စော်ဘွားနှင့် မဟာဒေဝီတို့ ပိုင်ဆိုင်သော သီပေါစော်ဘွား ဟော်နန်းအား ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ထံသို့ လှူဒါန်းခဲ့ကြောင်း တူတော်သူ ဦးခွန်ထွန်းဦး က အတည်ပြုပြောကြားသည်။
စော်ဘွားနှင့် မဟာဒေဝီတို့ ပိုင်ဆိုင်သော ပစ္စည်းများအားလုံးကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ တူတော်သူ ဦးခွန်ထွန်းဦးက သီပေါစော်ဘွား ဟော်နန်းအား ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ထံသို့ ဇွန်၂၀ ရက်တွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က ရူးတယ်လေ။ သူများတကာတွေ မြေလုချိန်မှာ မြေယူတဲ့ချိန်၊ မြေဧက ကိုးဧကလောက်ကို လှူလိုက်တယ်လေ။ ပင်လုံဆရာတော်ကြီးတွေထံ လှူလိုက်တာပါ။ အားလုံးနဲ့ တိုင်ပင်ပြီးတော့ လှူလိုက်ပါတယ်။ မနေ့က ပြန်လာတယ်။ ဆရာတော်ကလည်း အကြီးဆုံးပေ့ါ။ ကျွန်တော့်အဒေါ် မဟာဒေဝီရယ် သီပေါစော်ဘွားကြီး တာဝန်ပေးချက်အရ လှူရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ လွိုင်လင် ပင်လုံကပါ။ ဆရာတော်ဘွဲ့တော်က အဂ္ဂမဟာပဏ္ဍိတဘန္တန္ဒ ဒေါက်တာ ပညာနန္ဒ ဓာတ်တော်ကျောင်းတိုက်၊ လွိုင်လင်မြို့ ရှမ်းပြည်နယ် တောင်ပိုင်းဥက္ကဋ္ဌ ဆရာတော်ပိဋကတ် ရှမ်းဘာသာပြန် သံဃာအဖွဲ့ချုပ်တဲ့ ဘွဲ့တော်ပါ။ မနေ့တုန်းက ပြန်လာပါတယ်။အကြောင်းရင်းက မဟာဒေဝီကြီးက အသက်ကြီးပြီ။ ကျွန်တော့်ကိုလည်း တာဝန်ပေးထားတာ ကြာပြီ။ ကျွန်တော့်အစ်ကို စောဦးကြာကလည်း အပိုင်စီးထားတာ၊ ဟိုးမဟာဒေဝီ တိုင်းပြည်ကနေ ထွက်သွားပြီးတော့ ဘာမှလည်း အကူညီမရဘူး။ မဟာဒေဝီကြီးက ဟိုတုန်းကပေါ့။ ဒေါ်စုရယ် ကျွန်တော်ရယ်။ ဒေါက်တာ စင်သီယာမောင်ရယ်၊ ရော်နယ်အောင်ဒင်နဲ့ ဦးကျော်သူနဲ့ အမေရိကားမှာ ဆုသွားယူရတယ်။ ပြန်လာမှ မဟာဒေဝီက သူ့အိမ်လာဦးဆိုပြီး သွားယူပါတယ်။ စာထဲမှာ အားလုံး စပါယ်ရှယ် ပါ၀ါလည်း ပေးတယ်။ နောက်ပြန်မကြည့်တော့နဲ့ အကုန်လုံးဖြစ်အောင် လုပ်ပေးပါဆိုတာနဲ့ ရှစ်နှစ် ကိုးနှစ်လောက်စောင့်ပြီး လုပ်ပေးရခြင်း ဖြစ်ပါတယ်။ ဒါကို အလှူပေးရတဲ့ ဆရာတော်ကြီး နဲ့ တိုင်ပင်ပြီးတော့ပေါ့။ အောက်စဖို့ ဆရာတော်ကြီးပဲ၊ ဒေါက်တာ အရှင်ဓမ္မသာမိပေ့ါ”ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
သီပေါစော်ဘွားဟော်နန်း လှူဒါန်းခြင်း အခမ်းအနားတွင် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီပေါစော်ဘွား ဟော်နန်းလှူဒါန်းခြင်းကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် ဇွန် ၂၀ ရက်တွင် ပြုလုပ်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ပညာနန္ဒနှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ အောက်စဖိုဒ့်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ တို့ ရှေ့မှောက်တွင် ရေစက်သွန်းချ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သီပေါဟော်နန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် တည်ရှိခြင်း ဖြစ်ကြောင်း သီပေါမြို့နယ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးထံမှ သိရသည်။
“ဟော်နန်းကိစ္စ ပါတီကို မထိခိုက်စေချင်လို့ ကျွန်မနဲ့ ပါတီက ဝင်ရောက်ဆောင်ရွက်တာ မရှိခဲ့ဘူး။ ဥက္ကဋ္ဌကြီးကလည်း ပေးမလုပ်ဘူး။ ကျွန်မတို့က ဥက္ကဋ္ဌကြီး လာလှူမယ်ဆိုတာလည်း မသိဘူး။ ခေါင်းဆောင်တစ်ဦး ရောက်လာတာကို ဝန်းရံပေးဖို့ပဲ လိုက်သွားခဲ့ကြတာ၊ အဲဒီကို ရောက်တော့မှပဲ ဟော်နန်းလှူမယ်ဆိုတာ သိရတာပါ” ဟု သီပေါမြို့နယ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ဆိုသည်။















