တာဝန်ခံမှုရှိသော ယဉ်ကျေးမှု

တာဝန်ခံမှုရှိသော ယဉ်ကျေးမှု
Published 30 June 2020

တာဝန်ခံမှုဟူသည် အဘယ်နည်း၊ အဘယ်ကြောင့် အရေးကြီးရသနည်း၊ မည်သည့်နေရာမှ စတင်မည်နည်း အစရှိသည်တို့ကို လူများစွာတို့က မသိကြပေ။ လူအများအပြားသည်လည်း တာဝန်ခံမှုက အရေးကြီးသည်ကို သဘောပေါက်ကြသည့်တိုင် တာဝန်ခံတတ်သည့် ယဉ်ကျေးမှုတစ်ရပ်ကို မည်သို့မည်ပုံ ဖန်တီးရမည်ကို နားမလည်ကြဘဲ ဤသို့ဖြစ်လာပါစေဟုသာ မျှော်လင့်တတ်ကြသည်။ မျှော်လင့်နေခြင်းကို ဗျူဟာဟုမဆိုသာ။ တာဝန်ခံမှုကို ပို၍ကောင်းစွာ နားလည်လာနိုင်စေရေးနှင့် အဖွဲ့အစည်းတစ်ရပ်၌ တာဝန်ခံမှု အဆင့်အတန်း မြင့်တက်လာစေရေးတို့အတွက် သိမှတ်ဖွယ်ရာ အချို့ကို တင်ပြအပ်ပါသည်။

မိမိအနေဖြင့် တာဝန်ခံမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးလိုပါက မိမိကိုယ်တိုင်နှင့် စတင်ရမည်ဖြစ်သည်။ မိမိအဖွဲ့အစည်း၌ မိမိမြင်လိုသော အမူအကျင့်များကို ပုံစံချမှတ်ရန် လိုအပ်သည်။ မိမိအနေဖြင့် အခြားသူများအား ပေးထားသည့် ကတိများကို တည်စေလိုပါက မိမိကိုယ်တိုင် ယင်းကဲ့သို့ လိုက်နာရမည် ဖြစ်သည်။ တာဝန်ခံမှု လမ်းကြောင်း၌ မိမိကိုယ်တိုင် ရှေ့မှဦးဆောင် လျှောက်ပြရမည်ဖြစ်ပြီး တာဝန်ခံမှုရှိရန် ပါးစပ်မှ တတွတ်တွတ် ပြောနေခြင်းကား အလုပ်မဖြစ်ပေ။

မိမိအဖွဲ့အစည်း၏ အောင်မြင်မှုများကို ခံစားသကဲ့သို့ပင် မိမိအဖွဲ့အစည်း၏ ကျရှုံးမှုများအတွက် မိမိကိုယ်တိုင် တာဝန်ခံရမည်ဖြစ်သည်။ တာဝန်ခံမှုသည် မည်သည့် အလုပ်မဆို၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ပြီးသား ဖြစ်နေရာ ရှောင်လွှဲရန် ကြိုးပမ်းပါက အဖွဲ့အစည်း၏ နဂိုရှိနှင့်ပြီးသား တာဝန်ခံမှု အဆင့်အတန်းကိုပါ ကျဆင်းစေလိမ့်မည် ဖြစ်သည်။

တာဝန်ခံမှုဟူသည် တစ်ချိန်တည်း သို့မဟုတ် တစ်ခါတစ်ရံသာ ရှိရမည့် အရာမဟုတ်ဘဲ အချိန်တိုင်း ရှိနေရမည့် အရာဖြစ်သည်။ တာဝန်မခံလိုသော သူများသည် မိမိ၏ တာဝန်ခံမှု အတွင်းရှိ ပျော့ကွက်၊ ဟာကွက်များမှနေ၍ အခွင့်ကောင်းယူကာ တိုးထွက်သွားရန် အမြဲတမ်း ကြိုးပမ်းတတ်သည်။ ထို့ကြောင့် မိမိအနေဖြင့် အချိန်တိုင်း တာဝန်ခံမှုရှိကြောင်း ရှုမြင်ခံရရန် လိုသည်။

မိမိအနေဖြင့် လူများကို တာဝန်ခံမှု ရှိစေလိုပါက ကျောသားရင်သား ခွဲခြားကာ ဘက်လိုက်မှုမျိုး ပြုလုပ်ရန် မဖြစ်နိုင်ပါ။ တာဝန်ခံမှုဟူသည် လူတိုင်းအတွက် အချိန်တိုင်း တစ်ပြေးညီ ရှိရမည်သာဖြစ်သည်။ မိမိအနေဖြင့် လူတစ်ဦး၏ တာဝန်ခံမှုကို လျစ်လျူရှုပေးလိုက်ပါက အခြားသူများအတွက်ပါ တာဝန်ခံမှုမှ ထွက်ပြေးရန် တံခါးဖွင့်ပေးလိုက် သကဲ့သို့ ဖြစ်ပေလိမ့်မည်။

တာဝန်ခံမှုဟူသည် ကိုယ်စားလွှဲပေး၍ရသော အရာမဟုတ်ပါ။ လူများကို တာဝန်ခံမှု ရှိအောင်လုပ်ရန် အကောင်းဆုံးနည်းမှာ ၎င်းတို့အား အောင်မြင်အောင် မြှင့်တင်ပေးခြင်း ဖြစ်သည်။ ၎င်းတို့အား အောင်မြင်ရန် လိုအပ်သည့် အရာအားလုံး ၎င်းတို့ထံ၌ ရှိသလားဟု မေးမြန်းရမည်ဖြစ်သည်။ ၎င်းတို့က ရှိပါသည်ဟု ဆိုပါက ၎င်းတို့အနေဖြင့် တာဝန်ခံမှုကို လက်ခံကာ ရှေ့သို့ခြေလှမ်းကြီးကြီး လှမ်းရတော့မည်ဖြစ်သည်။

တာဝန်ခံမှု မရှိသူများကို မှားယွင်းနေသည့် အရာများကို တွက်ချက်ဖော်ထုတ်စေကာ ယင်းတို့အား မည်သို့ပြင်ဆင်မည်နည်းဟု မေးမြန်းရမည်ဖြစ်သည်။ တာဝန်ခံမှုဟူသည် အောင်မြင်မှုနှင့် ကျရှုံးမှုတို့အကြား အဆုံးအဖြတ်ပေးသောအရာ ဖြစ်သည်ကို နားလည်သဘောပေါက် စေရမည်ဖြစ်သည်။

မိမိအနေဖြင့် လူများကို တာဝန်ခံကြရန် ပြောနေရုံသက်သက်ဖြင့် မရပါ။ ၎င်းတို့အား ပြန်လည်စစ်ဆေး သုံးသပ်မှုများ အခါအားလျော်စွာ ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၌ တာဝန်ခံမှုရှိခြင်းကို တည်တံ့အောင် ထိန်းသိမ်းထားပေးနိုင်ရန် လိုအပ်သည်။

မည်သို့ပင် ဆိုစေကာမူ အဖွဲ့အစည်းတစ်ရပ်၌ တာဝန်ခံမှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ကို ခိုင်မာအောင် တည်ဆောက်ခြင်းက ယင်းအဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုကြီးစွာ ရှိမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent