မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇၄၀၀၀၀ ကျော်ရှိပြီး လတ်တလော ပြည်တော်ပြန် ၅၅၀၀ ကျော်ပါဝင်

မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇၄၀၀၀၀ ကျော်ရှိပြီး လတ်တလော ပြည်တော်ပြန် ၅၅၀၀ ကျော်ပါဝင်
Published 9 June 2020
မောင်မောင်ရွှေမြိုင်

မွန်ပြည်နယ်တွင် မဲစာရင်း ပေးပိုင်ခွင့်ရှိသူ ၁၇၄၀၀၀၀ ကျော် (တပ်မတော်သား၊ အတူနေ မိသားစုမပါ) ရှိပြီး လတ်တလော ပြည်တော်ပြန် ၅၅၀၀ ကျော် ပါဝင်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

“မွန်ပြည်နယ်မဲစာရင်း Update က မေ ၂၉ ရက်အထိ ၁၇၄၀၀၀၀ ကျော်ရှိတယ်။ အဲဒီမှာ တပ်မတော်သားနဲ့ အတူနေ မိသားစု မပါသေးဘူး။ မြို့နယ်များက သတ်မှတ်ပုံစံများနဲ့ သက်ဆိုင်ရာတပ်များ ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ဒီလကုန်ရင် စုံမှာပါ။ အဲဒီထဲမှာ မသန်စွမ်း ၄၀၂၀ ပါ ပါတယ်။ လျာထားမဲရုံ စုစုပေါင်း တပ်မဲရုံ အပါအဝင်က ၉၅၈ ရုံ လျာထားပါတယ်။ တပ်မဲရုံက အပြင်မှာ ရပ်/ကျေးတွေနဲ့ ပေါင်းထည့်ဖို့ စီစဉ်ထားပါတယ်။ ရပ်/ကျေးနဲ့ ပေါင်းလို့မရရင် ယာယီ သီးသန့်ဆောက်ရမယ်ဆိုရင် ငါးရုံလောက် လျာထားတယ်။ ကျန်တဲ့ဟာတွေက အရပ်ဘက် မဲရုံတွေနဲ့ ပေါင်းစပ်ဖို့ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ပြည်တော်ပြန်လာတဲ့ သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ နဂိုစီမံချက်အရ ကောက်ထားကတည်းက ရှိပြီးသား၊ မဲပေးပိုင်ခွင့် မဆုံးရှုံးအောင် ထည့်ထားပြီးသား။ ဒါပေမဲ့ ကျန်မသွားအောင် လက်ရှိမြို့နယ်တွေက သက်ဆိုင်ရာဌာနနဲ့ ပူးပေါင်းပြီး စိစစ်နေပါတယ်။ ဒီထဲကလူတွေပဲ တစ်ဖက်နိုင်ငံမှာသွားပြီး အလုပ်လုပ်တယ်။ မဲစာရင်းမှာ မှတ်ချက်နဲ့ ပြပြီးသား၊ ဒါပေမဲ့ ကျန်မှာစိုးလို့စိစစ်ပြီး ဆောင်ရွက်နေတဲ့အပိုင်း ရှိတယ်။ ဒါလေးတွေ ဆောင်ရွက်ဆဲ လုပ်နေတယ်။ ပြီးခဲ့တဲ့တစ်ပတ်ထိ စာရင်းလုပ်နေတာ ပြန်ဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၅၇၀၀ ကျော် ရှိပါတယ်။ အဲဒီထဲမှာ ၅၅၀၀ ကျော်က စိစစ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ စိစစ်ရန်ကျန်က ၁၅၀ ကျော်ရှိတာပေါ့။ ဒါလည်း ဆောင်ရွက်ဆဲပါ။ နောက်ထပ် တဖွဲဖွဲရောက်လာတာတွေနဲ့ ပေါင်းပြီး မဲစာရင်းထဲပါ မပါ၊ ပါပြီးသားတွေကို အချက်လက်ပြည့်စုံမှုရှိ မရှိပေါ့။ ကျွန်တော်တို့ ပြည်နယ်က နဂိုထဲကိုက ဒီမဲစာရင်းကို မကျန်အောင် ထည့်ထားတယ်ဆိုတော့ ပါပြီးသားတွေ များပါတယ်။ စိစစ်တာက IT ခေတ်ဆိုတော့ မှတ်ပုံတင်အမှတ် ရိုက်ထည့်တာနဲ့ ပါ မပါ သိပါတယ်။ ရပ်ကျေးနဲ့ ပေါင်းစပ်ပြီးတော့ ဒါမပါသေးဘူးဆိုရင် ပြန်ထည့်ပါတယ်။ အဓိက ထွေအုပ်နဲ့ လဝက ပေါင်းစပ်ပြီး လုပ်ပါတယ်။ ကျွန်တော်တို့က ဒီကနေ ပြည်တော်ပြန်ကိစ္စ သက်ဆိုင်ရာဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပါလို့ ညွှန်ကြားလိုက်တယ်။ သူတို့က ပေါင်းစပ်ပြီး ဆောင်ရွက်နေပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် (မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ)က ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲစာရင်း ၁၅ သိန်းကျော်တွင် မဲရုံ ၉၁၉ ရုံရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံ ၉၅၈ ရုံ လျာထားကြောင်း သိရသည်။