (၂)နှစ်ဆက်တိုက် ပါဝင်လာခြင်းဖြစ်သည်။ 

Fighter Only  မဂ္ဂဇင်းသည် ယခုနှစ်အတွက် ဆုရွေးချယ်ရာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် (၃၀) ရက် အထိကျင်းပသည့် ပြိုင်ပွဲများမှ ရလဒ်များနှင့် စွမ်းဆောင်ရည်များကို ထည့်သွင်းတွက်ချက်သွားမည်ဖြစ်ပြီး ယခင်က ဇူလိုင်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အောက်တိုဘာသို့ ပြောင်းလဲထားကာ ရက်နှင့် နေရာကို ပြန်လည်ထုတ်ပြန်မည်ဖြစ်သည်။ 

ယခုနှစ်တွင် ဆုအမျိုးအစား (၂၂) မျိုး ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဆုအလိုက် ပဏာမစာရင်းများထုတ်ပြန်ရာ ONE ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က International Fighter of the Year ဆု၏ ပဏာမစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ် International Fighter of the Year ဆုကို နာမည်ကြီး UFC ဖိုက်တာ ခါဘစ်ကိုကျော်ဖြတ်၍ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ထပ်မံရယူနိုင်ရန် UFC ရွှေခါးပတ်ချန်ပီယံများဖြစ်သည့် အဒီဆန်ညာ၊ အူစမန်စသည့် ကစားသမားများကို ကျော်ဖြတ်ရမည်ဖြစ်သည်။

    

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အတွင်း (၂)ပွဲသာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသော်လည်း ဝိတ်တန်းနှစ်ခုစလုံး၏ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။ 

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို ဒုတိယအချီတွင်လည်းကောင်း၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို ဒုတိယ အချီတွင်လည်းကောင်း ဒိုင်ပွဲရပ်ဖြင့် အနိုင်ရကာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ 

Most Read

Most Recent