တရုတ်ဘက်က တွန်းအားပေးလာသည့် မြန်မာ-တရုတ် စီမံကိန်းများ

တရုတ်ဘက်က တွန်းအားပေးလာသည့် မြန်မာ-တရုတ် စီမံကိန်းများ
ကုန်တင်ယာဉ်များကို တရုတ်နိုင်ငံက တင်းကျပ်မှုကြောင့် မူဆယ်မြို့တွင် ကုန်တင်ယာဉ်ကြီးများ တန်းစီစောင့်ဆိုင်းနေရသည်ကို မေ ၂၁ ရက်က တွေ့ရစဉ်
ကုန်တင်ယာဉ်များကို တရုတ်နိုင်ငံက တင်းကျပ်မှုကြောင့် မူဆယ်မြို့တွင် ကုန်တင်ယာဉ်ကြီးများ တန်းစီစောင့်ဆိုင်းနေရသည်ကို မေ ၂၁ ရက်က တွေ့ရစဉ်
Published 31 May 2020
နီလာ

(၁)

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့်စီမံကိန်းကြီး များစွာရှိနေပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများ ဆောင်ရွက်ရန် တရုတ်ဘက်က တွန်းအားပေးသည့်ဆွေးနွေးမှုများ မေလအတွင်း ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့သစ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စသည့် စီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai သည် မေ ၆ ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ်-မြန်မာ လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ရာတွင် အထက်ပါစီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများကို ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆွေးနွေးရာတွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်အနေဖြင့် တရုတ်နိုင်ငံသမ္မတ Mr.Xi Jinping မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ရလဒ်များကို ဖော်ဆောင်ရေး၊ တရုတ်-မြန်မာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကထုတ်ပြန်ခဲ့သည့် စီးပွားရေးကို ပြန်လည်လှုံ့ဆော်ရန် အစီအစဉ်များ (Stimulus Package) နှင့် ပေါင်းစပ်၍ ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လတ်တလောကာလ၌ တရုတ်-မြန်မာနှစ်နိုင်ငံမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရောဂါအခြေအနေ ထိခိုက်မှုကြောင့် လက်ရှိတွင် နိုင်ငံတကာနှင့် ဒေသတွင်းစီးပွားရေး ကျဆင်းနိုင်သည့် ဖိအားများလာကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသည့် သဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်ကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တွန်းအားပေး၍ နှစ်နိုင်ငံစီးပွားရေးနှင့် ပြည်သူများ၏ နေထိုင်မှုဘဝမြှင့်တင်စေပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၂၀ ရက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေကို တရုတ်နိုင်ငံမှ ဂရုပြုလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံသို့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးပစ္စည်းများ အကြိမ်များစွာ ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နှစ်ဖွဲ့ကိုလည်း မြန်မာနိုင်ငံသို့ စေလွှတ်၍ မြန်မာနိုင်ငံ ဆေးဝန်ထမ်းများနှင့်အတူ ကူးစက်ရောဂါကို တိုက်ဖျက်ခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံပြည်သူများ တစ်လှေတည်းစီး တစ်ခရီးတည်းသွား အပြန်အလှန် ကူညီဖေးမပေးသည့် ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြသနေပြီး နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို နက်ရှိုင်းစွာ ဖော်ပြနေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လိုအပ်ချက်နှင့်အညီ မြန်မာနိုင်ငံအား ဆက်လက်၍ ပြတ်ပြတ်သားသား ထောက်ခံအားပေးမည်ဖြစ်ပြီး တတ်နိုင်သမျှ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

နှစ်ဦးနှစ်ဖက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ ခရီးစဉ်၏ ဆောင်မြင်မှုရလဒ်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ထို့ပြင် စီးပွားရေးစင်္ကြံ စီမံကိန်း တက်ကြွသောတိုးတက်မှုများရရှိရန် တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်းတို့ကိုလည်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ယခုနှစ် ဇန်နဝါရီလက သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရရှိသော အောင်မြင်မှုရလဒ်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ပြီး နှစ်ဖက်ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစွာ ဖော်ဆောင်ကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ်တိုးတက်လာအောင် တွန်းအားပေးမည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့နောက် မေ ၂၈ ရက် သတင်းထုတ်ပြန်ချက်အရ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ဆွေးနွေးမှုများတွင်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း တည်ဆောက်မှုများကို တွန်းအားပေးဖော်ဆောင်သွားပြီး လျှပ်စစ်ဓာတ်အား၊ လမ်းပန်း ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့သည်။

         

(၂)

မြန်မာနိုင်ငံသည် အာရှ၏အထင်ရှားဆုံး မြေမျက်နှာသွင်မြင် အချက်များစွာအနက် တစ်ခုပေါ်၌ တည်ရှိပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု အလျင်မြန်ဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် ဆက်သွယ်ထားသည်။ ၎င်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် အက်ဒမန်ပင်လယ် နှစ်ခုစလုံးဆီသို့ မဟာဗျူဟာကျသည့် ထွက်ပေါက် ရှိနေသည်။

တရုတ်နိုင်ငံ၏ OBOR (One Belt One Road- Belt & Road Initiative (BRI)) စီမံကိန်းတွင် ပါဝင်လာရန်ရှိသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့သည်လည်း ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

“ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့သဘောထားက ဘယ်လိုဖြစ်နေကြသလဲဆိုရင် အရင် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းတုန်းက တော်တော်ကို နစ်နာသွားကြတယ်လေ။ သို့သော် တကယ်လို့ ဒေသခံတွေအတွက် အကျိုးလည်းရှိမယ်။ နိုင်ငံအတွက်လည်း အကျိုးရှိမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အတွက်လည်း အကျိုးရှိတဲ့စက်ရုံတွေ ပေါ်လာမယ်။ ဒေသခံတွေကို ဦးစားပေးပြီး အလုပ်အကိုင် အခွင့်အလမ်း ပေးမယ်။ အဲဒီလိုဆိုရင် ကြိုဆိုပါတယ်” ဟု ကျောက်ဖြူမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း အပါအဝင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း စသည်တို့နှင့်ပတ်သက်ပြီး ဒေသခံများအပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ချပြထုတ်ပြခဲ့ခြင်း မရှိသေးသည့်အပေါ်လည်း ဒေသခံများ ဝေဖန်လျက်ရှိကြောင်း သိရသည်။

“ အဲဒီလိုမဟုတ်ဘဲ မြေလည်း အသိမ်းခံလိုက်ရတယ်။ လျော်ကြေးလေး နည်းနည်းပါးပါး ပေးပြီးတော့ စက်ရုံအလုပ်ရုံတွေ လာဆောက်တယ်။ ဆိပ်ကမ်းတွေ လာဆောက်တယ်။ ဒေသခံတွေကလည်း အလုပ်မရဘူး။ ကျေးရွာတွေလည်း ပြောင်းရွှေ့ပေးရမယ်။ နောက်ပြီး ရေလုပ်ငန်းခွင်တွေ မြစ်ချောင်းတွေ အကုန်ပျက်စီးသွားမယ်။ ဒေသခံတွေ အလုပ်အကိုင် လုံးဝမရဘူးဆိုလို့ရှိရင် ကန့်ကွက်ကြမယ်ဆိုပြီး ကျေးရွာအသီးသီးက ဒေသခံတွေက အဲဒီလိုပြောကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများကိုလည်း တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိနေသည်။

“ အခုလက်ရှိအနေအထားက ဒေသခံတွေက ဘာမှအကျိုးမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆောက်ထားတဲ့ တရုတ်ကို ရေနံပို့တဲ့ဆိပ်ကမ်းက ရေနံသိုလှောင်ကန် ၁၂ ကန်ရှိတယ်။ အဲဒီ ၁၂ ကန်ကတစ်ဆင့် တရုတ်နိုင်ငံကို ရေနံပို့တယ်။ အဲဒါက ရရှိတဲ့ငွေကြေးကလည်း ပြည်ထောင်စုက ယူတယ်။ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ နောက်ပြီး ဒေသမှာရှိနေတဲ့ တောင်သူလယ်သမားတွေ ငါးဖမ်းရှာစားနေတဲ့သူတွေလည်း ငါးဖမ်းကွက်တွေ အကုန်ပျက်စီးသွားတယ်။ အခုလောလောဆယ်ကတော့ အဲဒါပဲ ကြုံနေရတယ်” ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းက ပြောကြားသည်။

ယင်းအတွက်ကြောင့် ဒေသခံများအပေါ် သက်ရောက်မှု ပြဿနာများရှိလာမည် စိုးရိမ်သဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းချပြပေးရန် လိုလားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အမှန်က အစိုးရက အကောင်အထည်တစ်ခ ုဖော်မယ်ဆိုရင် သက်ဆိုင်ရာနယ်မြေဒေသမှာ လာရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ဒီလိုဒီလိုလုပ်မယ်ဆိုတာ အဖြေကို ဖော်ထုတ်ဖို့လိုတယ်။ မဟုတ်ရင် ဒေသခံတွေအနေနဲ့ ဆိုးမှန်းလည်းမသိဘူး၊ ကောင်းမှန်းလည်းမသိဘူး။ ဆိုတော့ ပြဿနာတွေ တစ်နည်းတစ်ဖုံတော့ တက်လာနိုင်တယ်ထင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ထောက်ပြခဲ့သည်။

သို့သော်လည်း လက်ရှိတွင် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းအောက်ရှိ စီမံကိန်းများကို နှစ်နိုင်ငံ လက်မှတ် ရေးထိုးထားသည့်အဆင့်သာရှိသေးပြီး လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါကြောင့် စီမံကိန်းများ စတင်နိုင်ခြင်းမရှိသေးသဖြင့် မေလအတွင်း တရုတ်ဘက်က တွန်းအားပေးမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်လာသည်။

“ စောစောက ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ဒေသအတွက် အမှန်တကယ် အကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုတယ်။ အဲဒီလိုမဟုတ်ဘဲ ကျွန်တော်တို့ဒေသအတွက်လည်း အကျိုးမရှိဘူး။ တရုတ်ပြည်က တရုတ်တွေက အလုပ်လာလုပ်ပြီးရင် သူတို့စက်ရုံနဲ့ သူတို့။ သူတို့ အလုပ်သမားနဲ့ သူတို့ပေါ့။ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အဲဒီလိုလုပ်သွားပြီး ဒီကအလုပ်သမားတွေကျ လောလောဆယ် မြေသယ်၊ အုတ်သယ်အဲဒီလို အဆင့်လောက်ပဲ လုပ်ရပြီး စီမံကိန်းကြီးလည်းပြီးရော မင်းတို့ ထွက်ကြဆိုတော့ ဘာမှလည်းအလုပ်အကိုင် အခွင့်အလမ်းမရှိဘူးဆိုရင် အဲဒီလိုစက်မှုဇုန်မျိုး SEZ မျိုးကိုတော့ ကျွန်တော်တို့က ကန့်ကွက်ရမှာပါပဲ ခင်ဗျ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဆိုသည်။

         

(၃)

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွင် ချိတ်ဆက်လာမည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် စက်မှုဇုန်တည်ဆောက်ပါက တရုတ်ကုမ္ပဏီအများစုသာ ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများစွာကို ဆောင်ရွက်ကာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကစျေးကွက်များသို့ ချိတ်ဆက် တင်ပို့သွားနိုင်မည်ဖြစ်၍ တရုတ်အကျိုးအမြတ်သာ များစွာရရှိနိုင်မည်ဖြစ်ကြာင်း လေ့လာသူများက ဆိုသည်။

OBOR စီမံကိန်း၌ မြန်မာပါဝင်နေမှုတွင် မြန်မာနိုင်ငံအနေဖြင့် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရယူနိုင်ရန် လိုအပ်သကဲ့သို့ ထိုအခွင့်အရေးများ ရရှိရေးမှာလည်း မြန်မာအစိုးရ၏ စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုအပေါ် များစွာမူတည်နေသည်။

“ ကျွန်တော်မြင်တာက ဒီမှာရှိတဲ့ဥပဒေတွေက အားနည်းနေတာမဟုတ်ဘူး။ လုပ်နိုင်တဲ့သူတွေက ဥပမာ ဒီမှာရေးထားတဲ့ Seven Document မှာ စာမျက်နှာ သုံး၊ လေးရာရှိတယ်။ အဲဒါတွေကို ဘယ်သူတွေက ဖတ်ပြီးပြီလဲ။ ဖတ်ပြီးရင် ဒါကိုနားလည်သလား သုံးသပ်နိုင်သလား။ တာဝန်ရှိတဲ့သူတွေကပေါ့။ အဲဒါက ကျွန်တော်ထင်တယ် သိပ်တော့ နားမလည်ကြဘူး။ ဘာလို့လဲဆိုရင် အဲဒီမှာပါတဲ့သူတွေကို ကြည့်လိုက်ရင် သိတယ်။ တရုတ်ဘက်ကလာတဲ့သူတွေက အမေရိကန်က MBA ရထားတဲ့သူတွေ ငွေကြေးပိုင်းဥပဒေပိုင်း အဲဒီလို လူတွေပါတယ်။ ဒီဘက်မှာက တရုတ်စကားပြန်ကပြောတဲ့ ဟာကို ငေးကြည့်နေတဲ့သူတွေပါတာလည်း တွေ့ရတယ်။ ဥပဒေအရ တတ်သိနားလည် လိမ္မာတဲ့သူတွေကို ကျွန်တော်တို့ မြန်မာဘက်ကအစိုးရ အဖွဲ့မှာထည့်ရမယ်။ ဆိုတော့ Activist တွေကတောင် အော်နေချိန်မှာ သူတို့တွေက ၀ါးတားတားတွေပဲ ဖြေနေကြတယ်။ ဒီမှာ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ပါလာဖို့လိုတယ်။ မပါလာမှာကိုပဲ စိုးရိမ်တယ်” ဟု အဆိုပါ စီမံကိန်းနှင့် နီးစပ်သူတစ်ဦးက ထောက်ပြခဲ့သည်။

အခြားတစ်ဖက်တွင် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း တည်ဆောက်မှုကို တရုတ်ဘက်က ယင်းကဲ့သို့ တွန်းအားပေးမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မြန်မာနိုင်ငံသည် COVID-19 ကပ်ရောဂါနှင့်ရင်ဆိုင်နေရသည့်အတွက် စီမံကိန်းဆိုင်ရာများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အထူးသဖြင့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ ထူထောင်ရန် နှစ်နိုင်ငံအစိုးရများအကြား မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးရန် နှစ်နိုင်ငံမှအဖွဲ့များ ဖွဲ့စည်း၍ ဆွေးနွေးရန် လုပ်ဆောင်နေသော်လည်း ကိုဗစ်ကြောင့် ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 မြန်မာ- တရုတ်နယ်စပ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် တည်ဆောက်ရန် စီစဉ်ထားသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် စီမံကိန်းများ ဖော်ဆောင်ရန် တရုတ်ဘက်က တွန်းအားပေးနေသော်လည်း လတ်တလောတွင်မူ မြန်မာ-တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံ၏ အဓိကနယ်စပ် ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်မှ တရုတ်ဘက်သို့ ပို့ကုန်များ တင်ပို့ရာ၌ မူဆယ်မြို့၊ ရွှေလီမြို့သို့ သွားရောက်ရမည့်ကုန်ကားများ ၁၀ ရက်ခန့် စောင့်ဆိုင်းနေရသဖြင့် လယ်ယာထွက်ကုန်များ တင်ပို့မှု အဆင်မပြေဖြစ်ကာ ကျပ် သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာနေသည်။

မြန်မာနိုင်ငံက ပို့ကုန်အများစုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံကို အဓိကတင်ပို့နေခြင်း ဖြစ်သည်။ မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်ဘက်ကမူ တရားဝင်အဖြစ် သတ်မှတ်ထားခြင်းမရှိပေ။

တရုတ်နိုင်ငံ၏ AQSIQ မှတ်ပုံတင်ထားသည့် ကုန်စည်ငါးမျိုးမှအပ ကျန်ကုန်စည်များကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေရသဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ စျေးကွက်အနိုင်ကျင့်ခံရမှုများ ပေါ်ပေါက်နေပြီး ဆုံးရှုံးမှုများ မကြာခဏ ပေါ်ပေါက်နေရကြောင်း ကုန်သည်စက်မှုအသင်းချုပ် နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်က ကျင်းပသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၂၅ ကြိမ်မြောက်) တွင် တင်ပြခဲ့သည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ ဦးကိုကိုကြီးက မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် AQSIQ (General Administration of Quality Inspection, Supervision and Quarantine) မှတ်ပုံတင်ထားသည့် ကုန်စည်မှာ ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဆီးသီး ငါးမျိုးသာရှိပြီး ကျန်ကုန်စည်အများစုမှာ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရသည့် အခြေအနေရှိနေသဖြင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ တစ်ဖက်နိုင်ငံ၏ စျေးကွက်အနိုင်ကျင့်ခံရမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိ ပြီး ဆုံးရှုံးမှုမကြာခဏ ဖြစ်ပေါ်နေကြောင်း တင်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် AQSIQ မှတ်ပုံတင်ထားသည့် ကုန်စည်ငါးမျိုးသာရှိနေသဖြင့် လက်ရှိတင်ပို့နေသည့် အခြားကုန်စည်များကိုလည်း မှတ်ပုံတင်ရန် လိုအပ်နေပြီး လယ်ယာထွက်ကုန်ကဏ္ဍတွင် ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ဝဥ၊ ကျွဲကောသီး၊ ကြက်မောက်သီး၊ ဒူးရင်းသီးနှင့် ရော်ဘာမွေးမြူရေး ထွက်ကုန်ကဏ္ဍတွင် ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်အရှင်၊ ရေထွက်ကုန်ကဏ္ဍတွင် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်နှင့် ကင်းမွန်၊ စက်မှုထုတ်ကုန်ကဏ္ဍတွင် အသင့်စား အစားအစာများ၊ အိမ်သုတ်ဆေးများ စသည့်ကုန်စည်များကို AQSIQ မှတ်ပုံတင်ထားသည့် မှတ်ပုံတင်ခွင့် အမြန်ဆုံးရရှိရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။

“ နိုင်ငံတိုင်းမှာ အကျိုးစီးပွား ဆိုတာရှိပါတယ်။ တရုတ်တစ်ခုတည်းကို ပြောချင်တာမဟုတ်ဘူး၊ ဥပမာ အမေရိကန်ဆိုလည်း သူ့အကျိုးစီးပွားမပါဘဲ ဘာမှလုပ်မှာ မဟုတ်ဘူး။ အခုဟာက တရုတ်နဲ့ မြန်မာကြားမှာဆိုရင် တရုတ်စီမံကိန်းတွေ မြန်မာမှာ အများကြီးပဲ။ လာလုပ်နေတာတွေရော လုပ်ဖို့ ပြင်ဆင်နေတာတွေရော။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံက ဘာကိုအသုံးချသင့်လဲဆိုရင် ကိုယ့်ဆီမှာ ရှိတဲ့အခွင့်အရေးပဲ။ အခု ဆန်တွေ နယ်စပ်မှာ ပိတ်မိနေတယ်။ ဟိုဘက်က ညစ်ရင်ညစ်သလောက် ကြာနေမယ့် သဘောပဲ။ ဒါကို ကျွန်တော်တို့ဘက်က ပြတ်ပြတ်သားသား ဆွေးနွေးရမယ်။ သေချာကိုင်တွယ်ရမယ်။ အခုဟာကဆွေးတော့ ဆွေးနွေးနေတယ်။ဆွေးနွေးတာသာ ပြီးသွားတယ်။ ကိစ္စကမပြတ်ဘူး” ဟု မြန်မာ့စီးပွားရေး လေ့လာနေသူတစ်ဦးက သုံးသပ်ခဲ့သည်။

မူဆယ်နယ်စပ်သည် မြန်မာနိုင်ငံ၏အကြီးဆုံးနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပြီး မြန်မာ့ပို့ကုန်အများစုကို မူဆယ်မှ တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။ ထို့အတွက် မူဆယ်နယ်စပ်မှ တရုတ်ဘက်သို့ ပို့ကုန်တင်ပို့မှုတွင် ဖြစ်ပေါ်နေသည့်ပြဿနာများ ဖြေရှင်းနိုင်ရန် မြန်မာဘက်ကလည်း တွန်းအားပေး၍ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်သည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံများစွာဖြင့် ဆောင်ရွက်မည့် စီမံကိန်းကြီးများစွာ ရှိနေသည်။

လက်ရှိအနေအထားသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် အများကြီးထား၍ မရသော အနေအထားတွင် ရှိနေသည်။ ကမ္ဘာ့စီးပွားရေးအပြောင်းအလဲ၊ ဒေသတွင်း အပြောင်းအလဲများအပြင် ပြည်တွင်းမှ ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ ရိုက်ခတ်မှုများကြောင့် အလားအလာ နည်းပါးနေသည့်ကာလတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု၊ ဂျပန်ရင်းနှီးမြှုပ်နှံမှု၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ အီးယူရင်းနှီးမြှုပ်နှံမှု ရွေးချယ်နိုင်သည့် အနေအထား မဟုတ်တော့ဘဲ ရလာသည့် ရင်းနှီးမြှုပ်နှံမှုကို စည်းကမ်းနှင့် စနစ်နှင့်၊ တာဝန်ယူမှုတာဝန်ခံမှုနှင့် တရားဥပဒေ စိုးမိုးမှုတို့နှင့်သာ ထိန်းချုပ်ရန်ရှိတော့ကြောင်း စီးပွားရေး အဝန်းအဝိုင်းမှ သုံးသပ်နေကြသည်။

Most Read

Most Recent