ရွေးကောက်ပွဲကတိ သို့မဟုတ် မဲဆွယ်ပွဲကတိဟူသည် ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ကြိုးပမ်းသည့် ကိုယ်စားလှယ်လောင်းတစ်ဦး သို့မဟုတ် နိုင်ငံရေးပါတီတစ်ခုက လူထုအား ကတိပြု သို့မဟုတ် အာမခံသည့် ကတိတစ်ရပ်ဖြစ်သည်။ အနောက်တိုင်းတစ်ခွင်၌ နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ရွေးကောက်ပွဲကတိများကို အကြီးအကျယ်ပြည့်မီအောင် ဆောင်ရွက်လေ့ရှိကြသည်။ အမေရိကန်ပြည်ထောင်စုတွင် စင်မြင့်ပေါ်၌ ပြောကြားသော ရပ်တည်ချက်များသည် အမေရိကန်ပါတီများ အကောင်အထည်ဖော်မည့် မူဝါဒများကို ခြေရာခံရန် အရေးကြီးသော သဲလွန်စများ ဖြစ်ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း ဒီမိုကရက်တစ်နှင့် ရီပက်ဘလီကင် လွှတ်တော်အမတ်များအပေါ် ၎င်းတို့၏ စင်မြင့်ပေါ်ပြောကြားသော ရပ်တည်ချက်များနှင့်အညီ မဲပေးခဲ့မှုမှာ ၇၄ ရာခိုင်နှုန်းနှင့် ၈၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။
အမေရိကန်နိုင်ငံရေးသိပ္ပံဂျာနယ်၌ ဖော်ပြခဲ့သော ၂၀၁၇ ခုနှစ်က လေ့လာချက်တစ်ရပ်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံ (သြစတြီးယား၊ ဘူဂေးရီးယား၊ ကနေဒါ၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်) တို့၌ နိုင်ငံရေးပါတီများသည် ၎င်းတို့အနေဖြင့် မဲဆန္ဒရှင်ပြည်သူများအား ပေးထားသည့် ကတိများကို သင့်တင့်လျှောက်ပတ်သော အတိုင်းအတာအထိ တည်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ရွေးကောက်ပွဲကတိများကို အထင်အရှား ချိုးဖောက်သော သာဓကများလည်း ရှိသည်။ အနီးကပ်ဆုံးဥပမာအားဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၁၆ ခုနှစ် ကိုယ်စားလှယ်လောင်းဘဝက ရွေးကောက်ပွဲကတိအဖြစ် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်ကို သူ၏အီးမေးလ်အရှုပ်တော်ပုံကြောင့် သမ္မတဖြစ်လာပါက ထောင်ချပစ်မည်ဟု ကတိပေးခဲ့သည်။ သို့သော် သူသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ကလင်တန်ကို အမှန်တကယ်တရားစွဲဆိုမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ကြီးမားသော ကတိများပေးရန် အဓိကကျကြောင်း နိုင်ငံရေးသမားတိုင်း သိကြသည်။ မဲဆွယ်ကောင်းသူများသည် အခွန်အတုပ်များ၊ စစ်ပွဲများ၊ အဂတိလိုက်စားမှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အပါအဝင် လူထုက စိတ်ပျက်နေသည့် အရာများကို ပြုပြင်ပါမည်ဟု ကတိပေးတတ်ကြသည်။ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ကြီးမားသော တိုးတက်မှုများ ရရှိအောင် ပြုလုပ်ပါမည်ဟုလည်း ကတိပေးတတ်ကြသည်။ သို့သော် ရွေးကောက်တင်မြှောက်ခံရပြီးသည့်အခါ မိမိတို့သည် သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများကို ကိုယ်စားပြုသည့် အနေအထားကို မေ့လျော့ကာ ကတိများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်သည်။
နိုင်ငံရေးသမားများက ကတိများကို ဖျက်တတ်ကြသော်လည်း မဲဆန္ဒရှင် ပြည်သူအများစုသည် အတွေ့အကြုံများမှနေ၍ သင်ခန်းစာ မယူတတ်သော အလွန်အကောင်းမြင်သူများဟု ဆိုနိုင်သည်။ မဲဆန္ဒရှင်ပြည်သူတို့သည် မိမိတို့နှစ်သက်သည့် နိုင်ငံရေးသမားများက မိမိတို့၏ ဘဝကို တိုးတက်အောင် ပြုလုပ်ပေးမည်ဟုသာ ယုံကြည်လိုကြသည်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလ၌ တကယ့်အရှိတရားနှင့် တွေ့ထိရသော်လည်း လက်တွေ့မကျမှုများအား မိမိတို့ယုံကြည်ခဲ့ကြပုံကို မေ့လျော့၍ သွားကြသည်။ ရွေးကောက်ပွဲအလွန်၌ ကတိများနှင့် ကွဲပြားခြားနားသော ရလဒ်များ ထွက်ပေါ်လာသည့်တိုင် နိုင်ငံရေးသမားများက ပေးခဲ့သည့် ကတိများကို မေ့မေ့လျော့လျော့သာ ရှိကြလေသည်။
ဥပမာအားဖြင့် နိုင်ငံရေးသမားက ဆင်းရဲမွဲတေမှုများကို လျှော့ချမည်ဟု ကတိပြုခဲ့သည်။ သို့သော် သူတာဝန်ယူစဉ်ကာလအတွင်း ဆင်းရဲမွဲတေမှုနှုန်းများ မည်မျှကျဆင်းခဲ့ပါသနည်း။ ပြည်သူအများစု၏ စားဝတ်နေရေးသည် ကျပ်တည်းသည်ထက်ကျပ်တည်း၍သာ လာသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထိထိရောက်ရောက် ဝင်ရောက်လာခြင်း မရှိသည့်အပြင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုလည်း မယ်မယ်ရရ ဖန်တီးပေးနိုင်ခြင်း မရှိပေ။ ၎င်းအပြင် ကျူးကျော်များဟုဆိုကာ ပြည်သူများစွာတို့ နေစရာများပင် ပျောက်ဆုံးခဲ့ရသည်။ အဂတိလိုက်စားမှု အရှုပ်တော်ပုံပေါင်းစုံနှင့် ပတ်သက်နေသော စီမံကိန်းများကြောင့် လုပ်ကိုင်စရာ လယ်မြေများ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံရေးသမားအချို့ကား အဂတိလိုက်စားမှုများမှတစ်ဆင့် အကြီးအကျယ် ကြီးပွားချမ်းသာသွားကြသည်။
ထိုကြောင့် နိုင်ငံတစ်နိုင်ငံ အမှန်တကယ် ပြန်လည်ထူထောင်နိုင်ရေးအတွက် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုသည့် ကတိတည်သော နိုင်ငံရေးသမားများသာ လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဇွန် ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









