လုပ်ခလစာ သက်သာခြင်း၊ သယ်ယူပို့ဆောင်ရေး အဆင်ပြေ ချောမွေ့လာခြင်းကြောင့် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၌ CMP လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးတက်လာမည်ဖြစ်ကြောင်း DICA ညွှန်ချုပ်ပြောကြား

လုပ်ခလစာ သက်သာခြင်း၊ သယ်ယူပို့ဆောင်ရေး အဆင်ပြေ ချောမွေ့လာခြင်းကြောင့် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၌ CMP လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးတက်လာမည်ဖြစ်ကြောင်း DICA ညွှန်ချုပ်ပြောကြား
 ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ CMP စနစ်ဖြင့် ဆောင်ရွက်နေသည့် အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ CMP စနစ်ဖြင့် ဆောင်ရွက်နေသည့် အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 27 May 2020

လုပ်ခလစာ သက်သာခြင်း၊ သယ်ယူပို့ဆောင်ရေး အဆင်ချောမွေ့လာခြင်းကြောင့် စက်မှုကဏ္ဍ၌ CMP လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် တိုးတက်လာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာနှင့် ဖြေကြားမှုတွင် ညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စက်မှုလုပ်ငန်းတွေက နိုင်ငံရဲ့လုပ်သားအင်အား များပြားခြင်း၊ လုပ်ခလစာ သက်သာခြင်း၊ ဝင်ထွက်သွားလာရန် ဆိပ်ကမ်း၊ လေကြောင်း၊ ကုန်းလမ်းနဲ့ မီးရထား စတဲ့သယ်ယူပို့ဆောင်မှုတွေ အဆင်ပြေတာ ဖြစ်တဲ့အတွက် စက်မှုလုပ်ငန်းတွေ ပိုများတာ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းမှာ CMP လုပ်ငန်းက ပိုများပါတယ်။ CMP လုပ်ငန်းတွေ ဆက်ပြီးတိုးတက်လာဦးမယ်လို့လည်း မျှော်မှန်းပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍသည် အများဆုံးဖြစ်သည်။ လျှပ်စစ်လုပ်ငန်းကဏ္ဍသည် ဒုတိယ အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍသည် တတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။ လက်ရှိအချိန်တွင်လည်း CMP ပို့ကုန်များမှာ  နှစ်စဉ်တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း အထည်ချုပ်ကဏ္ဍတွင် အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အစိုးရသစ် စတင်တာဝန်ယူချိန်၌ အထည်ချုပ် (CMP) ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်အကိုင် လေးသိန်းခန့် ဖန်တီးနိုင်ခဲ့သည်။

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်း (CMP) ထုတ်လုပ်မှုတန်ဖိုးသည် ၁၀ ဆတိုးတက်လာပြီး ယခုအစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန် လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းလျာထားချက်မှာ ဒေါ်လာ ၅ ဒမသ ၈ ဘီလျံဖြစ်သည်။ လက်ရှိအချိန်အထိ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၅ ဒသမ ၁၆၇ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၀၀ နီးပါးအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

Most Read

Most Recent