ဥရောပနိုင်ငံများသည် ကပ်ရောဂါကြောင့် ချမှတ်ခဲ့ရသော Lockdown စီမံချက်များအား တဖြည်းဖြည်း ဖြေလျှော့ပေးနေစဉ် ဆေးရုံများတွင်မူ ကူးစက်မှုဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်နေရပြီဖြစ်သည်။
ဆေးရုံအချို့၏ အရေးပေါ် ကြပ်မတ်ကုသဆောင်များဆိုင်ရာ ကျွမ်းကျင်သူများက အမြဲတမ်းဝန်ထမ်းများကို ပိုမိုခန့်အပ်ရန် ကြိုးစားနေကြသည်။ အချို့ကမူ အလွန်အမင်း နာမကျန်းဖြစ်သည့် လူနာများအား ကုသပေးနိုင်ရန် ဆေးရုံအဆောင်များ၌ အချိန်မရွေး တာဝန်ချထားရန် လိုအပ်သည့် အရန်ဆေးဘက် ပညာရှင်များကို လေ့ကျင့်ပေးရန် လိုလားနေသည်။
ဥရောပနိုင်ငံများတွင် ဆေးဘက်ဝန်ထမ်းများအား ကိုဗစ်-၁၉ လူနာများနှင့် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အလျင်အမြန်နှင့် အဆက်မပြတ် ပို့ချမှုများ လုပ်ဆောင်နေသည်။ ထို့ပြင် ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေါ်လျှင် အဓိကလုပ်သားများ ရှားပါးမှုမဖြစ်စေရန်အတွက် ဝန်ထမ်းများအား ထိန်းထားရန် နည်းလမ်းများကို ရှာဖွေနေကြသည်။
မိမိတို့သည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အစုအဖွဲ့တစ်ခုကို လိုအပ်နေကြောင်း European Society of Intensive Care Medicine (ESICM) ၏ ရွေးချယ်ခံဥက္ကဋ္ဌ Maurizio Cecconi က ပြောကြားခဲ့သည်။ ESICM သည် အလွန်အမင်းနာမကျန်းဖြစ်သည့် လူနာများအား ကုသပေးနိုင်ရန် ဆေးရုံအဆောင်များတွင် လုပ်ကိုင်မည့် ကမ္ဘာတစ်ဝန်းမှ ဆေးဘက်ဝန်ထမ်းများကို ခေါ်ယူခဲ့သည်။
နောက်ထပ် ဧရာမကူးစက်မှုလှိုင်း ဖြစ်ပေါ်ခဲ့လျှင် မိမိတို့သည် အီတလီနိုင်ငံအတွင်း အနီးပတ်လည်ဒေသများမှ ဆရာဝန်များနှင့် သူနာပြုများအား ခေါ်ယူရန် ကြိုတင်ပြင်ဆင်သင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
နိုင်ငံအများအပြားသည် ပြီးခဲ့သော မတ်နှင့်ဧပြီ၌ ကပ်ရောဂါဖြစ်ပွားစဉ် ကြိုတင်ပြင်ဆင်မှု မပြုလုပ်နိုင်ခဲ့ကြပေ။ ဆေးဘက်ဝန်ထမ်း အရေအတွက်များကို တိုးမြှင့်ရန်နှင့် နေထိုင်မကောင်းဖြစ်သွားသူများ နေရာတွင် အစားထိုးရန်၊ အလွန်အမင်းရောဂါ ပြင်းထန်သည့် လူနာများအား ကုသပေးရန်အတွက် ဆေးဘက်ဝန်ထမ်းများအား ထိန်းထားရန် အလောတကြီး လုပ်ဆောင်ခဲ့ရသည်။
ဆေးရုံဝန်ထမ်းများအား အလွန်အမင်း ဝန်ပိသောအခါ ဆေးကျောင်းသားများနှင့် အငြိမ်းစားဆရာဝန်များကို ဆေးရုံအချို့၏ အရေးပေါ်ကြပ်မတ်ကုသသည့် အဆောင်များတွင် ကူညီပေးနိုင်ရန် စေလွှတ်ခဲ့ရသည်။ ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် နေရာများတွင် လူနာခုတင်များ ထပ်တိုးပေးရန်နှင့် ရောဂါပြင်းထန် လူနာဆောင်များအတွက် မရှိမဖြစ်အရေးပါသော ကိရိယာများထောက်ပံ့ပေးရန် လုပ်ဆောင်ရမည်ဖြစ်ပြီး အချို့က ဆေးရုံသစ်များ တည်ဆောက်ခဲ့ကြသည်။
သို့သော် ပြဿနာများနှင့် ရှားပါးမှုမှာမူ အားလျော့သွားခြင်းမရှိပေ။ ဥပမာအားဖြင့် အီတလီတွင် အရေးပေါ် ကြပ်မတ်ကုသဆောင်များ၌ လုပ်ကိုင်ရန် မေ့ဆေးဆရာဝန်များ အပါအဝင် အခြားဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အရေအတွက်ကို ရာခိုင်နှုန်း ၅၀ တိုးမြှင့်ရန် လိုအပ်နေဖွယ်ရှိကြောင်း အီတလီ အရေးပေါ်ကုသမှုဆိုင်ရာအဖွဲ့ SIAARTI က ထုတ်ပြန်ခဲ့သည်။
နယ်သာလန်သည် အရေးပေါ် ကြပ်မတ်ကုသဆောင် ဝန်ထမ်းအင်အားစုတွင် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ကွာဟချက်ကိုလျှော့ချရန် ကျွမ်းကျင်ဝန်ထမ်းများကို တိုးမြှင့်စုဆောင်းရန် ကြိုးပမ်းနေကြောင်း ဥရောပတွင် အကြီးဆုံး တက္ကသိုလ်ဆေးရုံများအနက် တစ်ခုဖြစ်သော ရော့တာဒမ်၏ Erasmus Medical Centre က ထုတ်ပြန်ခဲ့သည်။
ဥရောပတစ်ဝန်းတွင် ဆေးရုံများ၌ ခွဲစိတ်အထူးကုများ၊ နှလုံးအထူးကုများ၊ အခြားဌာနများမှ ဆေးဘက်ပညာရှင်များနှင့် သူနာပြုများအား ပြန်လည်လေ့ကျင့်ပေးပြီး လိုအပ်ချိန်တွင် အရေးပေါ် ကြပ်မတ်ကုသဆောင်များသို့ ရွှေ့ပြောင်းရန် ဆောင်ရွက်နေကြသည်။
ဥရောပသမဂ္ဂ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ဥရောပကော်မရှင်က ဥရောပတိုက်တွင် ကပ်ရောဂါ အကျပ်အတည်း အထွတ်အထိပ် ရောက်နေစဉ် အထိအနာဆုံးနိုင်ငံများသို့ ဆေးဘက်ဝန်ထမ်းများအား နိုင်ငံဖြတ်ကျော် စေလွှတ်ရန် ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည်။
ပြီးခဲ့သော ဧပြီတွင် “Flying Doctors” အဖွဲ့များသည် နော်ဝေနှင့် ရိုမေးနီးယားမှသည် အီတလီသို့ စေလွှတ်ခြင်းခံရသည်။ သို့သော် ထိုစမ်းသပ်အစီအစဉ်သည် ထောက်ခံမှု အများအပြားမရရှိခဲ့ဘဲ ဆရာဝန်များအား တစ်နိုင်ငံမှတစ်နိုင်ငံသို့ စေလွှတ်မှုသည် ဘာသာစကားအခက်အခဲက ထိရောက်မှု နည်းပါးစေဖွယ်ရှိသောကြောင့် ရွေးချယ်စရာတစ်ခုသာဖြစ်သင့်ပြီး ဦးစားပေးရွေးချယ်စရာ မဖြစ်သင့်ကြောင်း Cecconi က ပြောကြားခဲ့သည်။















