ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန်အတွက် ကောင်းမွန်သော ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်မှုရရှိနေပြီး အချိန်မရွေးယှဉ်ပြိုင်ရန် အသင့်ဖြစ်နေကြောင်း အောင်လအန်ဆန် ကြုံးဝါး

ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန်အတွက် ကောင်းမွန်သော ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်မှုရရှိနေပြီး အချိန်မရွေးယှဉ်ပြိုင်ရန် အသင့်ဖြစ်နေကြောင်း အောင်လအန်ဆန် ကြုံးဝါး
Photos : Aung La Nsang(Burmese Python)
Photos : Aung La Nsang(Burmese Python)
Published 2 June 2020

ONE Championship ၏ ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က လက်ရှိတွင် ပြိုင်ပွဲများရပ်နားထားရသော်လည်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန်အတွက် ကောင်းမွန်သော ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်မှုပိုင်း ပိုင်ဆိုင်ထားသောကြောင့် မည်သည့်အချိန်တွင်မဆို ယှဉ်ပြိုင်ရသည်ဖြစ်စေ အဆင်သင့် ရှိနေကြောင်း ကြုံးဝါးပြောဆိုသည်။

အောင်လအန်ဆန်သည် လက်ရှိတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထိုးသတ်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

''ပြိုင်ပွဲတွေကတော့ လက်ရှိအခြေအနေအရ အားလုံးရပ်ထားရတာပါ။ ဒီအချိန်မှာ အများဆုံးလုပ်ဖြစ်တာကတော့ လေ့ကျင့်တာနဲ့ မိသားစုကို အချိန်ပေးတာပါပဲ။ လက်ရှိမှာ  မစ်ဒယ်ဝိတ်တန်းအတွက် ကောင်းမွန်တဲ့ ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာခံစားမှု၊ ဒီဝိတ်တန်းအတွက် အကောင်းဆုံးဖြစ်မယ့် ကြံ့ခိုင်မှုပိုင်းတွေ ရထားပါတယ်။ အားလုံးအဆင်သင့် ဖြစ်နေတဲ့ အနေအထားပါပဲ။ ဒီအချိန်မှာ မစ်ဒယ်ဝိတ်တန်းကာကွယ်ပွဲကို ဘယ်နေရာမှာပဲ ထိုးရထိုးရ ကျွန်တော်က အဆင်သင့်ပါပဲ။ ဒီထက်ပိုကောင်းအောင်လည်း လေ့ကျင့်နေ ဦးမှာပါ''ဟု အောင်လအန်ဆန်က Startup Disrupt နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ထည့်သွင်းပြောကြားသည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်တွင် ရုရှားနိုင်ငံ ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ရကာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ပြီးခဲ့သည့်ဧပြီလအတွင်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲထိုးသတ်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပြိုင်ပွဲကျင်းပရေးက အဆိုပါ ချန်ပီယံစိန်ခေါ်ပွဲကျင်းပမည့်ရက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အောင်လအန်ဆန်သည် လက်ရှိအချိန်အထိ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ကာကွယ်ပွဲစုစုပေါင်း သုံးပွဲယှဉ်ပြိုင်ထိုးသတ်ရာ သုံးပွဲစလုံး အနိုင်ရထားသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲတွင် ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များအားလုံးကို အလဲထိုးကာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent