ခွင့်ပြုချက်ရသည့်ပွဲအချို့တွင် ပရိသတ်များကြည့်ရှုခွင့်ရဖွယ်ရှိဟု လာလီဂါဥက္ကဋ္ဌ တီဘက်စ် ပြောကြား

ခွင့်ပြုချက်ရသည့်ပွဲအချို့တွင် ပရိသတ်များကြည့်ရှုခွင့်ရဖွယ်ရှိဟု လာလီဂါဥက္ကဋ္ဌ တီဘက်စ် ပြောကြား
Published 9 June 2020

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က ခွင့်ပြုချက်ရသည့်ပွဲစဉ်အချို့တွင် ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ရဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။

 

ယခုတစ်ပတ်အတွင်း ပြန်လည်စတင်မည့် လာလီဂါပြိုင်ပွဲ လက်ကျန်ပွဲစဉ်များကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် စီစဉ်ထားသော်လည်း ဟာဗီယာတီဘက်စ်က ပွဲအချို့တွင် ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ရနိုင်ကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

လိဂ်ပြိုင်ပွဲ၏ တရားဝင်ရုပ်သံကုမ္ပဏီ Movistar နှင့် အပတ်စဉ်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် တီဘက်စ်က ''ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ပရိသတ်တွေ ရှေ့မှာ ကစားခွင့်ရစေဖို့ ဆန္ဒရှိပါတယ်။ တချို့မြို့တွေက တခြားနေရာတွေထက် ဖြစ်နိုင်ခြေ ပိုရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲဖြစ်စေချင်တယ်။ ခွင့်ပြုချက်ရတာနဲ့ ပရိသတ်တွေကို အမြန်ဆုံး ပြန်ကြည့်ခွင့်ပေးသင့်ပါတယ်''ဟု ပြောကြားသည်။

တီဘက်စ်၏ပြောကြားချက်အရ မြို့အလိုက် Lockdown ပြုလုပ်ထားသည့် အခြေအနေအပေါ်မူတည်၍ ပရိသတ်များ ပြန်လည်ကြည့်ရှုရန် ခွင့်ပြုချက်ပေးမည်ဖြစ်ပြီး ဇွန် ၈ ရက်မှစ၍ အဆင့် ၃ အဖြစ် သတ်မှတ်ခံရသည့်ဒေသများမှာ အစောဆုံးခွင့်ပြုချက်ရဖွယ်ရှိကြောင်း သိရသည်။

သို့သော် အဓိကမြို့ဖြစ်သည့် မက်ဒရစ်နှင့် ဘာစီလိုနာမှာမူ ယခုမှသာ အဆင့် ၂ အဖြစ်တိုးမြှင့်ရမည်ဖြစ်သောကြောင့် ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ ဂီတာဖေး၊ လီဟာနက်စ်၊ ဘာစီလိုနာ၊ အက်စ်ပန်ညိုနှင့် ဗယ်လာဒိုလစ်အသင်း ပရိသတ်များအနေဖြင့် ပြန်လည်ကြည့်ရှုခွင့်ရဦးမည်မဟုတ်ကြောင်း သိရသည်။

ထို့ပြင် ဗလင်စီယာ၊ ဗီလာရီးယဲလ်နှင့် လီဗန်တေးအသင်းတို့အခြေစိုက်သည့် ဗလင်စီယာမြို့တွင်လည်း ဇွန် ၁၄ ရက်အထိ အဆင့် ၂ အဖြစ် သတ်မှတ်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သုံးလကျော်ကြာရပ်နားထားသည့် စပိန်ဘောလုံးလောကကို ဇွန် ၁၀ ရက်တွင် ဆီဂန်ဒါကလပ် ဗယ်လက်ကာနိုနှင့် အယ်လ်ဘာစီတီအသင်းတို့၏ ပွဲဖြင့် ပြန်လည်စတင်မည်ဖြစ်ပြီး လာလီဂါပထမဆုံးပွဲအဖြစ် ဇွန် ၁၁ ရက်တွင် ဆီဗီးလ်ဒါဘီပြိုင်ဘက် ဆီဗီလာနှင့် ဘက်တစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

လာလီဂါ နှင့် ဆီဂန်ဒါပြိုင်ပွဲများစတင်ကျင်းပချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူများအတွက် ရည်ရွယ်၍ ပွဲမစတင်မီ တစ်မိနစ် ငြိမ်သက်ခြင်း၊ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် မိနစ် ၂၀ တွင် လက်ခုပ်တီးသံများဖွင့်လှစ်ခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပရိသတ်များ၏ လက်ခုပ်တီးသံကို ကြိုတင်အသံသွင်းယူ၍ ကွင်းအတွင်းဖွင့်လှစ်ခြင်း၊ ရုပ်သံမှ ထုတ်လွှင့်ခြင်း ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent