ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ အန္တရာယ်ကြီးသောအဆင့်သစ်သို့ ရောက်ရှိနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ အန္တရာယ်ကြီးသောအဆင့်သစ်သို့ ရောက်ရှိနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
ခရီးသွားလာမှု ပြန်လည်စတင်ခြင်းဆိုင်ရာ ရှေ့ပြေးအစီအစဉ်အရ စပိန်နိုင်ငံ၊ Palma de Mallorca မြို့သို့ ရောက်ရှိလာသော ဂျာမန်ခရီးသွားများအား ဇွန် ၁၅ တွင် တွေ့ရစဉ် (Photo:AFP)
ခရီးသွားလာမှု ပြန်လည်စတင်ခြင်းဆိုင်ရာ ရှေ့ပြေးအစီအစဉ်အရ စပိန်နိုင်ငံ၊ Palma de Mallorca မြို့သို့ ရောက်ရှိလာသော ဂျာမန်ခရီးသွားများအား ဇွန် ၁၅ တွင် တွေ့ရစဉ် (Photo:AFP)
Published 20 June 2020
Ref: AFP

ကမ္ဘာတစ်ဝန်းရှိ ပြည်သူများသည် ပိတ်ဆို့ထိန်းချုပ်မှုများအောက်တွင် ပင်ပန်းနေကြချိန်၌ ကမ္ဘာသည် အန္တရာယ်ကြီးသော ကပ်ဘေးအဆင့်သစ်ကို ကြုံတွ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၁၉ တွင် သတိပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် အီတလီတွင် ကူးစက်မှုစတင်‌တွေ့ရှိသည့်အချိန်မတိုင်မီ ဒီဇင်ဘာကပင် ရှိနေခဲ့ကြောင်း၊ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိချိန်လောက်ကပင် အီတလီ၌ ဗိုင်းရပ်စ်ရှိနေခဲ့ကြောင်း ထွက်ပေါ်လာချိန်တွင် WHO ၏ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် လူ ၄၅၄၀၀၀ ကျော် သေဆုံးစေခဲ့ပြီး လူ ၈.၄ သန်းကျော် ကူးစက်ခံထားရပြီ ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်သည် အမေရိကန်နှင့် အာရှနေရာအချို့တွင် ကူးစက်မှုမြင့်တက်နေဆဲ ဖြစ်သည်။ ဥရောပတွင်မူ ကူးစက်မှု လျော့ကျနေသောကြောင့် ပိတ်ဆို့ထိန်းချုပ်မှုများ စတင်လျှော့ချနေသည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဟန့်တားရန်အတွက် ပိတ်ဆို့ထိန်းချုပ်မှုများ ပြဋ္ဌာန်းခဲ့ခြင်းက စီးပွားရေးကို ထိခိုက်ပျက်စီးစေသော်လည်း ဗိုင်းရပ်စ်ကပ်ဘေးသည် ခြိမ်းခြောက်မှုကြီးဖြစ်နေဆဲဟု WHO က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေးများ စမ်းသပ်နေကြသော်လည်း လက်တွေ့ရရှိရန် လနှင့်ချီ ကြာနိုင်ဆဲဖြစ်သည်။ သုတေသနပညာရှင်များကလည်း ဗိုင်းရပ်စ်၏ လက္ခဏာ၊ ကူးစက်ပျံ့နှံ့မှုပုံစံတို့ကို ဆက်လက်လေ့လာနေဆဲ ဖြစ်သည်။

ယမန်နှစ်ကုန်က မီလန်နှင့် တူရင်တွင် စုဆောင်းခဲ့သော မိလ္လာရေများတွင် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇကို အီတလီသိပ္ပံပညာရှင်များက ခြေရာခံတွေ့ရှိခဲ့ကြောင်း ISS institute က ထုတ်ပြန်ခဲ့သည်။

အီတလီ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဖေဖော်ဝါရီအထိ မတွေ့ရှိထားခဲ့ပေ။ ဗိုင်းရပ်စ်ကူးစက်မှုကို မတွေ့မီကပင် အီတလီ၌ ကိုရိုနာဗိုင်းရပ်စ်ရောက်ရှိနေကြောင်း တွေ့ရှိမှုက ဗိုင်းရပ်စ်စတင်ပျံ့နှံ့မှုကို သိရှိရန် အထောက်အကူပေးမည်ဖြစ်ကြောင်း ISS က ပြောကြားခဲ့သည်။

အီတလီသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးကြုံခဲ့ရသော နိုင်ငံဖြစ်ပြီး မတ်လ အစောပိုင်းတွင် တစ်နိုင်ငံလုံး ပိတ်ဆို့ထိန်းချုပ်မှုကို ပြဋ္ဌာန်းခဲ့သော ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်ခဲ့သည်။

ဥရောပနိုင်ငံအများအပြားသည် အလားတူပိတ်ဆို့ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့ကြပြီး လနှင့်ချီ ပိတ်ဆို့မှုများ‌ကြောင့် စီးပွားရေးထိခိုက်မှုများ ကြုံခဲ့ရသဖြင့် ယခုလတွင် ပြန်လည်ဖွင့်လှစ်မှုများ စတင်ဆောင်ရွက်ခဲ့ကြသည်။

ဥရောပသမဂ္ဂသမိုင်းတွင် အကြီးမားဆုံး စီးပွားရေးကျဆင်းမှုကို ကြုံနေရသောကြောင့်  ကယ်ဆယ်ရေးရန်ပုံငွေ ဒေါ်လာ ၈၄၀ ဘီလျံသုံးစွဲရန် ဥရောပကော်မရှင်၏အကြံပြုချက်ကို ဥရောပခေါင်းဆောင်များက ဇွန် ၁၉ ရက် အွန်လိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့ ဦးဆောင်ချမှတ်ခဲ့သော ယင်းအကြံပြုချက်အရ ဥရောပကော်မရှင်သည် ဘဏ္ဍာရေးစျေးကွက်မှနေ၍ ထိုငွေများကို ရှာဖွေမည်ဖြစ်သည်။

ကြွေးမြီများ မျှထမ်းခြင်း၊ ချေးငွေများ ချထားပေးခြင်းတို့မှတစ်ဆင့် ကယ်ဆယ်ရေးများ ဆောင်ရွက်မည့်အစီအစဉ်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးထံမှ သဘောတူညီချက်ရရန် လိုအပ်သည်။

အကျပ်အတည်းတွေ့နေသောအဖွဲ့အတွက် ညီညွတ်မှုနှင့် စည်းလုံးမှုပြယုဂ်အဖြစ် သတ်မှတ်ခံရသော ထိုအစီအစဉ်အတွက် သဘောတူညီချက်မရခဲ့ကြပေ။

ခြိုးခြံမှုအတွက် ထင်ရှားသည့် လေးနိုင်ငံအစုဖြစ်သော နယ်သာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ သြစတြီးယားတို့က ကယ်ဆယ်ရေး ရန်ပုံငွေအစီအစဉ်ကို ဆန့်ကျင်ကြသည်။

အခြားတစ်ဖက်တွင်မူ ကိုရိုနာဗိုင်းရပ်စ်ကို အစောဆုံးနှင့် အထိနာဆုံး ကြုံခဲ့ရသော အီတလီ၊ စပိန်တို့သည် ဝန်နှင့်အား မမျှသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ထမ်းနေကြရပြီး ဖြစ်သည်။ ဥရောပခေါင်းဆောင်များသည် ဇူလိုင်လလယ်တွင် မျက်နှာချင်းဆိုင် လူကိုယ်တိုင်တွေ့ဆုံကြမည်ဖြစ်ပြီး သဘောတူညီချက် ရ၊ မရ မသေချာကြောင်း ဒတ်ခ်ျဝန်ကြီးချုပ် မာ့ခ်ရုက ပြောကြားခဲ့သည်။

ယခုတစ်ကြိမ် ဥရောပခေါင်းဆောင်များ အွန်လိုင်းတွေ့ဆုံမှုသည် လေးနာရီ ကြာမြင့်ခဲ့သည်။ ဥရောပကောင်စီဥက္ကဋ္ဌ ချားမီချယ်က မကြာမီကာလအတွင်း ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent