COVID-19 အလွန်တွင် ကြုံတွေ့ရမည့် အနေအထားအပေါ်မူတည်၍ ကျန်းမာရေး၊ လယ်ယာနှင့် သားငါး၊ စက်မှုဇုန်ဖော်ဆောင်ရေး စသည့် ကဏ္ဍသုံးခုကို ဦးစားပေးရင်းနှီးမြှုပ်နှံမှုအဖြစ် ဆွဲဆောင်သွားရန် စီစဉ်ထားကြောင်း DICA ညွှန်ချုပ် ပြောကြား

COVID-19 အလွန်တွင် ကြုံတွေ့ရမည့် အနေအထားအပေါ်မူတည်၍ ကျန်းမာရေး၊ လယ်ယာနှင့် သားငါး၊ စက်မှုဇုန်ဖော်ဆောင်ရေး စသည့် ကဏ္ဍသုံးခုကို ဦးစားပေးရင်းနှီးမြှုပ်နှံမှုအဖြစ် ဆွဲဆောင်သွားရန် စီစဉ်ထားကြောင်း DICA ညွှန်ချုပ် ပြောကြား
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး)
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး)
Published 28 June 2020
ဇေယျာငြိမ်း

COVID-19 အလွန်တွင် ကြုံတွေ့ရမည့် အနေအထားအပေါ်မူတည်၍ ကျန်းမာရေး၊ လယ်ယာ၊ သားငါးနှင့် စက်မှုဇုန်ဖော်ဆောင်ရေး စသည့်ကဏ္ဍသုံးခုကို ဦးစားပေးရင်းနှီးမြှုပ်နှံမှုအဖြစ် ဆွဲဆောင်သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ဇွန် ၂၄ ရက်က ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင်  ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ COVID ကြောင့် ဘာတွေကို မျှော်မှန်းထားသလဲဆိုရင် COVID ကြောင့် ဖြစ်လာနိုင်တဲ့ COVID ဖြစ်ပွားပြီးနောက် ကျွန်တော်တို့ ကြုံတွေ့ရတဲ့ အနေအထားပေါ်မူတည်ပြီးတော့ နံပါတ် (၁) ကတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ဆွဲဆောင်ဖို့ စီစဉ်ထားပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး အခုတော့ အများလူသိများတဲ့ Mask ၊ PPE တို့၊ Hand Gel တို့ စသည်ဖြင့် ကျန်းမာရေးသုံးပစ္စည်းသုံးတွေ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒုတိယလုပ်မှာကတော့ လယ်ယာ၊ သားငါး ဖွံ့ဖြိုးတိုးတက်အောင် ဆွဲဆောင်သွားဖို့ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍကို မျှော်မှန်းတာကတော့ Supply Chain အနေနဲ့ အသားငါးကလည်း ထို့အတူပဲ။ တတိယအချက်ကတော့ စက်မှုဇုန်များဖော်ဆောင်ရေး ဖြစ်ပါတယ်။ စက်ဇုန်ဖော်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ အလုပ်အကိုင်ရရှိမှု သေချာပါတယ်။ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အလုပ်သမားရှားပါးမှု၊ အလုပ်အကိုင်အခက်အခဲများကို ဖြည့်ဆည်းပေးနိုင်မယ့် အခြေအနေလည်းရှိပါတယ်။ ဒါကြောင့် ဒီသုံးချက်ကို ဦးစားပေးပြီးတော့ နောက်ဆုံးအချက်အနေနဲ့ ဒီဂျစ်တယ်နည်းပညာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့ ဆောင်ရွက်ထားပါတယ်။ အခုနောက်ဆုံး COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေအရ ဆောင်ရွက်ထားတာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း စသည့် စီးပွားရေးကဏ္ဍ ၁၂ ခု၌ အဓိက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် မေလကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၁၅ ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၅ ဒသ မ ၉၁၄ ဘီလျံရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းအနက် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၁ အနက် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိပြီး အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။

Most Read

Most Recent