မြန်မာနိုင်ငံတွင် မတ် ၂၃ ရက် က စတင်ပြီး COVID-19 ရောဂါပိုး ကူးစက်ခံရသည့်လူနာကို တွေ့ရှိခဲ့ သည့်အတွက် ယခုဆိုလျှင် COVID-19 ကာလမှာ နှစ်လကျော် သုံးလအတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများသည် လှုပ်လေမြုပ်လေဆိုသည့် စကားအတိုင်း မည်သို့မျှ နာလန်မထူနိုင်သည့် အနေအထားတွင် ရှိခဲ့သည်။
COVID-19 ကာလအစပိုင်းတွင်လည်း မြန်မာ့နိုင်ငံရေးသည် ငြိမ်ချက်သားကောင်းခဲ့သော်လည်း COVID-19 ဒုတိယလှိုင်းကာလ သည် အများထင်ထားသကဲ့သို့ ပြင်းထန်မှုမရှိခြင်း၊ လာမည့် ၂၀၂၀ နှောင်း ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကဆိုသောကြောင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား တွင် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲကို ယခင် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ များနည်းတူ နိုဝင်ဘာတွင် ကျင်းပဖွယ်ရှိကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အတည်ပြု ပြောကြားလာသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မြန်မာ့အသံနှင့် မေးမြန်းခန်းတွင် အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းပြောကြားချက်များကို ဧပြီ ၂၈ ရက်က ယင်း ကော်မရှင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
“၂၀၁၀ တို့ ၂၀၁၅ တို့မှာ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်ကို ရွေးခဲ့ရတာ က လွှတ်တော်များရဲ့သက်တမ်းက ငါးနှစ်ဖြစ်တာပေါ့။ အဲဒီလို ငါးနှစ် သတ်မှတ်တာကလည်း ပြည်သူ့ လွှတ်တော်အစည်းအဝေး စတင် ကျင်းပတဲ့နေ့ကနေစပြီး ရေတွက်တာပေါ့။ ငါးနှစ်ပြည့်ရင် သက်တမ်း ကုန်ဆုံးသွားတယ်။ အထွေထွေရွေး ကောက်ပွဲ ကျင်းပပေးရတဲ့ရက်က စပြီးတော့ ရက်ပေါင်း ၉၀ အတွင်း မှာလည်း လွှတ်တော်အစည်းအဝေး များကို ခေါ်ယူကျင်းပရမယ်လို့ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားတာပေါ့။ အဲဒါတွေကို ကြည့်ပြီး တော့မှ နိုဝင်ဘာလ ၇ ရက်၊ ၈ ရက် ဒီရက်တွေမှာ ကျင်းပရင် သင့်တော် တယ်ဆိုပြီး အဲဒီလိုကျင်းပခဲ့တာပေါ့။ အခုလည်း အဲဒီလိုပဲ အရင်နမူနာ အတိုင်းပေ့ါ။ အဲဒီလိုပဲ ကျင်းပသွား ဖွယ်ရှိတာပေါ့။ အရင်အတိုင်းဆိုရင် တော့ နိုဝင်ဘာလထဲမှာ ကျင်းပသွား နိုင်ဖွယ်ရှိတာပေါ့နော်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို နှစ်လကျော်နှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လေးလကြိုတင် ကြေညာခဲ့ရာ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကျင်းပမည့်အချိန်ကို လည်း အဆိုပါရွေးကောက်ပွဲများ ကျင်းပစဉ် ကြေညာခဲ့သည့် နမူနာကို ရယူဆောင်ရွက်မည်ဟု၎င်းက ဆိုသည်။
“ဘယ်နေ့ကျင်းပမလဲဆိုတာ တော့ စောစောကပြောသလိုလေ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွေက ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ဘယ်လို ကြေညာခဲ့သလဲ။ ဘယ်ရက်မှာ ကြေ ညာခဲ့သလဲ။ ၂၀၁၅ တုန်းက ဘယ် နေ့မှာ ကျင်းပသလဲ။ ဘယ်ရက်မှာ ကျင်းပသလဲ။ ဘယ်နေ့မှာ ကြေညာသလဲ။ ဒါတွေကိုကြည့်ပြီးတော့ ကြေ ညာသွားမှာပေါ့။ အဲဒါတွေ ကြေညာသွားမယ်။ ဒါကတော့ ဆန္ဒစောလို့ မရဘူး။ နောက်ကျလို့လည်း မရဘူး။ အရင်အတိုင်း ကျွန်တော်တို့ ကြေညာမှာပဲ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။
■ နိုင်ငံရေးပါတီများ၏ အမြင်
COVID-19 ကာလတွင် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ကော်မရှင်၏ တရားဝင်ထုတ်ဖော်ပြောကြားလာမှုအပေါ် နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးလေ့လာစောင့် ကြည့်သူများက အံ့အားသင့်ခဲ့ရပြီး ယင်းကိစ္စအပေါ်တွင်လည်း ဝေဖန်မှုအချို့ရှိခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအ တွင်း COVID-19 ရောဂါကူးစက် ပျံ့နှံ့နေပြီး အမျိုးသားရေးအကျပ် အတည်းပုံစံ ဖြစ်နေသောကြောင့် ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီ များ၊ ရွေးကောက်ပွဲဆိုင်ရာ အရပ် ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပြီးမှ ရွေးကောက်ပွဲကျင်းပရေးကိစ္စကို ဆုံးဖြတ်သင့်သည်ဟု ပြည်သူ့ပါ တီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ထောက်ပြသည်။
“ရွေးကောက်ပွဲ ကျင်းပတဲ့အ ချိန်မှာ အရေးကြီးတာ ပြည်သူလူထုက မဲပေးဖို့ အဆင်သင့်ဖြစ်တဲ့ အနေ အထားမျိုးရှိဖို့လိုတယ်။ ဆိုလိုတာက အခုလို COVID အန္တရာယ်ကို ကြောက်ပြီးတော့ လုပ်ငန်းခွင် မဝင်နိုင်၊ ဝင်လို့မရ သောကတွေ ဖိစီးပြီး တိုင်းပြည်အရေးကိစ္စအပေါ် အာရုံမစိုက်နိုင်တဲ့အနေအထားမျိုး မဟုတ်ဖို့တော့ အရေးကြီးတယ်။ ဒါမှသာ ပြည်သူက သူ့ရဲ့ဆန္ဒကို သေချာချင့် ချိန်ပေးနိုင်တဲ့ အနေအထားရှိမယ်။ နောက်တစ်ချက်ကလည်း ရွေး ကောက်ပွဲ လုပ်မယ်ဆိုရင် သိတဲ့အတိုင်း မဲဆွယ်ကာလရှိမယ်။ မဲဆန္ဒ ရှင်စာရင်း စိစစ်ရမှာ ရှိတယ်။ ဒီလို လုပ်ငန်းစဉ် အဆင့်ဆင့်ကို လက်ရှိ အချိန်နဲ့ နိုဝင်ဘာကြားမှာ တကယ် လုပ်နိုင်တဲ့ အအနေအထားရှိ မရှိ ဒါလည်း ချိန်ညှိဖို့လိုတယ်။ အခုအ နေအထားကတော့ ကျွန်တော်တို့ သည် ဒီကာလနဲ့ လက်ရှိအနေအ ထားနဲ့ နိုဝင်ဘာကြားထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်က ဘယ်လောက်ထိ ပြန့် ပွားလာမလဲ အခုလိုပဲ အနေအထား မှာပဲ တန့်နေမလား။ ဒီထက် ပိုပြန့် ပွားသွားမလား။ ဒါကတော့ ဘယ်သူ မှ မပြောနိုင်ဘူး။ စောင့်ကြည့်နေရတဲ့ ကိစ္စပေါ့ဗျာ” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။
COVID-19 ကာကွယ်၊ ထိန်း ချုပ်ရေး၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ဖြစ်ပွားနေဆဲ တိုက် ပွဲများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင် ရွက်နိုင်ခြင်းမရှိဘဲ နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် အ ကျိုးထက် အပြစ်ပိုများနိုင်ကြောင်း တိုင်းရင်းသားပါတီအချို့က ဝေဖန် ပြောကြားမှုများ ရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ်အတွင်း အ ထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် တစ်ပြည်လုံးတစ်ပြေးညီ ကျင်းပပေးရန်နှင့် ရွှေ့ဆိုင်းမည်ဆိုလျှင် ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီများ၏ သဘောတူညီ ချက်ရယူရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်း များက ဇွန် ၁ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
COVID-19 ဖြစ်ပွားမှုနှင့် တိုင်းရင်းသားဒေသအချို့တွင် ဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် ယခင်ရွေးကောက်ပွဲများကဲ့သို့ မဲ ဆန္ဒနယ်အချို့ ချန်လှပ်ကျင်းပမည် ကို စိုးရိမ်မှုရှိကြောင်း UNA အတွင်း ရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောကြားသည်။
“အခုလည်း ဒီနေ့ဆိုရင် ရခိုင် မှာ တိုက်ပွဲတွေ အတော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်ကြတယ်။ ဒီ နေရာတွေဟာ ရွေးကောက်ပွဲဖြစ်ဖို့ အခက်အခဲရှိတယ်။ အဲဒီလိုသာ ရွေး ကောက်ပွဲမရှိခဲ့ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုအသံဟာ ပျောက်သွား နိုင်တယ်။ အဲဒါကြောင့် ရွေးကောက် ပွဲဖြစ်မယ်ဆိုရင် တစ်နိုင်ငံလုံး တစ် ပြေးညီဖြစ်ဖို့၊ နေရာမကျန်ဖို့ပေါ့ နော်။ အဲဒါလေးကို တိုက်တွန်းရခြင်း ဖြစ်ပါတယ်” ဟု ဦးမျိုးကျော်က ပြော ကြားသည်။
တိုက်ပွ ဲဖြစ်ပွားသည့်ဒေသများတွင် ပြည်သူ့ကိုယ်စားလှယ်ထွက် ပေါ်စေရန်နှင့် နိုင်ငံရေးဘောင်ကျယ် ပြန့်လာစေရန် ရွေးကောက်ပွဲကာလတွင် သက်ဆိုင်ရာတပ်ဖွဲ့များအနေဖြင့် အပစ်ရပ်ခြင်း၊ တပ်များ ခွာထား ခြင်းတို့ လုပ်ဆောင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ် လာစေရေး ကူညီပေးရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။
ထို့ပြင် လတ်တလောရင်ဆိုင် နေရသည့် COVID-19 ကပ်ရောဂါကြောင့် မဲပေးမည့် ပြည်သူများ လုံခြုံမှုရှိစေရေး ကြိုတင်ကာကွယ် ရေးစနစ်များကို တစ်ပြည်လုံးတစ်ပြေးညီစီစဉ်ထားပေးရန်လည်း လို အပ်မည်ဟု UNA နှင့် မိတ်ဖက်အဖွဲ့ အစည်းများ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
“ဟိုနေရာကို လုပ်မယ်။ ဒီနေရာကို မလုပ်ဘူး။ အဲဒါမျိုးတွေ မလုပ်ဘဲနဲ့ တစ်နိုင်ငံလုံး တစ်ပြေးညီနဲ့ ရွေး ကောက်ပွဲတစ်ခုကို လုပ်ပေးစေချင် တယ်။ အဲဒါမှလည်း Free and Fair ဖြစ်မယ်လို့ မြင်တယ်” ဟု UNA မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် စည်း လုံးညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဒေး ဗစ်လှမြင့်က ပြောကြားသည်။
COVID-19 ရောဂါ ဖြစ်ပွား နေမှုကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းစဉ်များ အခက်အခဲမရှိစေရန် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ဆောလျင်စွာ ကြေညာပေးစေလိုသည်ဟု အဆိုပါ ပါတီတာဝန်ရှိသူများက တောင်းဆို သည်။
“အခုချိန်မှာ ငါးယောက်ထက် ပိုမစုရရှိနေတယ်။ ရောဂါကပ်ဆိုးလည်း ရှိနေချိန်မှာ တွေ့ဆုံဆွေးနွေးဖို့က ကိုယ့်ပါတီထဲမှာတောင် အတော်လေး လုပ်ရခက်တယ်။ အရင်တုန်းကတော့ လေးလတို့၊ နှစ်လ ကျော်တို့ ဘာတို့ ကြိုပြီးကြေညာတယ်ဆိုတာ ကော်မရှင်တာဝန်ရှိသူ တွေ ပြောတာကြားရတယ်။ အကယ်၍ ဒီနှစ်မှာသာ ရွေးကောက်ပွဲရှိတယ် ဆိုရင် ကြိုပြီးကြေညာအသိပေးခြင်း အားဖြင့် နိုင်ငံရေးပါတီတွေအနေနဲ့ ပြင်ဆင်လို့ရတာပေါ့။ အဲဒီလို အခွင့်အရေးတော့ ပေးသင့်တယ်လို့ ထင်တာပဲ” ဟု UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ပြောကြားသည်။
ယနေ့ ရင်ဆိုင်နေရသည့် ကမ္ဘာ့ကပ်ရောဂါအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် အခြေခံအကျဆုံး ကိစ္စမှာ ပြည်တွင်းစစ်ရပ်စဲရေးဖြစ် သည်ဟု ရှုမြင်ကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် ကပ်ရောဂါကို ရင်ဆိုင်ရေး၊ တိုင်းပြည်၏ ဒီမိုကရေစီ ဖြစ်စဉ်ဆက်လက်ဖြစ်ထွန်းရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ခိုင်မာတိုးတက် ရေးတို့အတွက် အာဏာပိုင်အဖွဲ့အ စည်းများအပါအဝင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအ နေဖြင့် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အား ဆောလျင်စွာရပ်စဲရန်နှင့် တိုင်းပြည်ရင်ဆိုင်နေရသော အခက်အခဲ အကျပ်အတည်များအား အတူတကွ ကျော်လွှားရန် တိုက်တွန်း ကြောင်းလည်း UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပါအဝင် တိုင်းရင်းသားပါတီ ၁၂ ပါတီဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေး ပါတီအချို့၊ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းအချို့နှင့် အရပ် ဘက်အဖွဲ့အစည်းအချို့ကို မိတ်ဖက် အဖွဲ့အစည်းအနေဖြင့် လက်တွဲ ဆောင်ရွက်လျက်ရှိသည်။
■ ကော်မရှင် ဘာတွေပြင်ဆင်နေလဲ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀၂ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပရန် အစီအစဉ်ရှိကြောင်း အ တည်ပြုပြောကြားခဲ့သော်လည်း အ ထွေထွေရွေးကောက်ပွဲ ကျင်းပရန် ခြောက်လနီးပါးသာ လိုတော့သည့် အချိန်တွင် ရွေးကောက်ပွဲကျင်းပ မည့် ရက်၊ မဲဆွယ်ကာလနှင့် ကိုယ် စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် အချိန်ဇယား စသည် တို့ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က လက်ရှိအချိန်အထိ ကြေညာခြင်း မရှိသေးပေ။
သို့သော် တောင်ကိုရီးယားနိုင်ငံ တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပါအဝင် COVID-19 ဖြစ်ပွား နေဆဲကာလအတွင်း နိုင်ငံအချို့၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို စံနမူနာယူ၍ မဲဆွယ်ကာလသတ် မှတ်ခြင်း၊ မဲပေးခြင်းတို့ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လေ့လာနေကြောင်း နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေ ၃၀ ရက်တွင် ပြောကြားသည်။
“ရွေးကောက်ပွဲကော်မရှင်က Independent ဖြစ်ပါတယ်။ အဲဒီ တော့ သူတို့ဟာ သူတို့ ဆောင်ရွက် တဲ့အပေါ်မှာမှ အစိုးရက အုပ်ချုပ် ရေးအရ၊ လုံခြုံရေးအရ ဆောင်ရွက် ပေးရမယ့်ဟာတွေရှိရင် ဆောင်ရွက် ပေးဖို့ရှိပါတယ်” ဟု သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြားသည်။
ထို့ပြင် ရွေးကောက်ပွဲ မဲဆွယ် ကာလသတ်မှတ်ရေးကိစ္စ၌ အစိုးရ နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညှိနှိုင်းခြင်းမရှိဟု ဦးဇော်ဌေးက မှတ်ချက်ပြုသည်။
“အဲဒါက ရွေးကောက်ပွဲကော်မရှင်က ဖြေတာကောင်းပါလိမ့်မယ်။ ကျွန်တော်တို့နဲ့တော့ ညှိနှိုင်းတာ မရှိ ဘူးပေါ့နော်” ဟု ၎င်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိဖြစ်ပေါ်နေသည့် COVID -19 ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဇွန် ၂ ရက်က ပြောကြားသည်။
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအ စည်းအဝေးခန်းမ၌ ဇွန် ၂ ရက်က ပြု လုပ်သည့် ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲအတွက် မဲဆန္ဒ နယ်နှင့် မဲရုံများ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ယခုအချိန်ကာလသည် ကမ္ဘာတစ်ဝန်း COVID -19 ရောဂါဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ်ကု သနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားနေသည့်အချိန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ COVID-19 ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင် ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အ ထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအရ ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိအချိန်တွင် COVID -19 ရောဂါဖြစ်စဉ်ကြောင့် ပြည်ပ နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်း အလုပ်သမားများသည် ၎င်းတို့၏ နေရာဒေသအသီးသီးသို့ ပြန်လည် ဝင်ရောက်လျက်ရှိပြီး ၎င်းမဲဆန္ဒရှင် များကို အခြေခံမဲဆန္ဒရှင်စာရင်းတွင် စိစစ်ထည့်သွင်းသွားရန် လိုအပ် ကြောင်း၊ တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ အခြေခံမဲဆန္ဒရှင်စာရင်းရရှိရေးအ တွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိထားမှသာ မဲရုံအရေအတွက် လျာထားသတ်မှတ်ရာတွင် မှန်ကန်မှုရှိမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ကော်မရှင်အဖွဲ့ခွဲရုံးများအတွက် ရုံးသုံးစက်ကိရိယာပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ အချိန်မီ ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလမှစ၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှိနေမည်ဖြစ်သည့်အတွက် လုပ်ငန်းများ အဆင်ပြေချော မွေ့စေရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရန် လိုအပ်ကြောင်း၊ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲကို ချမှတ်ထား သည့် စံငါးချက်နှင့်အညီ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ပြည့်စုံမှန်ကန် သည့် မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် မဲပေးခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်ရရှိအောင် မဲစာရင်းတွင် ပါဝင်စေရေး သက်ဆိုင်ရာအဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရန် ဦးလှသိန်းက ပြောကြား သည်။
■ စည်းကမ်းချက်အသစ်များ ရှိလာနိုင်
၂၀၂၀ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး COVID-19 ရောဂါကြောင့် မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်အသစ်များရှိလာမည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဇွန် ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စ ုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲရက်ကတော့ အရင်တုန်းက ပထမတုန်းက နှစ်လ နဲ့ ၂၄ ရက်။ နောက်တစ်ခါမှာ လေး လကြိုကြေညာတယ်။ အဲဒီအတိုင်း ပဲ မပြောင်းလဲပါဘူး။ နဂိုကျင်းပတဲ့ အတိုင်း နိုဝင်ဘာလထဲမှာပဲ ကျွန် တော်တို့ ဖြစ်မှာပါ။ နိုဝင်ဘာ ၇ ရက်နေ့ကျင်းပတော့ လေးလအလို အကြို ကြေညာတာပေါ့။ နှစ်လနဲ့ ၂၄ ရက်အလို ကြေညာတာရှိတာ ပေါ့။ ဘယ်နေ့သင့်တော်သလဲ။ အ များအတွက် သင့်တော်မယ့် ကောင်း မယ့်ရက်ကိုယူပြီး ကြေညာမှာပေါ့။ ပါတီအများအတွက် စည်းရုံးနိုင်မယ့် အားလုံးအတွက် အဆင်ပြေမယ့် ရက်ကိုရွေးပြီး ကြေညာမှာပါ။ ဒါဆို ခန့်မှန်းလို့ရပါတယ်”ဟု ၎င်းင်းက ဆို သည်။
COVID-19 ရောဂါကြောင့် မဲဆွယ်စည်းရုံးရေးနှင့် မဲပေးသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် ယခင်ရွေးကောက် များကဲ့သို့ ဖွဲ့စည်းခဲ့သည့် အဖွဲ့အ စည်းများနှင့်မတူဘဲ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဌာနအဖွဲ့ ရှစ်ဖွဲ့ဖြင့် သီးသန့်ဖွဲ့စည်းသွားရန် ရှိနေသည်။
“မဲဆွယ်တာနဲ့ပတ်သက်ပြီးတော့ စည်းကမ်းချက်တွေ ရှိလာနိုင် သလားဆိုတော့ ရှိလာနိုင်တာပေါ့။ အဲဒါကြောင့် ဘယ်လိုကျင်းပမလဲ။ ဘယ်လိုမဲဆွယ်ခွင့်လုပ်မလဲ။ COVID ကာလလည်း ရှိနေတယ်ဆိုတော့ ဒါကို အဆင်ပြေချောမော အောင် ရှစ်ဖွဲ့လောက်နဲ့ သပ်သပ်အ ဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်။ ဖွဲ့ပြီးတော့မှ ဘယ် လိုအခြေအနေဆိုရင် ဘယ်လိုဘယ် လို စည်းကမ်းချက်တွေ လိုက်နာမ လဲ။ အဓိကတော့ ကျန်းမာရေးဝန် ကြီးဌာန ရှိမှာပေါ့။ သူတို့ စည်းကမ်း ချက်တွေနဲ့ ချမှတ်ပြီးတော့ သက် ဆိုင်ရာနိုင်ငံရေးမဲဆန္ဒရှင်တွေ အ ကုန်အသိပေးမှာပေါ့။ စည်းကမ်း ချက်အသစ်တွေ ရှိလာနိုင်ပါတယ်”ဟု ဦးမြင့်နိုင်က ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ပြည်နယ်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာရွေးကောက် ပွဲအရာရှိများဖြင့် သုံးရက်ကြာပြုလုပ် ခဲ့သည့် အစည်းဝေးတွင် မဲဆန္ဒနယ် များ သတ်မှတ်ရန်၊ မဲရုံများ ဖွဲ့စည်း ရန်နှင့် COVID-19 ကာလအား မျှော်မှန်းတွက်ဆကာ လူဦးရေအ ပေါ် မူတည်၍ မဲရုံများ နေရာထပ်ခွဲ ရန် စသည့်အချက်များအပေါ် ပြန်လည ်ညှိနှိုင်းဆောင်ရွက်မည်ဖြစ် သည်။
“ကျင်းပမယ့်ရက်ကလည်း လို သေးတော့ နဂို ကျွန်တော်တို့ ပြောခဲ့ တဲ့အတိုင်းပဲ။ ကျွန်တော်တို့ ပြောင်း လဲမှုမရှိသေးပါဘူး။ နောက်တစ်ခါ တပ်မဲရုံတွေက အခုအစည်းအဝေး မှာ မဲဆန္ဒနယ်တွေ ဘယ်လိုသတ် မှတ်မလဲ။ မဲရုံတွေ ဘယ်လိုသတ် မှတ်မလဲ။ အခု ကျွန်တော်တို့ ဆွေး နွေးနေတာပေါ့။ မဲရုံတွေ ဘယ်လို ဖွဲ့စည်းမလဲ။ ဘယ်လောက်လုပ်မလဲ။ အခု COVID ကာလကို မျှော် မှန်းတွက်ဆထားပြီးတော့ လူဦးရေ နှစ်ထောင်၊ သုံးထောင်များနေတဲ့ နေ ရာတွေကို နေရာထပ်ခွဲမလား။ အဲဒါတွေ လုပ်နေပါတယ်” ဟု ဦးမြင့် နိုင်က ပြောကြားသည်။

■ ပြည်ပရောက်မဲဆန္ဒရှင်များ၏ မဲပေးခွင့်
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ပရောက် မဲဆန္ဒရှင်အားလုံး ၎င်းတို့နှင့် နီးစပ် ရာနေရာတွင် မဲပေးခွင့်ရရန် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့် နိုင်နှင့် မြန်မာအသံ မေးမြန်းခန်းတွင် ၎င်းင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“မဲဆောက်တို့၊ မယ်ဆိုင်တို့ ရနောင်းတို့မှာ အလုပ်သမား သံအရာရှိတွေရှိတယ်။ သူတို့မှာလည်း စာရင်းဇယားတွေရှိတယ်။ သူတို့နဲ့ ညှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းရ ယူရမယ်ပေါ့။ ရယူပြီးတော့ သူတို့ကို ဘန်ကောက်ကို သွားပြီးတော့ မဲပေး ရမယ့်အစား ဘယ်လိုလွယ်ကူအောင် နီးအောင် ဘယ်လိုပေးရမလဲ။ ဒါ တွေကို ညှိနှိုင်းပြီးတော့ ဆောင်ရွက် သွားမှာပေါ့နော်။ ပထမခြေလှမ်းအ နေနဲ့က သံရုံးတို့ ကောင်စစ်ဝန်ရုံးတို့ အမြဲတမ်းကိုယ်စားလှယ်ရုံးတို့ကို လာရောက်နိုင်သူပဲ ပေးရမယ်ဆို တော့ နည်းနေတာပေါ့။ မသွား ရောက်နိုင်သော်လည်း သူတို့သွား နိုင်တဲ့ နီးတဲ့နေရာမှာ ဆောင်ရွက် ပေးမယ်ဆိုရင် အခက်အခဲကို ကျော် လွှားနိုင်တာပေါ့။ ဒုတိယခြေလှမ်း အနေနဲ့ မဲဆောက်တို့၊ ရနောင်းတို့၊ မယ်ဆိုင်တို့ကို စမ်းသပ်ပြီး ဘယ်လို လုပ်မလဲ။ နောက်တစ်ဆင့် အိမ်နီး ချင်းနိုင်ငံတွေ အိန္ဒိယ၊ တရုတ်၊ နောက် ဂျပန်၊ စင်ကာပူတို့မှာ အား လုံးမဲပေးနိုင်အောင် ဘယ်လိုဆောင် ရွက်မလဲဆိုတာ စီမံချက်တွေဆွဲပြီး ဆောင်ရွက်သွားရင် အားလုံးမဲပေး နိုင်တဲ့ အခြေအနေကို ရောက်သွား မှာပါ”ဟု ဦးမြင့်နိုင်က ပြောကြား သည်။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၄၇ (က) ၌ ရွေး ကောက်ပွဲကျင်းပသော အချိန်တွင် နိုင်ငံပြင်ပသို့ ရောက်ရှိနေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စု ဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ် ထောင်စုဝင်များ၊ ပညာတော်သင် များနှင့် အိမ်ထောင်စုဝင်များ ကိုယ် စားလှယ်တော်များနှင့် အိမ်ထောင်စု ဝင်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင် စုဝင်များက သက်ဆိုင်ရာ မဲဆန္ဒနယ် များအတွက် ကြိုတင် ဆန္ဒမဲပေး နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ဆောင်ရွက် ပေး ရမည်ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ (ခ)တွင် နိုင်ငံ့ပြင်ပသို့ ရောက်ရှိနေ သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြို တင်၍ ဆက်သွယ်ဆောင်ရွက်ပေးရ မည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် လက်ရှိကျင့်သုံး နေသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဦးမြင့်နိုင်က “နိုင်ငံပြင်ပမှာ ရောက်နေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တွေ ကြိုတင်၍ ဆန္ဒမဲပေးဖို့ရာအ တွက်ဆိုပြီးတော့ ရွေးကောက်ပွဲ ကျင်းပရက် မကြေညာခင်ကတည်း က နိုင်ငံပြင်ပမှာရောက်နေတဲ့ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူတွေ ဖြည့်သွင်းနိုင် အောင် ပုံစံ ၁၅ တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကြိုပေးရတာပေါ့။ ပုံစံ ၁၅ ဆိုတာ မဲဆန္ဒနယ် ပြင်ပ ရောက် မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲ ပေးနိုင်အောင် ဖြည့်သွင်းပေးရတဲ့ ပုံစံပေါ့ (ဘယ်နိုင်ငံ/ဘယ်ဒေသကို ရောက်နေတယ်။ မူရင်းမြန်မာနိုင်ငံ တွင် ဘယ်မှာနေတယ်ဆိုတာ ကြို တင်မဲပေးဖို့ ဖြည့်သွင်းရတဲ့ပုံစံ)။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံစံ ၁၅ ကိုရရှိပြီဆိုရင် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနဲ့ ကောင် စစ်ဝန်ရုံးတို့ကို ဆက်လက်ပေးပို့ တယ်။ သက်ဆိုင်ရာရုံး အကြီးအမှူး တွေက မဲဆန္ဒရှင်တွေထံ ပုံစံ ၁၅ ကို ပေးပြီးတော့ ဘယ်နေ့အရောက် ပြန် လည်ပေးဖို့ နေ့ရက်သတ်မှတ်ပြီး တစ်ပါတည်း အကြောင်းအကြား ပေးရတယ်။ ရရှိတဲ့မဲဆန္ဒရှင်တွေက ဖြည့်သွင်းပြီးတော့ အကြီးအမှူးထံ အချိန်မီ ပြန်လည်ပေးပို့ရပါတယ်။ အကြီးအမှူးက စိစစ်ပြီးတော့ နိုင်ငံ ခြားရေးဝန်ကြီးဌာနကို ပြန်ပို့မယ်။ ဌာနကနေ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ကို လွှဲအပ်မယ်။ ကော်မ ရှင်ကမှ စိစစ်ပြီး သက်ဆိုင်ရာကော်မ ရှင်အဖွဲ့ခွဲကို ပေးပို့တယ်။ ပုံစံတွေကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲတွေကနေပြီးတော့ ပုံစံ ၁၅ ကို နိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ ကြို တင် ဆန္ဒမဲပေးသူများစာရင်း ဆိုပြီး ပုံစံ (၁)-၃ ဆိုပြီး သတ်မှတ်ထားတဲ့ ထဲမှာ သီးခြားရေးမှတ်ထားလိုက် တယ်” ဟု ဆိုသည်။
ပြည်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင်အရေအတွက်သည် သန်း နှင့်ချီ၍ရှိသော်လည်း ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူများက ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ ၁၅ ဖြည့်စွက်တောင်းဆိုသူ ၆၀၀၀ ကျော်သာရှိပြီး မဲပေးသူအရေအ တွက်သည်လည်း ၆၀၀၀ ကျော်သာ ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် စုစုပေါင်းသံရုံး ၄၀ မှ ပုံစံဖြင့် တောင်းဆိုသူ ၃၀၀၀၀ ကျော် ရှိကာ မဲပေးသူအရေအတွက်သည် ၂၀၀၀၀ ကျော်သာရှိကြောင်း ၎င်းက ပြောကြားသည်။
ထိုသို့ ပြည်ပရောက် မဲဆန္ဒရှင်များ၏ မဲပေးသည့်အရေအတွက် နည်းပါးခြင်းနှင့်ပတ်သက်၍ ရွေး ကောက်ပွဲစနစ်အရ အချို့နိုင်ငံများ တွင် အွန်လိုင်းနှင့် စာတိုက်မှ မဲပေး ခြင်းများ ပြုလုပ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ ယင်းကိစ္စကို ခွင့်ပြု ထားခြင်းမရှိဘဲ သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ရုံးနှင့် အမြဲတမ်းကိုယ် စားလှယ်ရုံးများသို့ ကိုယ်တိုင်သွား ရောက် မဲပေးရခြင်းဖြစ်၍ နေထိုင် ရာနေရာနှင့် ဝေးကွာခြင်းနှင့် ငွေ ကြေးများကြောင့် မဲပေးခွင့် မရခြင်း ဖြစ်ကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။
“၂၀၁၀ နဲ့ ၂၀၁၅ မှာ ကြည့် လိုက်တော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တွေက နည်းတာပေါ့နော်။ ကျွန် တော်တို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မှာဆိုရင် ကြိုတင်ဆန္ဒမဲပေးတဲ့ဦးရေ က ထောင်ဂဏန်းတောင် မပြည့် ဘူး။ ၆၀၀ ကျော်လို့ပဲ သိရတယ်။ တ ကယ်တမ်းကျတော့ သွားရောက် လုပ်ကိုင်သူတွေက သန်းနဲ့ချီပြီး ရှိ တယ်လို့ သိရတယ်။ သူတို့ မဲပေးလို ကြတယ်။ သွားပြီးတော့ မဲမပေးနိုင် ကြဘူး။ အခက်အခဲရှိတယ်။ ဒီလိုပဲ အိန္ဒိယတို့၊ တရုတ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့၊ မလေးရှားတို့၊ အမေရိ ကန်၊ အင်္ဂလန် စသည်ဖြင့် ဒီနိုင်ငံ တွေမှာလည်း သွားရောက်လုပ်ကိုင် သူ အများကြီးရှိတာပေ့ါ။ အခက် အခဲကြောင့် သွားရောက်မဲပေးနိုင် ခြင်းမရှိတဲ့အခါကျတော့ ဥပဒေအရ မဲပေးနိုင်ခွင့်ရှိသော်လည်း ပေးကား ပေး၏ မရတာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။
■ ရက် ၉၀ ပြဿနာ
မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိနေသည့်ဒေသတွင် ရက် ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့်အချက် ကို လွှတ်တော်နှစ်ရပ်စလုံးက သဘောတူ အတည်ပြုခဲ့ပြီဖြစ်သည်။
လွှတ်တော်သုံးရပ် ရွေးကောက် ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများတွင် ပါဝင်သည့် ရွေးကောက်ပွဲနည်းဥပ ဒေပုဒ်မ ၁၀ ကို အမျိုးသားလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်တို့က သဘောတူ အတည်ပြုခဲ့ခြင်းဖြစ် သည်။
ပြီးခဲ့သည့် မေ ၂၅ ရက်က ပြည်သူ့လွှတ်တော်တွင် လွှတ်တော် သုံးရပ် ရွေးကောက်ပွဲနည်းဥပဒေ များကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို လွှတ်တော်နှစ် ရပ်စလုံးက သဘောတူခဲ့သည့်အ တွက် ပြည်ထောင်စုလွှတ်တော်က အ တည်ပြုသည်ဟု မှတ်ယူ၍ ဆက် လက်ဆောင်ရွက်သွားမည်ဟု လွှတ် တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေ ညာခဲ့သည်။
ရက် ၁၈၀ မှ ရက် ၉၀ လျှော့ချသည့် နည်းဥပဒေပြင်ဆင်ချက်သည် မဲဆန္ဒရှင်များပြားသည့် မဲဆန္ဒနယ်များတွင် ကြီးမားသည့် သက်ရောက်မှုမရှိနိုင်သော်လည်း မဲဆန္ဒရှင်နည်း ပါးသည့် ပြည်နယ်မဲဆန္ဒနယ်များတွင် အငြင်းပွားစရာကိစ္စရပ်များ ဖြစ်လာမည်ကို တိုင်းရင်းသားပါတီများက စိုးရိမ်မှုရှိနေသည်။
ရွှေ့ပြောင်းမဲဆန္ဒရှင်များအ နေဖြင့် မူရင်းမဲဆန္ဒနယ်သို့ ပြန်လည် မဲပေးခြင်းနှင့် ကြိုတင်မဲပေးခြင်း ကိုသာ တိုင်းရင်းသားပါတီများက လိုလားခဲ့ကြသော်လည်း လက်ရှိတွင် လွှတ်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ကြောင်း သိရသည်။
■ မဲဆန္ဒနယ်အသစ် အခြေအနေ
၂၀၂၀ အထွေထွေရွေး ကောက်ပွဲနှင့်ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသည့် နောက်ထပ် အချက်မှာ “၀” လက်နက်ကိုင် အဖွဲ့ (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့နယ်အပါအဝင် “၀” အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့ နယ်လေးခုတွင် အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်နှင့် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ထိပ်ပိုင်းခေါင်း ဆောင်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဦး ဆောင်သော ကော်မရှင်အဖွဲ့ဝင်များ နှင့် “၀” ပြည် သွေးစည်းညီညွတ်ရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ ဦးဆောင်သော UWSP ခေါင်း ဆောင်များသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပန်ဆန်းမြို့ရှိ ဗဟိုရုံးချုပ် တွင် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ ဆုံရာတွင် “၀” အဖွဲ့ ထိန်းချုပ်နယ် မြေအတွင်းရှိ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေး နွေးခဲ့ကြောင်း WSTV သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ယခင် က အစိုးရထိန်းချုပ်မှုအောက်ရှိ မြို့ နယ်နှစ်ခုတွင်သာ ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း ယခုအခါ “၀” အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့ နယ်လေးခုတွင်ပါ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ် သည်ဟု UWSA ပြင်ပဆက်ဆံ ရေးတာဝန်ခံ ဦးညီရန်းက ပြောကြား သည်။
“မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း ၊ ပန် ဆန်းပေါ့နော်။ ကျွန်တော်တို့ UWSA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ လေးမြို့နယ်ပေါ့။ အရင်တုန်းကတော့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ နှစ်မြို့နယ်ပေါ့။ မက်မန်းရယ် ဟိုပန်မြို့နယ် နှစ်မြို့နယ်မှာ တော့ ကျင်းပခဲ့တယ်”ဟု ဦးညီရန်း က ပြောသည်။
၂၀၂၀ ရွေးကောက် ပွဲနီးကပ်လာပြီဖြစ်သောကြောင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ရှိ သတ်မှတ်ထားသော မြို့နယ် လေးခုတွင် ရွေးကောက်ပွဲကျင်းပ သွားနိုင်ရေး၊ ရွေးကောက်ပွဲ ပါဝင် ခွင့်၊ ရွေးကောက်ပွဲကိုယ်စားလှယ် ရွေးချယ်ခွင့်နှင့် မဲပေးခွင့် စသည့် ကိစ္စရပ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အသေးစိတ်ရှင်းလင်းပြော ကြားခဲ့ကြောင်း WSTV သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရှင်းလင်းပြောကြားမှုနှင့် ပတ်သက်၍ “၀” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းတွင်ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UWSP ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင် လျံက ပြန်လည်ပြောကြားခဲ့သည်ဟု WSTV ၏ သတင်းဖော်ပြချက်တွင် ပါရှိသည်။
အဆိုပါဆွေးနွေးပွဲသို့ ဗဟို ပေါ်လစ်ဗျူရိုကော်မတီဝင် ဗဟိုရုံး အုပ် ဦးလီကျူလျဲ့၊ ဗဟိုပေါ်လစ်ဗျူရို ကော် မတီဝင်နိုင်ငံရေးဌာန ဌာနမှူး ဦးရန် စိမ်းပင်း၊ UWSA ဒု စစ်ဦးမှူး အမှတ် (၁) စစ်ဆင်ရေးဒေသ ကွပ် ကဲရေးမှူး ဦးပေါက်အိုက်ပန်း၊ UWSA ဒုစစ်ဦးမှူး ဦးလီလောင်း အဲယ် စသည့် ထိပ် ပိုင်းခေါင်းဆောင် များ တက်ရောက်ခဲ့ကြောင်း WSTV က သတင်းဖော်ပြခဲ့သည်။
အဆိုပါသတင်းထွက်ပေါ် လာပြီးနောက် “၀” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီ များ၊ နိုင်ငံရေးလေ့လာသူများနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများက စိတ်ဝင်စားမှုရှိခဲ့သည်။
ရခိုင်ပြည်နယ်နှင့် “၀” ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိ မရှိနှင့် ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးတွင် ဇွန် ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ မေးမြန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန် ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့များထံသို့ မေးမြန်းထားပြီး အဆိုပါဌာနများမှ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြား သည်။
■ နိုင်ငံရေးပါတီ ဘယ်လောက်ရှိလဲ
ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းစည်းရုံးမည့် နိုင်ငံရေးပါတီ ၇၉ ပါတီရှိပြီး တိုင်းဒေသကြီးနှင့် ပြည် နယ်တစ်ခုတွင်သာ စည်းရုံးမည့် နိုင်ငံရေးပါတီ ၁၈ ပါတီရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ လက်ရှိအချိန်အထိ မှတ်ပုံတင်ခွင့်ပြုခဲ့သော နိုင်ငံရေးပါ တီ ၁၂၈ ပါတီရှိပြီး ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၃၁ ပါတီနှင့် ယာယီ ရပ်ဆိုင်းထားသည့် နိုင်ငံရေးပါတီ သုံးပါတီရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီ ၃၁ ပါတီအနက် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သက်တမ်းတွင် ပယ်ဖျက်ခဲ့ သည့် နိုင်ငံရေးပါတီ ၂၂ ပါတီရှိ သည်။ လက်ရှိကော်မရှင်က ပယ်ဖျက်ခဲ့သည့်ပါတီများအနက် အများစုမှာ လူမျိုးတူပါတီများ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းကြ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပုဒ်မ ၂၅ အရ ယခင်အမည်ဖြင့် ပါတီအသီးသီးကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
မဲဆန္ဒနယ်သုံးခုတွင် ပါဝင်မယှဉ်ပြိုင်နိုင်ခြင်းကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) အရ ဖျက်သိမ်းခဲ့သည့် နိုင်ငံရေးပါတီတစ်ပါတီရှိပြီး ယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိ၍ ပုဒ်မ ၂၄ (င) အရ ဖျက်သိမ်းခဲ့သည့် နိုင်ငံရေးပါ တီ တစ်ပါတီရှိသည့်အပြင် ဆန္ဒအ လျောက်ဖျက်သိမ်းလိုကြောင်း တင် ပြလာသည့်ပါတီ လေးပါတီကို ပါတီ ဖျက်သိမ်းခွင့်ပြုခဲ့ကြောင်း ကော်မ ရှင်၏ စာရင်းများအရ သိရသည်။
၂၀၂၀ ပြည့်နှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိ၍ ပါတီအမည်၊ အလံနှင့် တံဆိပ်များ ပြောင်းလဲလျှောက်ထားခွင့်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်နှင့် ပါတီတည်ထောင်ခွင့်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန် ခဲ့ပြီး လက်ရှိတွင် ပါတီတည်ထောင် ခွင့် မှတ်ပုံတင်ခွင့် စိစစ်ဆောင်ရွက် ဆဲ နိုင်ငံရေးပါတီမရှိကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် တည်ဆဲမှတ်ပုံ တင်ထားသည့် နိုင်ငံရေးပါတီ ၉၇ ပါတီရှိပြီး နိုင်ငံရေးပါတီတစ်ခုသည် ပြည်ထောင်စုတစ်ဝန်း စည်းရုံးလို လျှင် ပါတီမှတ်ပုံတင်ရရှိသည့်နေ့မှ စ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီ ဝင်ဦးရေ အနည်းဆုံး ၁၀၀၀ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခု အတွက်သာ စည်းရုံးမည်ဆိုလျှင် ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်း ရုံး၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ) တွင် ပြဋ္ဌာန်းထား သည်။
■ လွန်ဆွဲပွဲ
COVID-19 ကပ်ရောဂါကာလ ဖြစ်သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေပြီဖြစ်သည်။
လက်ရှိတွင် COVID-19 ရောဂါဖြစ်စဉ်ကြောင့် ပြည်ပနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ မြန်မာ နိုင်ငံသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ နေရာ ဒေသအသီးသီးသို့ ပြန်လည်ဝင် ရောက်လျက်ရှိပြီး ၎င်းမဲဆန္ဒရှင်များကို အခြေခံမဲဆန္ဒရှင်စာရင်းတွင် စိစစ်ထည့်သွင်းသွားရန် လုပ်ဆောင် နေသကဲ့သို့ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံမဲဆန္ဒရှင်စာရင်းရရှိရေးအတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောကြားထားသည်။
ယခုကာလမှစ၍ ရွေးကောက် ပွဲလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှိ နေမည်ဖြစ်သည့်အတွက် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ ငါးချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်းကိုလည်း ကော်မရှင်က ထုတ်ပြန်ထားသည်။
မကြာမီ ရောက်ရှိလာတော့မည့် နိုဝင်ဘာလတွင် ကော်မရှင်အနေဖြင့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကျင်းပနိုင်ရန် ရှိ မရှိမှာ စိတ်ဝင်စားစရာကောင်းသည်။ လက်ရှိတွင် COVID-19 ဒုတိယ လှိုင်းမှာ ပြင်းထန်မှုမရှိဟုဆိုသော်လည်း COVID ကပ်ရောဂါမှာ နိုဝင်ဘာတွင် ပြီးနိုင်ခြင်း ရှိ မရှိကိုမူ မည်သူမျှ အာမ မခံနိုင်ကြပေ။
ထိုသို့သော အခြေအနေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရန် လျာထားမှုတွင် အောင်မြင်မှု ရှိ မရှိဆိုသည်မှာ ကော်မရှင်၏ မည် မျှအထိ ကြိုတင်ဆောင်ရွက်ထားမှု ရှိသည်ဆိုသောအပေါ်တွင် များစွာ မူတည်နေသည်။
သို့သော် COVID ရောဂါ ကြောင့် မဲဆွယ်စည်းရုံးရေးနှင့် မဲပေးသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ယခင်ရွေးကောက်ပွဲများ ကဲ့သို့ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း များနှင့်မတူဘဲ ကျန်းမာရေးဝန်ကြီး ဌာနအပါအဝင် ဌာနအဖွဲ့ ရှစ်ဖွဲ့ဖြင့် သီးသန့်ဖွဲ့စည်းသွားရန် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြင်ဆင်ထားသည်။
ထို့ကြောင့် လာမည့် နိုဝင်ဘာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲကြီးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောင်မြင်စွာ ကျင်းပနိုင်မည်လား သို့မဟုတ် COVID-19 ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်ရမည်လားဆိုသည်မှာ ဆက်လက်စောင့် ကြည့်ရမည် ဖြစ်သည်။










