တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၂၈ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ခြောက်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းနီးပါး မြင့်တက်

တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၂၈ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ခြောက်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းနီးပါး မြင့်တက်
ရန်ကုန်မြို့ စျေးရုံတစ်ရုံရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ စျေးရုံတစ်ရုံရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 27 June 2020
စည်သူအောင်

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၂၈ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ခြောက်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မေလအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် မေလကထက် အစားအစာအုပ်စု ၂ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၇ ဒသမ ၄၄ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၃ ဒသမ ၀၈ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၂၈ ဒသမ ၁၃ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင် စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ၄ ဒသမ ၈၃ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၆ ဒသမ ၁၃ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၃ ဒသမ ၇၂ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်အုပ်စု ၉ ဒသမ ၅၅ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းအုပ်စု ၈ ဒသမ ၄၅ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သောအုပ်စု ၇ ဒသမ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် မေလနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် မေလတွင် ကျဆင်းခဲ့သည့် ကဏ္ဍများမှာ သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် ဆက်သွယ်ရေးအုပ်စုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ ၁၂ ဒသမ ၇၉ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၂၆ ရာခိုင်နှုန်းတို့ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မေတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၀ ဒသမ ၁၂ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ဒသမ ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မေလတွင် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၁၇၃ ဒသမ ၁၁ ဖြစ်ပြီး ယခင်လ ဧပြီလအခြေအနေ ၁၇၃ ဒသမ ၅၉ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၂၇ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် အစားအစာမဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၄၁ ဒသမ ၈၄ ဖြစ်သဖြင့် ယခင်လ ဧပြီလအခြေအနေ ၁၄၀ ဒသမ ၈၈ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၆၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် မေအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၃ ဒသမ ၁၁၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၁ ဒသမ ၈၄ နှင့် အုပ်စုအားလုံးအတွက် ၁၆၀ ဒသမ ၁၂ ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် မေလအထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍ အစားအစာ အုပ်စုစျေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ မေလတွင်လည်း ဆက်လက်ကျဆင်းနေခြင်းကြောင့် စားသုံးသူစျေးဆနှုန်းမှာ ဆက်လက်ကျဆင်းလာခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်ထားသည်။

၂၀၂၀ ပြည့်နှစ် မေလအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၀ ဒသမ ၁၂ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ စားသုံးသူစျေးဆနှုန်း ၁၅၃ ဒသမ ၆၆ နှင့်နှိုင်းယှဉ်ပါက ၄ ဒသမ ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအုပ်စု၏ စျေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း ကျန်အုပ်စုအားလုံးတွင်ပါဝင်သော ကုန်ပစ္စည်းစျေးနှုန်းများမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် မေလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးမြို့တို့တွင် ကျဆင်းလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် မြင့်တက်မှုရှိနေသည်ကို တွေ့ရှိရသည်။ လအလိုက်ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး မန္တလေးတိုင်းဒေသကြီးတွင်  -  ၀ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။