အစိုးရက ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် အခြေခံလူတန်းစား အိမ်ထောင်စု ငါးသန်းနီးပါး ကောက်ယူထားပြီး ပထမအကြိမ်ထောက်ပ့ံစဉ်က ကျန်ရှိခဲ့သူများအား ဦးစားပေးမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အစိုးရက ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် အခြေခံလူတန်းစား အိမ်ထောင်စု ငါးသန်းနီးပါး ကောက်ယူထားပြီး ပထမအကြိမ်ထောက်ပ့ံစဉ်က ကျန်ရှိခဲ့သူများအား ဦးစားပေးမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 30 May 2020
ပြည့်ဖြိုးအောင်

အစိုးရက ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် အခြေခံလူတန်းစားအိမ်ထောင်စု ငါးသန်းနီးပါးကောက်ယူထားပြီး ပထမအကြိမ် ထောက်ပ့ံစဉ်တွင် ကျန်ရှိခဲ့သူများကို ဦးစားပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

မေ ၃၀ ရက်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အခြေခံလူတန်းစားများကို အစိုးရထောက်ပ့ံမည့် အခြေအနေနှင့်ပတ်သက်ပြီး မီဒီယာများ၏မေးမြန်းမှုကို ဦးဇော်ဌေးက ယင်းကဲ့သို့  ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း အစိုးရက အခြေခံစားကုန်ငါးမျိုး အခြေခံလူတန်းစား အိမ်ထောင်စု လေးသန်းနီးပါးကို ထောက်ပံ့ခဲ့ပြီး အမှန်တကယ်အခြေခံလူတန်းစားအချို့ ကျန်ရှိခဲ့မှုများရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ ပြီးခဲ့တဲ့ ဧပြီလ မဟာသင်္ကြန် ရုံးပိတ်ရက်ကာလမှာ စားနပ်ရိက္ခာငါးမျိုး ထောက်ပံ့ခဲ့တယ်။ အောက်ခြေအထိ စာရင်းကောက်ယူပြီးတော့ ထောက်ပံ့တာဖြစ်ပါတယ်။ အဲဒီအပေါ်မှာလည်း ပြန်ပြီးတော့ သုံးသပ်ပါတယ်။ စုစုပေါင်း အခြေခံလူတန်းစားအိမ်ထောင်စုပေါင်း ၃ ဒသမ ၉၉သန်း ရှိတယ်။ လေးသန်းနီးပါး ရှိတယ်။ အဲဒီလေးသန်းနီးပါးကို ထောက်ပံ့ခဲ့တဲ့အနေအထားမှာ အသံတွေလည်း ပြန်ကြားတယ်။ တချို့လည်း ဗွီဒီယိုဖိုင်တွေ ပြန်မြင်ပါတယ်။ အခုတစ်ခါကျရင်တော့ ကျန်ခဲ့တဲ့သူတွေကို ပြီးခဲ့တဲ့သင်္ကြန်ကာလမှာ မရခဲ့ဘူး။ တကယ်အခြေခံလူတန်းစား အစစ်အမှန်ဖြစ်တယ်ဆိုတဲ့သူတွေ ဘာကြောင့်လဲဆိုတော့ EPC ကနေ ယူနစ် ၁၅၀ အောက် ကင်းလွတ်ခွင့်ပေးတဲ့အခါမှာ ၄ ဒသမ ၉၉ ကင်းလွတ်ခွင့်ပေးနိုင်တဲ့ အနေအထား တွေ့ရတယ်။ အဲဒီတော့ ကွာဟနေတယ်။ အခြေခံစားကုန် ငါးမျိုးထောက်ပံ့တဲ့အချိန်မှာ လေးသန်းနီးပါး၊ ယူနစ် ၁၅၀ အောက်သုံးခဲ့တဲ့ အိမ်ထောင်စု ငါးသန်းနီးပါးရှိတယ်။ အဲဒီကျတော့တစ်ချို့ကျန်ခဲ့တဲ့သူတွေ ရှိကောင်းရှိတယ်။ အဲဒါတွေကို ထွေအုပ်ကနေတစ်ဆင့် ကောက်ယူပါတယ်။ အရင်ပေးခဲ့တဲ့သူတွေ နှုန်းထားအတိုင်း ပေးဖို့ လူကြီးတွေ စီစဉ်နေတာရှိပါတယ်။ အဲဒီလိုပေးတဲ့အခါမှာ ရိက္ခာပေးမလား။ ရိက္ခာငါးမျိုးနဲ့ ညီမျှတဲ့ငွေကြေးကို ပေးမလားဆိုတာကို စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အခြေခံလူတန်းစားများကို အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပ့ံမည်ဖြစ်ပြီး ယခင်ရိက္ခာ ငါးမျိုးထောက်ပံ့မှုတန်ဖိုးထက် နှစ်ဆပိုထောက်ပံ့မည်ဖြစ်ကြောင်း ဦးဇော်ဌေးက မေ ၁၆ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

အခြေခံစားကုန်ရိက္ခာ ငါးမျိုးထောက်ပံ့စဉ်က သက်ဆိုင်ရာဒေသ တန်ဖိုးကျပ် ၁၂၀၀၀ မှ ကျပ် ၁၈၀၀၀ ခန့်အထိ ထောက်ပံ့ခဲ့သဖြင့် ယင်း၏ နှစ်ဆဖြစ်သော ငွေကျပ် သုံးသောင်းကျော်၊ လေးသောင်းခန့်အထိ ထောက်ပံ့ရန် စီစဉ်ထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဧပြီလ ရုံးပိတ်ရက်တွင် အစိုးရက အခြေခံလူတန်းစားများကို အိမ်ထောင်စုအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ထောက်ပံ့ခဲ့ရာတွင် ကျပ် ဘီလျံ ၅၀ ကုန်ကျခဲ့ပြီး လူဦးရေအနေဖြင့် လေးသန်းကျော်ကို ထောက်ပံ့ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent