ပရီးမီးယားလိဂ်ပွဲများ ပြန်လည်မစတင်မီ ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံး စစ်ဆေးမှု၌ ရောဂါပိုးရှိသူ(၂)ဦး တွေ့ရှိခဲ့ပြီး တစ်ဦးမှာ နောဝစ်ချ်မှဖြစ်

ပရီးမီးယားလိဂ်ပွဲများ ပြန်လည်မစတင်မီ ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံး စစ်ဆေးမှု၌ ရောဂါပိုးရှိသူ(၂)ဦး တွေ့ရှိခဲ့ပြီး တစ်ဦးမှာ နောဝစ်ချ်မှဖြစ်
Published 15 June 2020

ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်လည်မကစားမီ နောက်ဆုံးကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ ရောဂါပိုးရှိသူ (၂)ဦးတွေ့ရှိခဲ့ကြောင်း ပရီးမီးယားလိဂ်တာဝန်ရှိသူများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခုဇွန်(၁၇)ရက် (ဗုဒ္ဓဟူးနေ့)တွင် ပရီးမီးယားလိဂ်ပွဲကျန် (၂)ပွဲဖြစ်သည့် အက်စတွန်ဗီလာ - ရှက်ဖီးယူနိုက်တက်ပွဲနှင့် မန်စီးတီး - အာဆင်နယ်ပွဲတို့ကို ကစား ခြင်းဖြင့် ပရီးမီးယားလိဂ်ရာသီလက်ကျန်ပွဲစဉ်များကို ပြန်လည်စတင်ကစားသွားမည်ဖြစ်သည်။

ယင်းကဲ့သို့ လက်ကျန်ပွဲများမကစားမီ နောက်ဆုံးကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုအဖြစ် ကစားသမားများ/နည်းပြ များ/အသင်းတာဝန်ရှိသူများ စုစုပေါင်း (၁၂၀၀)ဦးကို စစ်ဆေးခဲ့ရာ  ပိုးတွေ့ရှိသူ (၂)ဦးထွက်ပေါ်လာခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ယင်းကဲ့သို့ ကြေညာခဲ့ပြီးနောက်  နောဝစ်ချ်အသင်းက ပိုးတွေ့သူ (၂)ဦးထဲမှ တစ်ဦးမှာ မိမိတို့အသင်းမှ ကစားသမားတစ်ဦးဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကစားသမားအား နောက်တစ်ကြိမ် ဗိုင်းရပ်စ်ပိုးမစစ်ဆေးမီ သီးခြားနေထိုင်မှု (၇)ရက် ထားရှိသွားမည်ဖြစ်ကြောင်းလည်း နောဝစ်ချ်အသင်းက ကြေညာခဲ့သည်။ သို့သော် ပိုးတွေ့ရှိသည့်ကစားသမားမှာ မည်သည့်ကစားသမားဖြစ်သည်ဆိုခြင်းကိုမူ နောဝစ်ချ်အသင်းက ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ ၎င်းအနေဖြင့် ယခုတစ် ပတ်တွင်စတင်တော့မည်ဖြစ်သော ပရီးမီးယားလိဂ်ပွဲစဉ်ကို သီးခြားနေထိုင်မှုကြောင့် လွဲချော်တော့မည်ဖြစ်ပြီး ထပ်မံ စစ်ဆေးမှုများတွင် ရောဂါပိုးကင်းရှင်းကြောင်း (Negative) တွေ့ရှိရမှသာ လေ့ကျင့်ခန်းပြန်ဆင်းကာ ပါဝင်ခွင့်ရမည် ဖြစ်ကြောင်း သိရှိရသည်။

နောဝစ်ချ်အသင်းမှာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ရမှတ်(၂၁)မှတ်နှင့် အမှတ်ပေးဇယားအောက်ဆုံးသို့ ရောက်ရှိနေသည့်အသင်းဖြစ်သည်။ သို့ဖြစ်ရာ ရာသီလက်ကျန်ပွဲများတွင် တန်းဆင်းဇုန်မှလွတ်မြောက်ရန် ကြိုးပမ်းရမည့်  နောဝစ်ချ်အသင်းအတွက် ယခုရောဂါပိုးတွေ့ရှိမှုမှာ ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့သည်။ ပရီးမီး ယားလိဂ်၏ အဋ္ဌမအကြိမ်မြောက် ယင်းစစ်ဆေးမှုတွင် ရောဂါပိုးတွေ့ရှိသည့် နောက်တစ်ဦးမှာ မည်သည့်အသင်းမှ ဖြစ်သည်ဆိုခြင်းကိုမူ ကြေညာခြင်းမရှိသေးပေ။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဘောလုံးပွဲများ ပြန်လည်မကစားမီ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးမှု (၈)ကြိမ်အထိ ပြုလုပ်ခဲ့ပြီး စုစုပေါင်းစစ်ဆေးမှု (၈၆၈၇)ကြိမ်ရှိခဲ့သည်။ ယင်းစစ်ဆေးမှုများထဲ၌ ပိုးတွေ့ရှိသူ စုစုပေါင်း (၁၆)ဦးအထိ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဗြိတိန်တွင် ပြီးခဲ့သည့် ဇွန် (၁၄)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ (၃)သိန်းနီးပါးရှိပြီဖြစ်ပြီး၊ သေဆုံးသူ(၄၁၀၀၀)ကျော်ရှိ ပြီ ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ဗြိတိန်မှာ စပိန်၊ အီတလီ၊ ဂျာမနီတို့၏ အထက် အဆင့်(၅)နေရာတွင် ရပ်တည်လျက်ရှိနေသည်။

 

Most Read

Most Recent