၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် မတ်လတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ပြန်လည် ကျဆင်းလာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၁၁ လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၂၀ ပြည့်နှစ် ဧပြီတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၈၀ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် မတ်လရှိ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာခြင်း ဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည် မြင့်တက်ခဲ့ကာ မတ်နှင့် ဧပြီတွင် ပြန်လည်ကျဆင်းခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ တစ်နှစ် ပျမ်းမျှ ၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၅ ဒသမ ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၁၂ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့ကာ နေပြည်တော်တွင် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဧပြီလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၀ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် ၁ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် မတ်အထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၃၀ ရာခိုင်နှုန်း ကျဆင်းလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဖွ့ံဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။